ရိုစီမပြောပြတဲ့ လေရှူနည်း

တစ်နေ့သ၌ လှိုင်မြို့နယ် ဘူတာရုံလမ်း မှတ်တိုင်အနီး၊ အေးရိပ်မွန် ၁ လမ်းတွင်ရှိသော ကျွနု်ပ်၏ ဗေဒင်လက္ခဏာ ဟောခန်းကလေးအတွင်းဝယ် ကျွနု်ပ်သည် ဂျာနယ်တစ်စောင်အတွက် စာမူတစ်ပုဒ်ကို အသည်းအသန် ချွေးတလုံးလုံးဖြင့် ရေးသားနေရလေ၏။
.
အဘယ်ကြောင့်စာမူကို အေးအေးလူလူမရေးဘဲ အသည်းအသန်ရေးနေရသနည်းဟု မေးဖွယ်ရာ ရှိပေသည်။

ကျွနု်ပ်၏ဆရာကြီး အဘမင်းသိင်္ခသည် စာရေးသောအခါ၌ ပါးစပ်မှ ခေါ်ပေးလေ့ရှိ၏။
လက်ရေးလက်သား သွက်လက်သပ်ရပ်သော တပည့်တစ်ဦးဦးက နောက်မှလိုက်ပြီး ရေးပေးရ၏။
.
ကျွနု်ပ်သည် အဘရေးခဲ့သော စာမူပေါင်းများစွာကို လိုက်ရေးပေးခဲ့ရသော အတွေ့အကြုံရှိ၏။ သို့ဖြစ်ရာ အဘရေးသော ဟန်၊ အဘ၏လေသည် ကျွနု်ပ်၏ နားစည်မှသည် နှလုံးအိမ်သို့တိုင် စွဲထင်လျက် ရှိလေတော့၏။ အဘ၏ တွေးပုံတွေးနည်း အငွေ့အသက်တို့သည်လည်း
ကျွနု်ပ်၌ မသိမသာဆိုသလို စွဲငြိလာရလေတော့၏။
.
ပမာဆိုရလျှင် အဘသည် သင်းပျံ့မွှေးကြိုင်သော တောင်ဇလပ်ပန်းဖြစ်၏။ ကျွနု်ပ်ကမူ ပန်းကို ထုပ်သော ဖက်မျှသာ ဖြစ်၏။ ဖက်သည် မမွှေးပေ …။ သို့ရာတွင် ပန်းကို ထုပ်ထားလိုက်သောအခါ၌ ဖက်တွင် ပန်း၏ရနံ့လေးသည် မသိမသာကလေး စွဲကပ်သွားလေတော့၏။
.
ကျွနု်ပ်သည်လည်း အဘ မင်းသိင်္ခကို ကိုယ်ရောစိတ်ပါ တွယ်ဖက် မှီခိုထားသူတစ်ဦးဖြစ်သောကြောင့် နဂိုမူလက ဘာရနံ့မျှ မရှိခဲ့သောကျွနု်ပ်သည် ကာလအတန်ကြာသောအခါ၌ အဘ၏ ရနံ့ကလေး မသိမသာ စွဲကပ်လာလေသည်ထင့် ….။
.

ထို့ကြောင့် ကျွနု်ပ်စာရေးသောအခါ၌လည်း လက်ဖြင့် ချရေးရခြင်းကို အားမရချင်တော့ပေ။
ကလေးတစ်ယောက်ယောက်ကို မုန့်ဖိုးပေး၍ နောက်မှ လိုက်အရေးခိုင်းရလေ၏။
.
ထို့နောက်တွင်မှ ကွန်ပျူတာဆိုသောပစ္စည်း တွင်တွင်ကျယ်ကျယ် ဖြစ်လာသောအခါ ကျွနု်ပ်သည် ပေါချောင်ကောင်းရသည့် ကွန်ပျူတာလေးတစ်လုံးကို ဝယ်ယူလိုက်လေ၏။ ပေါချောင်ကောင်းဟုသာ ဆိုရသော်ငြားလည်း ကျွနု်ပ်သည် ကွန်ပျူတာဆိုသောအရာကို နာမည်ကလေး ခေါ်တတ်ရုံမျှလွဲ၍ ဘာမျှမသိရှာပါ။ အထဲတွင် ဘာတွေပါသနည်း၊ အဟောင်းလော၊ အသစ်လော၊ အကောင်းလော၊ အဆိုးလော ကျွနု်ပ်လုံးဝမသိနိုင်ပါ။

ထို့ကြောင့် ပေါချောင်ကောင်း မဟုတ်ဘဲ ပေါချောင်ဆိုးကြီးလည်း ဖြစ်နေနိုင်ပေသည်။ ကလေးများ ပြောသလိုဆိုလျှင် အမှန်အကန် မဟုတ်ဘဲ အင်မှန်အင်ကန်ကြီးဖြစ်နေနိုင်ပေသည်။
.
မည်သို့ပင်ဖြစ်စေကာမူ ကျွနု်ပ်သည် ကွန်ပျူတာဆိုသော ပစ္စည်းတစ်ခုကို စွန့်စွန့်စားစား၊ သို့မဟုတ် မိုက်မိုက်မဲမဲ ဝယ်ယူခဲ့ပြီဖြစ်၏။

ရှေးလူကြီး သူမတို့က “မြင်းစီးပြီး အထီးမှန်း အမမှန်းမသိ” ဟု ဆိုမိန့်ခဲ့ကြဖူး၏။ ကျွနု်ပ်၏ အဖြစ်ကား ထိုထက်ပင်ဆိုးပေတော့မည်။ ကွန်ပျူတာဆိုသည်မှာ အထီးလော၊ အမလော ကျွနု်ပ်မသိပါ။ ရေသတ္တဝါလော၊ ကုန်းသတ္တဝါလော ကျွနု်ပ်မသိပါ။ အရွက်စား သတ္တဝါလော၊ အသီးစားသတ္တဝါလော ကျွနု်ပ်မသိပါ။

ကျွနု်ပ် ဘာမျှ မသိ မတတ်သောကြောင့် ကျွနု်ပ်၏ ညီတော်မောင်တစ်ဦးက လာ၍ ကူညီပေး၏။
ကျွနု်ပ်က စာရေးသောအခါ ပါးစပ်မှခေါ်ပေး၏။ ၎င်းက ကွန်ပျူတာဖြင့် နောက်မှလိုက်၍ ရိုက်၏။ တော်တော်တော့ ဟုတ်နေပေပြီ။ သို့ရာတွင် မဟုတ်သော ကိစ္စများလည်း တအုပ်တမကြီးပင် …။

မမ်မိုရီက ဘာဖြစ်လို့တဲ့၊ စီဒီရိုက်ဒါက ဘာဖြစ်ပြန်ပြီတဲ့၊ ဟတ်ဒစ် ဘာဖြစ်သွားလို့တဲ့၊ မောက်စ် မကောင်းဘူး။ ကီးဘုတ်က ကြောင်နေပြီတဲ့။ မော်နီတာ လဲရမယ်တဲ့၊ ဝမ်းတူးအိတ်နဲ့ တူးဖိုက်စစ် တော် တော်ကွာတယ်တဲ့၊ ပြီးတော့ရှိသေးတယ်။ ပီသရီးတဲ့၊ ပီဖိုးတဲ့ ဘာတစ်ခုမျှ ကျွနု်ပ်မသိ ရိုးအမှန် ဖြစ်ပေတော့၏။

ယခုလည်း ဂျာနယ်အတွက် အရေးကြီး၍ စာရေးနေစဉ် စက်သည် ကောင်းကောင်း အလုပ်မလုပ်ဘဲ ဖြစ်နေ၏။ စက်လေးသည်ဆိုလား ဘာဆိုလားမသိ၊ ဗိုင်းရပ်စ်ဆိုလား ဘာဆိုလားမသိ …။

ကျွနု်ပ် အနေနှင့်သာဆိုလျှင် ကွန်ပျူတာကို ပိုးသတ်ဆေး တိုက်ရန်သာ ရှိပေတော့သည်။ သို့ရာတွင် ထိုသို့ လုပ်၍လည်း မဖြစ်နိုင်ရကား … ထိုစက် ထော့နင်းထော့နင်းနှင့်ပင် စာမူကို မပြီးပြီးအောင် သည်းကြီးမဲကြီး မနည်းသည်းခံ၍ ရေးနေရလေတော့၏။
.
ထို့ကြောင့် ကျွနု်ပ် စာရေးသည်မှာ စာရေးသည်နှင့် မတူဘဲ ချွေးတလုံးလုံးနှင့် ရှိလေတော့၏။
အရပ်ထဲက ကလေးများပြောသလို ပြောရလျှင် နွားသတ်နေသကဲ့သို့ ဖြစ်လေတော့၏။
.
ဤသို့လျှင် ကျွနု်ပ်သည် နွားသတ်သမားတစ်ဦးပမာ စာမူတစ်ပုဒ်ကို အသည်းအသန်ရေးနေလေ၏။
.
ထိုအချိန်၌မှာပင် ရိုစီမဟူသော အူကြောင်ကြောင် ကျပ်မပြည့်သည့် မိန်းကလေးတစ်ဦး ကျွနု်ပ်ထံ ရောက်လာလေတော့၏။
.
၎င်း ရိုစီမသည် မျက်နှာဖြူမတစ်ဦး ခွေးရူးကိုက်၍ သေလွန်ခဲ့ရာမှ ပြန်ပြီး ဝင်စားသူ လူဝင်စားဟူ၍ ၎င်းကိုယ်၎င်း အထင်ရောက်နေသူတစ်ဦးဖြစ်၏။
.
ငယ်စဉ်ကပင် အင်္ဂလိပ် အစားအသောက်ကိုသာ စားသောက်၏။ စကားပြောလျှင် အင်္ဂလိပ်လိုညှပ်၍ ပြောလေ့ရှိ၏။ အမှန်မှာ အင်္ဂလိပ်စကားထဲတွင် မြန်မာလိုညှပ်၍ ပြောခြင်းဖြစ်၏။
.
ကလေး တွတ်တီးတွတ်တာဘဝက လူကြီး မိဘများက ထိုအပြုအမူများကို သဘောကျနှစ်ခြိုက်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ အမြင်ကပ်စရာ ဖြစ်လာလေတော့၏။ ကျောင်းထားသောအခါ၌ လည်း အဆင်မပြေဖြစ်လာ၏။ ထို့ကြောင့် နောက်ဆုံးတွင် နှစ်တန်းနှစ်တန်းလန်း၌ ကျောင်းတော်ကို ကျောခိုင်းခဲ့ရလေတော့၏။
.
အရပ်တကာ လျှောက်သွားရင်း ကျွနု်ပ်ထံသို့ မကြာမကြာ ရောက်လာခြင်းဖြစ်၏။ ယနေ့ကဲ့သို့ ကျွနု်ပ်၏ ဟောခန်းပိတ်သော တနင်္လာနေ့များ၌ဆိုလျှင် ပုံမှန်ဆိုသလို ရောက်လာတတ်လေ၏။
ယခုလည်း ၎င်းရိုစီမသည် ကျွနု်ပ်ထံသို့ ရောက်လာပြန်ပြီဖြစ်၏။ ၎င်းသည် ကျွနု်ပ်အား-

“မာစတာ ဆရာရေ ဂွတ်တမောနင်း မင်္ဂလာပါ …”ဟု အင်္ဂလိပ်တစ်ပိုင်း မြန်မာတစ်ဝက် လှမ်းပြီး နှုတ်ဆက်လေ၏။ ကျွနု်ပ်မှာမူ ၎င်းအား အင်္ဂလိပ်လိုလည်း မတုန့်ပြန်နိုင်၊ မြန်မာလိုလည်း မတုန့်ပြန်အားဘဲ စာမူကိုသာလျှင် သည်းကြီးမဲကြီး ဆက်၍ ရေးနေရလေ၏။
.
ကွန်ပျူတာမှာ ကောင်းစွာ အလုပ်မလုပ်သောကြောင့် ကျွနု်ပ်မှာ စိတ်မရှည်နိုင်လောက်အောင်
ဖြစ်နေရလေတော့၏။ စာခေါ်ပေးလိုက်၊ တောက်ခေါက်လိုက်၊ ထိုင်လိုက်၊ ထလိုက်၊ ခေါင်းကို တဗျင်းဗျင်းကုတ်လိုက်၊ ညည်းလိုက်၊ မကျေမချမ်း ရေရွတ်လိုက် ဖြစ်နေရလေ၏။
.
ဆယ့်ငါးမိနစ်ခန့် ကြာလတ်သော် ရိုစီမသည် ကျွနု်ပ်၏ အခြေအနေကို ရိပ်စားမိသွားလေ၏။ ထို့ကြောင့် ပြုံး၏။ ထို့နောက် ပါးစပ်ကလေးကို ပိတ်ကာ တခစ်ခစ်ရယ်၏။ ထို့နောက် မပြုံးဘဲ ဝါးလုံးကွဲ ဟားတိုက်၍ ရယ်ပါလေတော့၏။
.
“ဘာသဘောလဲ ရိုစီမ…၊ နင် ဘာရယ်တာ လဲ …”ဟု ကျွနု်ပ်က ဒေါသတကြီးဖြင့် မေးလိုက်၏။
ရိုစီမသည် ဟားတိုက်ရယ်မောနေရာမှ တဖြည်းဖြည်းလျှော့၍ မျက်နှာ ပိုးသတ်လေ၏။ ထို့နောက် –
“ဒီလိုပါ ဆရာရယ် …၊ ဆရာဖြစ်နေတာတွေနဲ့ ကျွန်မဖတ်ဖူးတဲ့ ဆရာကြီး ရန်ကုန်ဘဆွေရဲ့ စာလေးတချို့ကို သွားပြီးသတိရမိလို့ပါ။
.
ဆရာဟာ ကြီးကြီးကျယ်ကျယ် ကွန်ပျူတာနဲ့ စာရေးတယ်။ တကယ်တမ်းကျတော့ ကွန်ပျူတာအကြောင်းကိုလည်း ကျကျနနမသိဘူး။ ကျကျနနမသိတာတောင် မဟုတ်ပါဘူးလေ …၊ နားစွန်နားဖျားလေးလောက်တောင် မသိတာမျိုးဖြစ်နေတယ်။
.
အဲဒီ ကိုယ်နားမလည်တဲ့ မကျွမ်းကျင်တဲ့ ကွန်ပျူတာနဲ့ အလုပ်လုပ်ပြီး အလုပ် ကောင်းကောင်း မဖြစ်တော့ စိတ်တွေတို၊ ဒေါသတွေ ထွက်နေတယ်။
.
အမှန်ကတော့ လက်နဲ့ ရေးလိုက်ရင်ဖြစ်တဲ့ဥစ္စာ …၊ အဲဒါ ဘာဖြစ်တာလဲဆိုတော့ အလှမ်းကျယ်အလယ်လပ်နေတာ …။ ဝမရှိဘဲ ဝိလုပ်နေတာ …၊ ဆန်မရှိဘဲနဲ့ အစားကြီးနေတာ …”ဟု
မျက်နှာတည် မျက်နှာထားဖြင့် ပြောပါလေတော့၏။
.
ကျွနု်ပ်လည်း တွေတွေကြီး ဖြစ်သွားကာ ရိုစီမအား စိမ်းစိမ်းကြီး စိုက်ကြည့်နေမိ၏။ ထိုအခါ ၎င်းက ဆက်လက်၍-
“ကျွန်မ ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ဘယ်လို ရေးထားသလဲဆိုတော့ တို့မြန်မာတွေ တော်တော်ညံ့ သွားပြီတဲ့၊ ကားဆိုတာ ပေါ်လာတဲ့ခေတ်ဆိုတော့ ကားကို အထင်ကြီးကြတယ်။ အဲဒီတော့ ကျန်းမာ ကြံ့ခိုင်ခဲ့တဲ့ မြန်မာကြီးတွေဟာ ခြေထောက်ကို အားမကိုးတော့ဘူး။
.
ဒါပေမဲ့ ကားကလည်း မလုပ်နိုင်ပြန်ဆိုတော့ ကားကိုလည်း တွင်တွင်ကျယ်ကျယ် မသုံးနိုင်၊
ကိုယ့်ရဲ့ မူလစွမ်းရည်လည်းပျောက်ဆုံး ဖြစ်ကုန်တော့တာပေါ့။
.
သေနတ်တွေ၊ အမြောက်တွေ တွင်ကျယ်လာတော့ အဲဒါတွေကို အထင်ကြီးတယ်။ ဓားတွေတုတ်တွေနဲ့ အရှေ့တောင်အာရှမှာ အစွမ်းပြနိုင်ခဲ့တဲ့ တို့မြန်မာကြီးတွေဟာ ဓားတွေ၊ တုတ်တွေကို အထင်သေးပြီး မသုံးကြတော့ဘူး။ ခေတ်ပေါ် လက်နက်တွေကိုကျတော့လည်း တွင်တွင်ကျယ်ကျယ်မသုံးနိုင်ပြန်ဆိုတော့ ရှေ့ဟာကလည်း ပျက်၊ နောက်ဟာကလည်း မဖြစ် ဖြစ်နေတော့တာပေါ့။
.
နိုင်ငံခြားဆေးကို အထင်ကြီးတယ်။ ကျကျနန မလုပ်နိုင်ဘူး။ တိုင်းရင်းဆေးကိုလည်း အထင်သေးပြီး ပစ်ပယ်လိုက်ကြပြီ။ အဲဒီတော့ အမြတ်မရတဲ့အပြင် အရင်းလေးပါ ဆုံးသွားတော့တာပေါ့ …၊

အဲဒီစာသားတွေအတိုင်းတော့ မဟုတ်ဘူးပေါ့နော်။ စာရဲ့ သဘောလေးကို ပြောပြတာပါ။

အခုလည်း ဆရာက အဲဒီလိုဖြစ်နေပြီ။ လက်နဲ့ရေးတဲ့ အလေ့အကျင့်လည်းပျောက်၊ ကွန်ပျူတာကိုကျလည်း ကျကျနနမသုံးနိုင်၊ အလုပ်တွေ အများကြီး အထစ်အငေါ့ဖြစ်နေတာပေါ့။
.
ကျွန်မတို့ ပတ်ဝန်းကျင် မှာ အဲဒါမျိုးတွေ များနေပြီနော် …။ အဲဒါကို ဆရာလည်း သေချာစဉ်းစားပြီး သတိထားပါ။ ဆရာ့ဆွေမျိုးတွေကိုလည်း သဘောပေါက်အောင်ပြောပြလိုက် …၊
ဆရာ့သူငယ်ချင်းတွေကိုလည်း ပြောပြလိုက် …၊

အနှစ်ချုပ်လိုက်ရင်တော့ လူညံ့ကြီးတွေ ဖြစ်ကုန်ကြပြီလို့ ပြောရမှာပေါ ဆရာရယ်။ မြန်မာ့အစွမ်းအစတွေလည်း ပျောက်၊ ကမ္ဘာ့အဆင့်အတန်းကိုလည်း မရောက် …၊ အင်မတန် ကြောက်ဖို့ကောင်းတယ်နော …။

ငါတို့မြန်မာဆိုတာ ဘယ်လိုမျိုးကွလို့ ကမ္ဘာမှာ လက်မထောင်စရာကိစ္စတွေ တော်တော်နည်းလာနေပြီ …”ဟု လွန်စွာ လေးနက်သော မျက်နှာဖြင့် ပြောပြန်ပါလေတော့၏။
.
ကျွနု်ပ်လည်း ကောင်းစွာဆင်ခြင်မိသွား၏။ ထို့ကြောင့် သက်ပြင်းရှည်ကြီး နှစ်ကြိမ်တိုင်တိုင် ချလိုက်မိလေ၏။ ရိုစီမလည်း သက်ပြင်းရှည်ကြီးကို လိုက်၍ ချ၏။ ထို့နောက် ကျွနု်ပ်က-

“နင်ပြောတော့လည်း ဟုတ်နေတာပဲ ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူးဟယ် …” ဟု ခပ်ညည်းညည်းကလေး ပြောလိုက်လျှင် ရိုစီမက –

“ဘာလုပ်ရမှန်း မသိတိုင်း အဲသလိုသာ အသက်ကို ခပ်ပြင်းပြင်းရှူပြီး သက်ပြင်းချလိုက်ပေတော့ ဆရာရေ …” ဟု ပြောလေ၏။ ထို့ကြောင့် ကျွနု်ပ်က –
.
“ဘာဆိုင်လို့လဲ ရိုစီမရဲ့ …”ဟု မေးလိုက်လျှင် ၎င်းက-

“အကုန်ဆိုင်တယ်ဆရာရဲ့ …၊ ရိုးရိုးသာမန် အခြေအနေမှာ ဆရာဟာ အသက်ကို ဝဝမရှူဘူး။
အသက်ဝဝရှူဖို့ကို မေ့နေတယ်၊ သက်ပြင်းချလိုက်တော့မှ အသက်ကို တဝကြီးရှူလိုက်တာ …၊
.
အဲဒီ အသက်ရှူတာဟာ အရာအားလုံးအတွက် အရေးကြီးနေတယ်နော်။ လေရှူတယ်လို့တောင် မခေါ်ဘူး။ အသက်ရှူတယ်လို့ ခေါ်တယ်မဟုတ်လား။ အသက်ကို ရှူတာလေ ဆရာရဲ့ ….။
.
အသက်ကို ရှူနေပါမှ အသက်ရှင်မှာပေါ့။ အသက်မရှူရင် သေသွားမှာပေါ့ …။ သေသွားရင် ထင်းတုံးလိုဖြစ်သွားပြီလေ…။ ဘာမှ လုပ်လို့ မရတော့ဘူးလေ …။ သေပြီဟေ့ဆိုရင် ချမ်းသာခြင်း၊ အောင်မြင်ခြင်း၊ ကြွယ်ဝခြင်း၊ ရာထူး ရာခံ ကြီးမြင့်ခြင်း …. ဘာမှမဖြစ်နိုင်တော့ဘူး။ ရှင်နေရင်တော့ အဲဒါတွေ လုပ်ယူလို့ရတယ်။ အဲဒီတော့ ကိုယ်ဘာဖြစ်ချင်သလဲ …၊ အသက်ရှင်နေဖို့ အရေးကြီးတယ်။
.
ရှင်ရုံကလေး၊ ဖုတ်လှိုက်ဖုတ်လှိုက်ကလေး ရှင်နေလို့တောင် မဖြစ်သေးဘူး။ အသက်ဓာတ် အားကောင်းကောင်းနဲ့ ရှင်သန်နေမှကို ကိုယ်ဖြစ်ချင်လိုချင်တာတွေ ရနိုင်မှာ …။

အဲဒီတော့ အသက်ဆိုတာ အင်မတန် အဖိုးထိုက်တယ်။ ဒါပေမယ့် အသက်ရှင်ဖို့ လိုအပ်တဲ့ လေကတော့ တစ်ပြားမှ ပေးစရာမလိုဘူး။ အလကား ရတယ်။
.
အဲဒါကိုက လောကကြီးရဲ့၊ သဘာဝတရားကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဂမ္ဘီရသဘောပဲ …။
.
အဖိုးအထိုက်တန်ဆုံးအရာကို အလကား ရနေတာလေ ဆရာရဲ့ …။ အဲဒီ အလကားရနေတဲ့လေကို ဆရာတို့က နှမြောနေတယ်။ တွန့်တိုနေတယ်။ ခြွေခြွေတာတာလေး သုံးနေတယ်။ လေအရှူနည်းသလောက် အသက်ဓာတ်လည်း အားနည်းနေတော့တာပေါ့ ဆရာရယ်။
.
အသက်ဓာတ် မီးမှိန်မှိန်ကလေးနဲ့ ဘာကိုပဲလုပ်လုပ် ဝိုးတိုးဝါးတားလေးပဲ ဖြစ်နေတော့မှာပေါ့။
.
အဲဒီတော့ ဆရာ ဘယ်လောက် အောင်မြင်ချင်သလဲ …၊ ဘယ်လောက်ချမ်းသာချင်သလဲ …၊ လေကို အသက်ကို တဝကြီးရှူနေဖို့တော့ လိုတယ်နော်။
.
အသက်ရှူတိုင်းမှာလည်း ပြီးပြီးရောလေး သဘောမထားရဘူး။ စကြဝဠာကြီးထဲက
အင်မတန် အဖိုးထိုက်တန်တဲ့ အင်မတန် တန်ခိုးစွမ်းရည်ကြီးမားတဲ့ အသက်ဓာတ်ကို ရှူသွင်းနေတာလို့ အလေးအနက် အာရုံပြုရမယ်။
.
အသက်ကို တဝကြီး ရှူသွင်းလိုက်၊ တဝကြီး ရှူထုတ်လိုက် လုပ်တာကို သေချာလေ့ကျင့်ယူရမယ်။ ဘယ်လောက်အထိ လေ့ကျင့်ရမလဲဆိုရင် နှာခေါင်းပေါက်ကတင် လေရှူတာ မဟုတ်တော့ဘဲ တစ်ကိုယ်လုံးမှာရှိတဲ့ မွေးညှင်းပေါက်တိုင်းကနေ လေကိုစုပ်ယူနေတယ်၊ ရှူသွင်းနေတယ်လို့
အာရုံပြုတတ်ရမယ်။
.
နည်းနည်းလေး သတိထားပြီး လေ့ကျင့်လိုက်ရင် တစ်ကိုယ်လုံးကနေ ဆရာ အသက်ရှူတတ်သွားမှာပါ …။

ရှူတိုင်းမှာလည်း ဟောသလို အာရုံပြုရမယ်။ စိတ်ထဲက ရွတ်ရမယ်”

“ငါဟာ … အင်မတန် တန်ခိုးစွမ်းရည်ကြီးမားတဲ့ အသက်ဓာတ်တွေကို ရှူသွင်းနေတယ် …။
ငါ့ခန္ဓာကိုယ်ထဲမှာ စကြဝဠာ တန်ခိုးသိဒ္ဓိဓာတ်တွေနဲ့ ပြည့်လာနေပြီ။ ဒါကြောင့် ငါဟာ တန်ခိုးသိဒ္ဓိရှင် ဖြစ်နေပြီ။ ဒါကြောင့် ငါလိုချင်တာတွေကို ရယူနိုင်တယ်။ ငါလိုချင်တာတွေကို ဖြစ်အောင်လုပ်နိုင်တယ်။ ငါ လိုချင်တာတွေကို ဖန်တီးနိုင်တယ်။ ငါ့ရဲ့ ရောဂါ ဝေဒနာတွေဟာလည်း
သက်သာပျောက်ကင်း သွားကြပြီ။ ငါဟာ အင်မတန် ကျန်းမာ ကြံ့ခိုင်တဲ့ လူတစ်ယောက်ဖြစ်တယ်”
.
ရိုစီမသည် အထက်ကအတိုင်း တစ်လုံးချင်း ရွတ်ဆိုပြလေ၏။ ၎င်း၏ စကားများသည် ကျွနု်ပ်၏ နားစည်မှသည် နှလုံးအိမ်သို့တိုင်အောင် ထိခတ်သွားခဲ့ပြီ ဖြစ်၏။
.
ထို့ကြောင့် ရွှင်လန်းတက်ကြွနေသော၊ ဖျတ်လတ်နေသော၊ အားမာန်အပြည့်ဖြစ်နေသော ကျွနု်ပ်၏သမီးအရွယ် ရိုစီမလေး၏ မျက်နှာအား ငေးကြည့်ရင်း အလိုအလျောက် ဦးညွှတ်မိပြီး ဖြစ်သွားရပါလေတော့သတည်း။ ။