မျက်နှာကြော တည့်ကြပါစေ

ထိုအတိုင်း အနည်းဆုံး ၈ ညဆက်တိုက် ဆောင်ရွက်ခြင်းအားဖြင့် မျက်နှာကြောမတည့်သူများ အဆင်ပြေအိုကေသွားလိမ့်ဖြစ်ကြောင်း…

ကိုယ့်မိသားစုထဲမှာ၊ လုပ်ငန်းခွင်ထဲမှာ မျက်နှာကြောမတည့်ခြင်းဆိုသောကိစ္စ အနည်းနှင့်အများ ရှိတတ်ကြပါသည်။ မျက်နှာကြောမတည့်ခြင်းဆိုသော ကိစ္စမှာလည်း အလွန်ဆန်းလှသည်။ ဘာကြောင့် မတည့်တာလဲဟုမမေးနှင့်။ အဖြေမှာ မတည့်ချင်လို့ကို မတည့်တာဟူ၍ ထွက်လာပါတော့သည်။

တစ်ယောက်နဲ့တစ်ယောက် မျက်နှာကြော မတည့်ကြဘူးဟုဆိုလျှင် ထိုသူဘာပဲလုပ်လုပ် မကြည့်နိုင် မမြင်နိုင် မကြားနိုင် ဖြစ်ကြရလေတော့သည်။ မျက်နှာကြောမတည့်ပြီး ဒီအတိုင်း ပြီးသွားလျှင်တော့ ကိစ္စမရှိ။ အိမ်တွင်းရေးနှင့် အလုပ်ကိစ္စများကို ထိခိုက်လာလျှင်တော့ ကိစ္စက ကြီးသွားပြီ ဖြစ်ပေတော့သည်။ အကယ်၍ သင်သည် မိမိ၏မိသားစုအတွင်း၌ သော်လည်းကောင်း၊ လုပ်ငန်းခွင်အတွင်း၌ သော်လည်းကောင်း မျက်နှာကြောမတည့်သူ ရှိလာခဲ့ငြားအံ့… ဤသို့ ဆောင်ရွက်စေလိုပါသည်။

လူကြီးသူမများ အသုံးပြုလေ့ရှိသည့် ဘုလေးနှစ်ဘုပါသော အနှိပ်သည်ဘုဆိုသည်ကို တွေ့ဖူးကြပါလိမ့်မည်။ သစ်သားဖြင့် ပြုလုပ်ထားသော ဘုတုံးကလေးဖြစ်ပါသည်။ ထိုဘုတုံးကလေးတစ်ဖက်စီပေါ်တွင် မျက်နှာ ကြောမတည့်ဖြစ်နေသူနှစ်ဦး၏ ဓာတ်ပုံတစ်ပုံစီကို ကပ်ပါ။ ဓာတ်ပုံအခက်အခဲရှိလျှင် ဘုတစ်ဘုစီပေါ်၌ အမည်များရေးပါ။

ကြွေပန်းကန်ပြားတစ်ချပ်အောက်မှခံပြီး ထိုဘုများ၏ထိပ်ပေါ်တွင် ဖယောင်းတိုင် တစ်တိုင်စီ ထွန်းညှိကာ အချင်းချင်း နားလည်မှုရ၍ သင့်မြတ်ပြေလည် သွားစေရန် ဆုတောင်းပါ။

ထိုအတိုင်း အနည်းဆုံး ၈ ညဆက်တိုက် ဆောင်ရွက်ခြင်းအားဖြင့် မျက်နှာကြောမတည့်သူများ အဆင်ပြေအိုကေသွားလိမ့်ဖြစ်ကြောင်း ရေးသားလိုက်ရပါသတည်း။ ။

အာကာမိုး(လှိုင်)