ရိုစီမပြောပြတဲ့ လူမမာများ ဝမ်းသာစရာ အတည် ရိုစီမ လာပါပြီ

မိုးဖွဲဖွဲရွာနေသော ညနေစောင်းတစ်ခု၌ ကျွန်ုပ်သည် ခွေးခြေခုံလေးတစ်လုံးပေါ်တွင် ထိုင်၍ လမ်းမဘက်ဆီသို့ အဓိပ္ပာယ်မဲ့ ငေးမောနေမိလေ၏။ ထိုအချိန်၌မှာပင် ကျွန်ုပ်၏ အခန်းဝသို့ ရိုစီမဟူသော အူကြောင်ကြောင် ကျပ်မပြည့်သည့် မိန်းကလေးတစ်ဦး ရောက်လာလေတော့၏။

“မိုးထဲရေထဲ ဘယ်လိုဖြစ်လာတာလဲ မနှင်းဆီ” ဟု ကျွန်ုပ်က ဆီးကြိုနှုတ်ဆက်လိုက်လျှင် ရိုစီမလေးသည် နှုတ်ခမ်းကိုစူ၍ ခြေကိုဆောင့်လေ၏။ ရိုစီမလေး၏ အမည်ရင်းမှာ မနှင်းဆီဟူ၍ ဖြစ်၏။ သို့ရာတွင် လူမှန်းသိတတ်စအရွယ်မှစ၍ ၎င်းအား မနှင်းဆီဟု လှမ်းခေါ်လျှင် မထူးပေ။ ရိုစီမဟုခေါ်မှသာ ထူးလေ၏။ ဤသို့ဖြင့် ဤသူငယ်မလေး၏မည်တွင်သညာ ခေါ်စရာကား ရိုစီမဟူ၍ ဖြစ်ခဲ့ရလေတော့၏။

၎င်းသည် သူ့ကိုယ်သူ မျက်နှာဖြူမဝင်စားသူဟု အထင်ရောက်နေ၏။ ထို့ကြောင့် စကားပြောလျှင် အင်္ဂလိပ်လို အပြောများ၏။ မြန်မာလို ပြောခဲ၏။ ထိုအမူအကျင့်သည် သူငယ်နှပ်စားဘဝက ချစ်ဖွယ် ရာဖြစ်ခဲ့သော်လည်း ကျောင်းနေချိန်သို့ ရောက်သောအခါ၌မူ အများ၏ အမြင်ကပ်ဖွယ်၊ နားကြားပြင်းကပ်ဖွယ် ဖြစ်ခဲ့ရလေတော့၏။ ကျောင်းတွင် မြန်မာ့ပညာရေးကို အထင်မကြီးဟူ၍ မကြာခဏ စကားကြီး စကားကျယ်ပြောရာမှ ဆရာမနှင့် ပြဿနာဖြစ်လေတော့၏။ နောက်ဆုံးတွင် ကျန်းမာရေး မပြည့်စုံ ဟုဆိုကာ ကျောင်းမှ ထွက်လိုက်ရလေတော့၏။ ဤသို့ဖြင့် မြန်မာပညာရေးကို အထင်မကြီးသော ရိုစီမလေးသည် မြန်မာစာလည်း ကောင်းကောင်းမတတ်၊  အတွက်အချက်လည်း မကျွမ်းကျင်၊ ရာဇဝင်ကို လည်း မတီးတတ်မခေါက်မိ၊ ပထဝီဆိုသည်ကိုလည်း မသိ၊ သိပ္ပံနှင့်လည်း ဝေလာဝေးကာ ဒုတိယတန်း နှစ်မှာပင် လေလွင့်ရွက်ဝါ ဖြစ်ခဲ့ရရှာလေတော့၏။

သို့ရာတွင် မည်သို့ဖြစ်သည်မသိ၊ အနှီ ရိုစီမလေးသည် တစ်ခါတစ်ရံများ၌ အင်္ဂလိပ်မကြီးတစ်ဦးအလား အင်္ဂလိပ်စကားကို ဒိုးဒိုးဒေါက်ဒေါက်ပြောလေ့ရှိ၏။ များသောအားဖြင့် ၎င်းပါးစပ်မှ ပေါက် တတ်ကရ ပြောနေသည်များကို မည်သူကမျှ အရေးတယူလုပ်၍ နားထောင်ခြင်းမရှိဘဲ မောင်းထုတ် လိုက်ကြသည်ချည်းသာ ဖြစ်လေတော့၏။

ဤသို့ဖြင့် ရိုစီမဟူသော တက်မရှိသည့် လှေငယ်ကလေးသည် ကျွန်ုပ်တည်းဟူသော သာလာယံ ဆိပ်ကမ်းဆီသို့ မကြာခဏဆိုက်ရောက်လာခြင်း ဖြစ်လေတော့၏။ ကျွန်ုပ်ကလည်း ၎င်းအား အစဉ်သနားသည်ကို အကြောင်းပြု၍ လက်ဖက်ရည်တိုက်ခြင်း၊ လမ်းစရိတ် မုန့်ဖိုးပဲဖိုးပေးခြင်းများ ပြုလုပ်မိလေ၏။

ရိုစီမကလည်း အာဂ ရိုစီမဖြစ်၏။ ကျွန်ုပ်ထံသို့ လက်ချည်းဗလာ မလာတတ်ပေ။ စားစရာ တစ်စုံတစ်ခု လက်ဆောင်ယူလာစမြဲဖြစ်၏။ နောက်ပိုင်းတွင် ကျွန်ုပ်ရိပ်စားမိသည်မှာ ကျွန်ုပ်က ပေးလိုက်သော မုန့်ဖိုးပဲဖိုးဖြင့် စားစရာတစ်ခုဝယ်၏။ ထိုတစ်ခုဖြင့် အခြားတစ်ယောက်ထံသွား၏။ ထိုတစ်ယောက်က ငှက်ပျောတစ်ဖီး ပြန်ပေးလိုက်သည် ဆိုပါစို့။ နောက်တစ်ဦးထံသို့ ထိုငှက်ပျောဖီးကို ယူသွား၏။ ထိုနောက် တစ်ဦးက ကိတ်မုန့်တစ်ဘူးပေးလိုက်သောအခါ ထိုမုန့်ဘူးကို နောက်ထပ် နောက်တစ်ဦးထံသို့ ယူသွားပြန်၏။ ဤသို့ဖြင့်ပင် ရိုစီမသည် ဘာဒါစစ္စတန်ဖြင့် အဟုတ်ကြီး ဟုတ်နေလေတော့၏။

မျက်နှာဖြူစိတ်ပေါက်နေသော ရိုစီမသည် ၎င်းအား မနှင်းဆီဟုခေါ်လျှင် လွန်စွာ စိတ်ဆိုး၏။ ယခုလည်း ကျွန်ုပ်က အပျင်းပြေ စလိုက်ရာ ရိုစီမသည် နှုတ်ခမ်းကိုစူ၍ ခြေကိုဆောင့်ခြင်းဖြစ်လေတော့၏။ ချက်ချင်းပြန်၍ လှည့်ထွက်သွား၏။ ကျွန်ုပ်လည်း နောက်မှနေ၍ အတင်းလိုက်ပြီး ဆွဲထားရလေ၏။

“နေစမ်းပါဦး ရိုစီမရယ် …ပျင်းလွန်းလို့ တမင် စလိုက်တာပါ။ အလကား စတာကို နင်က တကယ် စိတ်ဆိုးရသလား ခွေးကောင်မရဲ့”ဟု ကျွန်ုပ်က ပြောလိုက်လျှင် ရိုစီမက ခါးကိုထောက်၍-

“စိတ်ဆိုးပါတယ်ဆိုမှ တကယ်ဆိုးတာပေါ့။ စိတ်ဆိုးတယ်ဆိုတာ ဒေါသထွက်တာလေ။ ဒေါသဆိုတာ မီးလိုပဲတဲ့။ မီးဆိုတာ တကယ် မပူတဲ့မီး၊ တကယ်ပူတဲ့မီးရယ်လို့ ကွဲပြားသလား၊ ဘယ်မီးဖြစ်ဖြစ် တကယ်ပူတာချည်းပဲ။ အဲဒီတော့ ဒေါသထွက် စိတ်ဆိုးတာလည်း တကယ်ပဲပေါ့”ဟု ပြန်၍ တုံ့ပြန်လိုက်လေ၏။ ထိုအခါ ကျွန်ုပ်က အနီးရှိ ခွေးခြေတစ်လုံးကို ဆွဲယူ၍ ရိုစီမအား လှမ်းပေးလိုက်ရင်း –

“ကဲပါ ရိုစီမရယ် …ကျုပ် တောင်းပန်ပါတယ်။ နေမကောင်းလို့ ငေါင်ငေါင်ကြီးဖြစ်ပြီး ဘာအလုပ်မှမလုပ်ဘဲ ဒီရှေ့ကို ထွက်ပြီးထိုင်နေတာ။ လူဆိုတာ နေမကောင်းပြီဆိုတာနဲ့ အားငယ်တော့တာပဲ။ အဲဒီထဲမှာ ငါကတော့ အဆိုးဆုံးဖြစ်မယ် ထင်တယ်။

လက်ကို အပ်ကလေးစူးမိတာနဲ့ မေးခိုင်ပိုးဝင်ပြီး သေသွားနိုင်တယ်ဆိုပြီး တွေးတော့တာပဲ။ သွားတစ်ချောင်း နာနေတာ အစာကောင်းကောင်း မစားနိုင်တာနဲ့ပဲ ငါတော့ အားပြတ်ပြီး သေတော့မှာပဲလို့ တွေးတော့တာပဲ။ အခုလည်း သိပ်ပြီး နေမကောင်းလို့ အရမ်းအားငယ်တယ် ရိုစီမရယ်၊

အဲဒီတော့ ငါ့ကိုအားပေးစမ်းဟာ … အားပေးတာလည်း ဒီ့ပြင်ဟာတွေ သိပ်ပြီးမပြောနဲ့။ ငါ ဘယ်လောက်တော်ကြောင်း၊ ငါဘယ်လောက်ကောင်းကြောင်း အဲဒါတွေလျှောက်ပြီး ပြောစမ်းဟာ။ ဟုတ် တာထက်ပိုပြီး သာသာထိုးထိုးလေး ပြောစမ်းဟာ” ဟု ကျွန်ုပ်က ပြောလိုက်လျှင် ရိုစီမလည်း သဘောကျစွာဖြင့် တခစ်ခစ်ရယ်လေ၏။ ထို့နောက် –

“ပြောမယ် ပြောမယ် အဲဒီစကားမျိုးက အန္တရာယ်ကင်းတာပေါ့။ ဆရာတော်ကြောင်း၊ ကောင်းကြောင်းအပြင် ဆရာ့ကို မနာလိုလို့ သားပုပ်လေလွင့်ပြောတဲ့ မိန်းမကြီးတစ်ယောက် လေဖြတ်သွားပြီး ပါးတစ်ခြမ်းရွှဲ့သွားတဲ့ အကြောင်းကိုလည်း အားရပါးရ မြိန်ရေရှက်ရေပြောမယ်။ ပြီးတော့ အရက် လုံးဝမသောက်တတ်တဲ့ ဆရာ့ကို ငမူးငကြောင်လို့ပြောတဲ့ ဟိုဗေဒင်ဆရာတစ်ယောက်   ကားလမ်းဖြတ်ကူးရင်း ကားတိုက်ခံရလို့ ခြေထောက်နှစ်ချောင်း ဖြတ်လိုက်ရတဲ့ အကြောင်းကိုလည်း မစားရဝခမန်း ပြောပြမယ်” ဟု ပြောပြန်ရာ ကျွန်ုပ်လည်း သဘောကျစွာဖြင့် တခစ်ခစ် ရယ်ရသေးတော့၏။ ထို့နောက်တွင်မှ ရိုစီမက –

“ဆရာကလည်း ဂမ္ဘီရဆရာကြီးတစ်ယောက်လုပ်နေပြီး ရောဂါဝေဒနာသက်သာစေတဲ့ အစီအရင်လေးတွေလောက်တော့ သိထားသင့်တာပေါ့။ သိထားတဲ့အပြင် ကိုယ်တိုင်လည်း လက်တွေ့ အသုံးချသင့်တာပေါ့” ဟု ပြောလျှင် ကျွန်ုပ်က –

“ဘယ်လို ဘယ်လို ရိုစီမရဲ့ ရောဂါဝေဒနာ သက်သာစေတဲ့ အစီအရင်ဟုတ်လား။ ကြားဖူးသ ယောင်ယောင်ရှိပေမယ့် မသိတာတော့ အမှန်ပါပဲ ဆရာမကြီးရယ်၊ ကျွန်တော်မျိုးကြီးကို အစဉ်သနား သည်ကို အကြောင်းပြုပြီး ပြောပြစမ်းပါဦး”ဟု ပြန်၍ ပြောလိုက်ရလေ၏။ ထိုအချိန်၌မှာပင် ရိုစီမ၏ မျက်နှာသည် သိသိသာသာ တည်ငြိမ်သွား၏။ မချိုမချဉ် ကလေးမကလေးတစ်ဦး၏ မျက်နှာပုံစံမျိုးမှသည် မူလတန်းကျောင်းအုပ် ဆရာမကြီး တစ်ဦး အလား ချက်ချင်းပင် ပြောင်းသွားလေ၏။ ထို့နောက် ၎င်း၏ပါးစပ်မှ အင်္ဂလိပ်စကားများ တတွတ်တွတ် ထွက်အံကျလာပါလေတော့၏။ ဆယ်မိနစ်ခန့် အကြာတွင်မှ ရပ်သွား၏။ ထိုအခါ ကျွန်ုပ်က –

“နင် ဘာတွေလျှောက်ပြောနေတာလဲ။ ငါ့ကို အင်္ဂလိပ်လို လာမပြောနဲ့။ အေဆိုတာ လှည်းဒေါက်ခွ၊ ဘီဆိုတာ အနှိပ်သည်ဘု၊ အိပ်ချ်ဆိုတာက လှေကား၊ ဝိုင်ဆိုတာ လောက်လေးခွ ဆိုတာလောက်ကလွဲပြီး ငါက သိတာမဟုတ်ဘူး”ဟု ပြောလိုက်လျှင် ရိုစီမလည်း တခစ်ခစ် ရယ်လေ၏။ ထို့နောက်တွင်မှ အောက်ပါအတိုင်း ကျွန်ုပ်နားလည်သော မြန်မာစကားဖြင့် ပြန်ပြောပြလေ၏။

“ကမ္ဘာ့ဂမ္ဘီရပညာရှင်ကြီးတွေက ဟိုးရာစုနှစ်ပေါင်းများစွာကတည်းက ဂြိုဟ်တွေရဲ့ သင်္ကေတတွေမှာ စကြဝဠာစွမ်းရည်တွေ ကိန်းအောင်းနေတယ်ဆိုတာ သိမြင်ခဲ့ကြတယ်။ အဲဒီဂြိုဟ်သင်္ကေတတွေဟာလည်း ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုစေတယ်ဆိုတာ လက်တွေ့ဖော်ထုတ်ခဲ့ကြသည်။

တစ်ခု အထင်မလွဲလိုက်နဲ့ဦးနော်။ ဒီနည်းဟာ ဆေးကုတာ မဟုတ်ဘူး။ ဆေးပညာနဲ့ မဆိုင် ဘူးနော်။ ရောဂါဖြစ်လာရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့၊ ဆေးပညာနဲ့တော့ ကုသရမှာပဲ။ အခု ပြောမယ့်နည်းက ဂမ္ဘီရစွမ်းရည်နဲ့ အထောက်အပံ့နဲ့ ရောဂါဝေဒနာတွေ ပိုပြီး မြန်မြန်ဆန်ဆန် သက်သာပျောက်ကင်းစေတဲ့နည်း။

ဆိုကြပါစို့ …နောက်ကျောတို့ နံဘေးတို့နဲ့ပတ်သက်တဲ့ ဝေဒနာခံစားနေရတယ်ဆိုရင် ညောင်ပင်ကြီးကြီး တစ်ပင်ကိုသွားပြီး ညောင်ရွက်ကလေးတစ်ရွက်ခူးရမယ်။ အဲဒီညောင်ရွက်ပေါ်မှာ တနင်္ဂနွေဂြိုဟ်ရဲ့ သင်္ကေတတံဆိပ်အဝိုင်းကလေးကို ရေးရမယ်။ အဲဒီညောင်ရွက်ကလေးကို အမည်းရောင် စက္ကူအိတ်၊ ဒါမှမဟုတ် အဝတ်အိတ်လေးထဲမှာ ထည့်ပြီး ကိုယ့်ရဲ့ အင်္ကျီအိတ်ကပ်မှာ ထည့်ထားရမယ်။ ဒါမှမဟုတ် လည်ပင်းမှာ ဆွဲထားတာတို့၊ အဆောင်လက်ဖွဲ့တွေ လက်မောင်းမှာချည်သလိုမျိုး ချည်ထားတာတို့ လုပ်ရမယ်။

အဲဒါကို တစ်ပတ်တိတိ ဆောင်ထားရမယ်။ ဒါဆိုရင် နောက်ကျောတို့၊ နံဘေးတို့နဲ့ပတ်သက် တဲ့ဝေဒနာတွေ ဆေးကုသခံရာမှာ ဆေးစွမ်းထက်ပြီး အလျင်အမြန် ပျောက်ကင်းချမ်းသာရာ ရလိမ့်မယ်”ဟု ရိုစီမက ရှင်းပြလေ၏။

“အတော်စိတ်ဝင်စားဖို့ကောင်းတာပဲ။ ဘာလို့လဲဆိုတော့ မသိဘူး။ အဲဒီနည်းဟာ အတော့်ကို အစွမ်းထက်လိမ့်မယ်ဆိုတာ ငါ့ရဲ့ မသိစိတ်ထဲက ယုံသွားတယ်။ ဆက်ပြောစမ်းပါဦး”ဟု ကျွန်ုပ်က သိလိုစိတ် ထက်သန်စွာဖြင့် တိုက်တွန်းရလေ၏။ ထိုအခါ ရိုစီမက ဆက်လက်၍ –

“အစာအိမ်တို့ ဝမ်းဗိုက်ပိုင်းတို့ ပတ်သက် တဲ့ ရောဂါဝေဒနာတွေဆိုရင် ညောင်ရွက်ပေါ်မှာ တနင်္လာဂြိုဟ်ရဲ့ သင်္ကေတကို ရေးရမယ်။

ထိခိုက်ရှနာတို့ ရုတ်တရက်အန္တရာယ်ကြုံတာ တို့၊ မီးလောင်မှု၊ ပေါက်ကွဲမှု၊ လျှပ်စစ်နဲ့ ပတ်သက် တဲ့ ရောဂါဝေဒနာတွေမှာတော့ အင်္ဂါဂြိုဟ်ရဲ့ သင်္ကေတကို သုံးရမယ်။

သွေးကြောတို့၊ လေကြောတို့၊ ရင်ညွန့်တို့၊ အရှိုက်တို့၊ နှလုံးတို့၊ လက်မောင်းတို့၊ လက်တို့နဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာဆိုရင်တော့ ဗုဒ္ဓဟူးဂြိုဟ် သင်္ကေတကို သုံးရမယ်။

ပေါင်တို့၊ တံခေါက်ကြောတို့၊ ခြေကျင်းဝတ်၊ ခြေထောက်ပိုင်းတို့ လမ်းမလျှောက်နိုင်တာတို့နဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာတွေဆိုရင်တော့ ကြာသ ပတေးဂြိုဟ်သင်္ကေတကို သုံးရမယ်။

ခါးတို့၊ တင်ပါးတို့၊ လိပ်ခေါင်းတို့၊ လည်မြို တို့နဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာတွေဆိုရင်တော့ သောကြာဂြိုဟ်သင်္ကေတကို သုံးရမယ်။

ဒူးတို့၊ သွားတို့၊ အရိုးအဆစ်နဲ့ပတ်သက်လာ ရင်တော့ စနေဂြိုဟ်သင်္ကေတကို သုံးရမယ်”ဟု တစ်ခုချင်း စိတ်ရှည်လက်ရှည် ရှင်းပြလေ၏။ ကျွန်ုပ်လည်း ခေါင်းတဆတ်ဆတ်ညိတ်၍ နားထောင်မှတ်သားနေရာမှ –

“အဲဒီသက်ဆိုင်ရာ ဂြိုဟ်သင်္ကေတတွေကို ညောင်ရွက်မှာရေး အိတ်အနက်ကလေးမှာထည့်ပြီး တစ်ပတ်ဆောင်ထား၊ ပြီးတော့ ဘာလုပ်ရမှာလဲ ရိုစီမရဲ့… လင်းစမ်းပါဦး”ဟု တိုက်တွန်းလိုက်လျှင် ရိုစီမက –

“တစ်ပတ်ပြည့်ပြီးတဲ့နောက်မှာတော့ အဲဒီ ညောင်ရွက်ကလေးကို မီးရှို့ပစ်ရမယ်။ ရှို့တဲ့အခါမှာ နံ့သာဖြူသားတို့၊ ကရမက်သားတို့၊ သနပ်ခါးတုံး တို့ကို ပါးပါးလေးလွှာ၊ မီးရှို့ပြီး အဲဒီမီးပုံပေါ်မှာ တင် ပြီး ရှို့လိုက်ရင် အကောင်းဆုံးပဲ၊ မီးခိုးငွေ့လေးတွေ မိုးကောင်းကင်ဆီကို တလူလူ တက်သွားတာကို ကြည့်ရင်း ကိုယ့်ရဲ့ ရောဂါဝေဒနာတွေလည်း လွင့်ပါးပြေပျောက်သွားပါစေလို့ ဆုတောင်းရမယ်”ဟု ပြောပြလေ၏။ ကျွန်ုပ်လည်း ရိုစီမပြောပြသမျှကို နားထောင်ရုံမျှသာမက အလေးအနက် ဆင်ခြင်သုံးသပ်မိလေ၏။ ထို့နောက် –

“အခု နင်ပြောတဲ့နည်းဟာ ခုနစ်ရက် သားသမီးတွေအတွက် ကိုယ်ရောစိတ်ပါ ကျမ်းမာချမ်းသာဖို့ အများကြီး အထောက်အကူပြုမှာပါ။ နင်ကုသိုလ်တွေ အများကြီးရမှာပါ။ ဒီဘဝက သေရင် နတ်ပြည်မှာ နတ်သားလေးတွေ တစ်ဖက်ငါးရာ နဲ့ အကျအန စံစားရမှာပါ” ဟု ပြောလိုက်လျှင် ရိုစီမလည်း “အောင်မလေးတော် အိုးမိုင်ဂေါ့ဒ်” ဟု    ရေရွတ်ရင်း ရင်ဘတ်ကို ဖိလေ၏။ ထို့နောက် ကျွန်ုပ်လည်း ရိုစီမအား ကျေးဇူးတုံ့ပြန်သည့်အနေနှင့် ကျွန်ုပ်တဲရော့ဟောရာတွင် အသုံးပြုသော သုံးကာစ ရေမွှေးပုလင်းကလေးအား လက်ဆောင် အဖြစ် ပေးလိုက်ရပါလေတော့သတည်း။