ရိုစီမပြောပြတဲ့ ထမင်းစားနည်း

တစ်နေ့သ၌ လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမကြီး ဘူတာရုံလမ်း မှတ်တိုင်အနီး အေးရိပ်မွန် ၁ လမ်း၊ တိုက် ၁၅၊ အခန်း ဝ၀၄ ရှိ ကျွနု်ပ်၏ ဗေဒင် ဟောခန်းကလေးရှိရာသို့ ရိုစီမဟူသော မိန်းကလေး တစ်ဦး ရောက်ရှိလာလေ၏။

အချိန်မှာ နေ့လယ် သုံးနာရီခန့်ဖြစ်၏။ ကျွနု်ပ်သည် ဗေဒင်ဟောပြောခြင်းကို နေ့လယ် နှစ်နာရီတွင် ရပ်နားလိုက်ပြီးသည့်နောက် ခေတ္တအမောဖြေ ကာ နေ့လယ်စာ စားနေလေ၏။ ရိုစီမသည် ကျွနု်ပ်  ပလုတ်ပလောင်း နေ့လယ်စားနေသည်ကို ငုတ်တုတ် ကလေးထိုင်ပြီး ကြည့်နေလေ၏။ ကျွနု်ပ်သည် ဆာဆာနှင့် စားလိုက်ရာ ထမင်း လေးပန်းကန်မျှပင် ကုန်သွားလေ၏။

ထမင်းစားပြီးသောအခါ၌ ကျွနု်ပ်သည် ဖီး ကြမ်းငှက်ပျောသီး သုံးလုံးကို စား၏။ ထန်းလျက်ခဲ နှစ်လုံးကိုလည်း စားလိုက်သေး၏။ ပြီးနောက် ရေ ကို နှစ်ခွက်ဆင့်၍ သောက်ချလိုက်လေ၏။ ကျွနု်ပ် က ငှက်ပျောဖီးကို ရိုစီမရှေ့သို့ တွန်း၍ ပို့လိုက်လျှင် ရိုစီမသည် နှုတ်ခမ်းကိုမဲ့၍ ခေါင်းကို ဟန်ပါပါခါ ယမ်းရင်း အောက်ပါအဓိပ္ပာယ်ရသော အင်္ဂလိပ် စကားကို ပြောလေ၏။

“နိုးနိုး စောစောကပဲ နေ့လယ်စာ စားပြီး သွားပြီ။ ဆရာစားသမျှ ကျွန်မထိုင်ပြီး ကြည့်နေတာ  တော်တော် အခြေအနေ ဆိုးတာပဲ။ လူလိုမှမစားဘဲ” ဟုပြော၏။ ထိုအခါ ကျွနု်ပ်က –

“နေစမ်းပါဦး နင့်စကားက ဘယ်လိုကြီးလဲ။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို ဖြစ်နေ ပြီ။ တကယ်က ဆောက်နဲ့ထွင်းတဲ့အဆင့်တောင် မဟုတ်ဘူး။ အဝီစိတွင်းတူးတဲ့ လွန်သွားနဲ့ တူးချလိုက် တဲ့အဆင့်မျိုး ဖြစ်နေပြီ။ ငါက လူလို မစားဘူးဆို တော့ နင်က ဘယ်လိုပြောချင်တာလဲ” ဟု မေးလိုက် လျှင် ရိုစီမသည် ကျွနု်ပ်၏ စကားကို ပြန်၍ မဖြေ ဘဲ ပြုံးတုံးတုံးကလေး လုပ်၍သာ နေလေ၏။ ထို့ နောက်တွင်မှ –

“သမီးရဲ့စကားကို စိတ်မဆိုးပါနဲ့ ဆရာရယ်၊ တကယ်က ဝမ်းတောင်သာရဦးမှာပါ။ ဘာလို့လဲ ဆို တော့ ဣန္ဒြေသိက္ခာရှိတဲ့ လူကြီးလူကောင်းတွေ၊ အမြော်အမြင်ကြီးမားတဲ့ ပုဂ္ဂိုလ်တွေ၊ ပညာတတ် ပုဂ္ဂိုလ်ကြီးတွေဆိုရင် ဒီစကားမျိုး ဘယ်ပြောမလဲ။  ကျွန်မပြောတဲ့ စကားတွေက ရန်များတယ်လေ ဆရာရဲ့ …ကျွန်မက တောမရောက် တောင်မ ရောက် ဉာဏ်ရည်ဉာဏ်သွေးကလည်း နည်း၊ အတွေ့ အကြုံ ဗဟုသုတကလည်း မရှိ၊ အမြော်အမြင်က လည်း ချို့တဲ့ပြန်ဆိုတော့ ရှေ့မကြည့်၊ နောက် မကြည့်နဲ့ ဒီလို စကားမျိုးတွေ ပြောဖြစ်တာပေါ့လေ။

တကယ်တော့ ဆရာ့ဘေးမှာ သေသေချာ ချာ လေ့လာကြည့်လိုက်စမ်းပါ။ ဆယ်ယောက်မှာ ဆယ့်နှစ်ယောက်က မြှောက်ပင့်ပြောဆိုပြီး အလို လိုက်အကြိုက်ဆောင်နေမယ့် လူတွေက များမှာပါ။ ကျန်တဲ့နှစ်ယောက်ကတော့ နေရင်းထိုင်ရင်းကိုပဲ ပြဿနာရှာရန်လုပ်မယ်။ မဟုတ်က ဟုတ်က သားပုပ် လေလွင့်တွေ လျှောက်ပြီးပြောမယ်။ ကျွန်မလို တဲ့ (တည့်)သမားကတော့ ရှာလေ ရှားလေဖြစ်မှာပါ”ဟု မပြီးနိုင်မစီးနိုင် ပြောပါလေတော့၏။

“ဘာတွေလဲ ရိုစီမရယ် … နင်ဘာကိုဆိုလို ချင်တာလဲ။ နင်ဟာလေ ရထားပေါ်မှာ ဆေးလိုက် ရောင်းဖို့ကောင်းတယ်။ အဲဒီလိုဆေးရောင်းတဲ့သူတွေ က ပြောလိုက်ရင်တော့ သီပေါမင်း ပါတော်မူတာ ကစပြီး ဟီရိုရှီးမားကို အနုမြူဗုံး အကြဲခံရတာမှာ ဆုံးတယ်။ ရောင်းလိုက်တော့ ဝမ်းနှုတ်ဆေးတဲ့။ ဘာမှ မဆိုင်ဘူး။ နင်လည်း အဲဒီလိုဖြစ်နေပြီ”ဟု ကျွနု်ပ်က ပြောလိုက်လျှင် ရိုစီမက –

“ဒီလိုပါ ဆရာရယ် …ရိုစီမပြောမယ့် စကား ကို ဆရာ အထင်လွဲမှာစိုးလို့ ခြေဆင်းတွေခံနေရတာ ပါ။ ဆရာ့ရဲ့ ဆရာကြီး အဘပြောဖူးတဲ့ စကားလေး တစ်ခွန်းရှိတယ်။ အချို့စကားတွေဟာ ဉာဏ်အလင်း ပွင့်အောင် ပြောရတာ။ ဒါပေမဲ့ နဂိုရှိနေတဲ့အခံတွေ အစွဲတွေ၊ အထင်တွေ၊ ကြားဖူးနားဝတွေ မပြတ်ဘူး ဆိုရင် ဉာဏ်အလင်းပွင့်ဖို့ မလွယ်ဘူး။ အဲဒီအခါတွေမှာ ဉာဏ်ဖြစ်ရင်ဖြစ်၊ ဉာဏ်မဖြစ်ရင် ရန်ဖြစ်ကုန် တော့တာပဲ။ အခုလည်း ရိုစီမပြောတဲ့စကားကို ဆရာ က ချက်ချင်း သဘောမပေါက်တော့ ဉာဏ်မဖြစ်ဘဲ ရန်ထဖြစ်တော့တာပေါ့ ဆရာရယ်”ဟု ပြောပြန် လေ၏။ ကျွနု်ပ်လည်း ခေါင်းကိုတဗျင်းဗျင်း ကုတ် ရင်း –

“တိုတိုနဲ့ လိုရင်းပြောစမ်းပါ ရိုစီမရယ်၊ နင့်ကို ငါ ဘွဲ့တောင် ပေးချင်လာပြီ။ ရိုစီမ(အဲယားဖို့စ်)လို့ ခေါ်ရမလိုဖြစ်နေပြီ”ဟု ပြောလိုက်လျှင် ရိုစီမလည်း ခစ်ခနဲရယ်လေ၏။ ထို့နောက်တွင်မှ –

“ဒီလိုပါ ဆရာရယ် … ဆရာထမင်းစားတဲ့ နှုန်းဟာ အရမ်းများလွန်းနေတယ်။ အရမ်းများလွန်း တယ်ဆိုတာ ဆရာ အရမ်းရိုင်းလွန်းနေတယ်။ အရမ်း တုံးလွန်းနေတယ်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ

ဒီနေ့ ကမ္ဘာမှာ အစားအသောက်တွေ တော် တော်နည်းသွားကြပြီ ဆရာရဲ့ … လူနေမှုအဆင့် အတန်း မြင့်လေလေ အစားအသောက် နည်းသွား လေလေပဲ။ နည်းသွားတာနဲ့အမျှ အစားအသောက် တွေဟာလည်း ပိုပြီးတော့ နူးညံ့လာနေပြီ။ ခပ်ကြမ်း ကြမ်း အစားအစာတွေကို အများကြီး စားပိုးနင့်မတတ် စားတဲ့ခေတ်ဟာ ကုန်သွားပြီ ဆရာရဲ့။

ဆရာပဲ စဉ်းစားကြည့်လေ။ ကျောက်ခေတ် မှာတုန်းက လူတွေဟာ အစားအသောက်ကို အစိမ်း စားခဲ့တယ်။ တအား ဝါးရ၊ ဖြတ်ရ၊ ကြိတ်ရတဲ့အ တွက် မေးရိုးအင်အားကို တအားသုံးခဲ့ရတယ်။ ဒါ ကြောင့်လည်း မေးရိုးကြီးတွေ ကားထွက်နေခဲ့တယ်။ အဲဒီနောက် မီးနဲ့ဖုတ်ပြီး ကင်ပြီး စားတတ်လာတယ်။ ပြုတ်ပြီး စားတတ်လာတယ်။ ဆီနဲ့ ကြော်တတ်လာ တယ်။ ဟိုဟာလေး ဒီဟာလေး ရောပြီး ဟင်းအဖြစ် ချက်တတ်လာတယ်။ အစားအသောက်တွေကလည်း တဖြည်းဖြည်း အကြမ်းနည်းလာတယ်။ မေးရိုးကို သိပ်ပြီး အားမပြုရတော့ဘူးဆိုတော့ မေးရိုးတွေ လည်း တဖြည်းဖြည်း သွယ်လာတယ်။

ကျောက်ခေတ်ကလူသားရဲ့ မျက်နှာ တည် ဆောက်ပုံနဲ့ ဒီနေ့ခေတ်လူသားရဲ့ မျက်နှာတည် ဆောက်ပုံဟာ အများကြီးကွာသွားပြီ ဆရာရဲ့ … ဒီနေ့ခေတ် လူသားထဲမှာတောင် အလုပ်ကြမ်း၊ အစား ကြမ်း လူသားတွေရဲ့ မျက်နှာနဲ့ သက်သောင့်သက် သာလေး နေထိုင်လှုပ်ရှားရတဲ့လူသားတွေရဲ့ မျက်နှာ ဟာ တော်တော်လေး ကွာခြားတယ်။ ပြောရရင်တော့ ဆရာရယ် … အလုပ်ကြမ်းသမားနဲ့ ဉာဏ် အသုံးပြုရတဲ့ လူသားရဲ့ မျက်နှာ အရမ်းကွာသွားပြီ။ အဓိက ကွာတာကတော့ အစားအသောက် အနု အကြမ်းမှာ ကွာတယ်။ ပြီးတော့ နည်းနည်းစားတာနဲ့ အများကြီးစားတာမှာ ကွာတယ်”

ကျောက်ခေတ်တုန်းကတော့ လူသားဆိုတာ ဟာ တိရစ္ဆာန်တွေနဲ့ သိပ်ပြီး မခြားလှပါဘူး။ အ စားအသောက်ကို လိုက်ရှာမယ်။ ရတဲ့ဥစ္စာကို ရ သခိုက်ကလေးမှာ တဝတပြဲကြီး စားပစ်လိုက်မယ်။ အနေကြမ်း အစားကြမ်းခဲ့တယ်လေ။ အခုလူနေမှု အဆင့်အတန်းတွေ၊ ဉာဏ်ရည်ဉာဏ်သွေးတွေ တိုးတက်လာတာနဲ့အမျှ အနေနု၊ အစားနုလာကြပြီ ဆရာရဲ့ …

တစ်ဖက်ကလှည့်ပြီး ပြောရမယ်ဆိုရင်တော့  အစားအသောက် နူးညံ့သိမ်မွေ့လေလေ ဉာဏ်ရည်ဉာဏ်သွေး ပိုမြင့်ပြီး လူအဆင့်အတန်း ပိုမြင့်လေ  လေပဲပေါ့။ အခုဆိုရင် ဟင်းကို ချက်ပြီးစားတဲ့အဆင့် ကနေ ပေါင်းပြီးစားတဲ့ အဆင့်ကို ကူးနေပြီ။ ကျွန်မ တို့ နိုင်ငံမှာ အများစုက ချက်ပြီး စားနေကြတုန်း ပဲ။

ပေါင်းပြီးစားရတဲ့အဆင့်ဟာလည်း မကြာခင် ထပ်တိုးသွားဦးမယ်။ ဆရာ့ရဲ့ဆရာကြီး အဘမင်းသိင်္ခ ပြောဖူးတဲ့အတိုင်းဆိုရင်တော့ လူတွေရဲ့ အစားအ သောက်ဟာ ပိုပြီးပိုပြီး နူးညံ့သွားလိမ့်မယ်။ နောက်ဆုံး ဘယ်လောက်အထိ ဖြစ်သွားမလဲဆိုတော့ သွားတိုက် ဆေးလို ဘူးလေးထဲမှာ ထည့်ရတဲ့ဟာမျိုး ဖြစ်သွား မယ်။ အလုပ်သမားတစ်ယောက်က မနက်အိမ်က အထွက်မှာ အဲဒီကျူဘူးလေးတစ်ဘူး အိတ်ထဲကို ထည့်သွား။ ထမင်းစားချိန်ရောက်တော့ အဖုံးလေး ဖွင့်ပြီး ပါးစပ်ထဲကို ညှစ်ထည့်လိုက်ရုံပဲပေါ့။ အဲဒီ လောက်ဆိုရင် တစ်နပ်စာ ပြီးသွားပြီ။

ပြောလက်စနဲ့ ဆက်ပြီးပြောရရင် အစား အသောက် နူးညံ့လာတာနဲ့အမျှ လူရဲ့အစာအိမ်ဟာ လည်း ပိုပြီး နူးညံ့လာမယ်။ နတ်သုဒ္ဓါဆိုတာ ဆရာ ကြားဖူးမှာပေါ့။ တအားနူးညံ့တယ်ဆိုတာလေ။ နတ် ရဲ့ အဆင့်အတန်းက လူထက်ပိုပြီး မြင့်တော့ သူတို့ ရဲ့ အစားအသောက်ကလည်း အတိုင်းအဆမရှိ နူးညံ့ သွားတော့တာပဲပေါ့။

အဲဒီတော့ ဆရာရယ် …ဆရာ့ကိုလည်း ဉာဏ်ရည်ဉာဏ်သွေးမြင့်မားတဲ့၊ ကမ္ဘာ့အဆင့်မီတဲ့၊ ခေတ်နဲ့ရင်ဘောင်တန်းနိုင်တဲ့ လူသားတစ်ဦးအဖြစ် ကျွန်မ မြင်ချင်တယ်။ အဲဒီအတွက် ဆရာ့ရဲ့ အစားအ သောက် ပုံစံကို ဒီနေ့ကစပြီး ပြင်လိုက်ပါ။ ဆရာ့အမျိုး တွေကိုလည်း ပြောလိုက်၊ ဆရာ့အပေါင်းအသင်းတွေ ကိုလည်း ပြောလိုက်။ ဆရာ့ဆီလာတဲ့ ပရိသတ်တွေ ကိုလည်း ပြောလိုက်။ လူလိုစားကြသောက်ကြပါလို့။ လူရိုင်းတွေလို ရိုင်းရိုင်းပြောရရင် တိရစ္ဆာန်တွေလို အတိုင်းအဆမရှိ စားတဲ့ သောက်တဲ့ ပုံစံကို ပြင်ကြ ပါတော့လို့။

အစားအသောက် လျှော့သွားမယ်၊ ပိုပြီးနူး ညံ့သွားမယ်ဆိုရင် အစာအိမ်တွေလည်း ပြောင်းသွား မယ်။ ဉာဏ်ရည်ဉာဏ်သွေးတွေလည်း ပြောင်းသွား မယ်။ အခု ဆရာ စားလိုက်တဲ့ ထမင်းဟာ အချို့နိုင်ငံ တွေမှာ လူခုနစ်ယောက်စာလောက် စားလို့ရတယ် ဆရာရဲ့ …စင်ကာပူကို ရောက်နေတဲ့ ကျွန်မရဲ့ အဒေါ် တစ်ယောက်ဟာ တစ်ယောက်စာ ထမင်း သွားဝယ်တာ မလောက်လို့ဆိုပြီး လေးယောက်စာ ဝယ်ရသတဲ့။ အိန္ဒိယက ကမ္ဘာ့အဆင့်မီ ရထားလိုင်း တွေမှာ ဆိုရင်လည်းပဲ ခရီးသည်ကို ထမင်းကျွေးတဲ့ အခါ လူတစ်ယောက်စာအတွက် ရေခဲမုန့်ခွက်လေး တစ်ခွက်စာလောက် ထမင်းကိုပဲ ထည့်ပေးတာ ဆရာ ရဲ့ …။

အဲဒါတွေဟာ ငတ်လို့၊ ရှားပါးလို့၊ မစားနိုင် လို့ မဟုတ်ဘူးနော်။ ခေတ်ကကို ပြောင်းသွားတာ။ ဆရာ့ ချင့်ချိန်နိုင်အောင် ပြောလိုက်ပါဦးမယ်။ ကျွန်မ တို့ရဲ့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ကိုယ် တော်တိုင်လည်း ညစာ မဘုဉ်းဘူး။ တပည့်သံဃာ တော်တွေကိုလည်း ညစာ မဘုဉ်းခိုင်းဘူး။ ညစာ မစားခြင်းရဲ့အကျိုး၊ ညစာစားခြင်းရဲ့ အပြစ်တွေကို လည်း ဟောညွှန်တော်မူခဲ့တယ်လေ။ ဆရာတော် ကြီးတွေ သက်တော် ရာဂဏန်းလောက် ရှည်ကြတယ်ဆိုတာ အဲဒီအကျိုးလည်းပါတယ် ဆရာရဲ့” ဟု မပြီးမစီးနိုင် တရားပြပါလေတော့၏။  ကျွနု်ပ် လည်း စောစောက စားထားသမျှ ပြန်အန်ထုတ်ရ မည့်အလား ဖြစ်ရပါလေတော့၏။

“ကဲပါ ဒေါ်ရိုစီမရယ် …ကျုပ် ကောင်းကောင်း သဘောပေါက်ပါပြီ။ သဘောပေါက်တဲ့အတိုင်းလည်း လိုက်နာပါမယ်လို့ ကတိပေးပါသတဲ့ဗျာ”ဟု ကျွနု်ပ် လည်း လေးလေးနက်နက်ကြီး ပြန်၍ ပြောလိုက်မိ လေ၏။ ထိုအခါ ရိုစီမက –

“နောက်တစ်ခု ပြောချင်တာက ဆရာတို့က ထမင်းစားတဲ့အခါ ထမင်းလို့ပဲ မြင်တာကိုး။ တကယ် က ထမင်းဆိုတာ အပြင်ပိုင်းအသွင်သဏ္ဌာန်သာဖြစ် တယ်။ တကယ်က အသက်ကိုစားနေကြတာ။ ထမင်းစားမှ အသက်ရှင်မှာ မဟုတ်လား။ အဲဒီတော့ ထမင်းစားတယ်ဆိုတာ အသက်ကို စားနေရတာပဲ ပေါ့။ ထမင်းဆိုတာ အသက်ဓာတ်ကို သယ်လာတဲ့ ခွက်သာဖြစ်တယ်။ အဲဒီထမင်းကနေ လူ့ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့အတူ အသက်ဓာတ်ကို ထည့်ပေးနေတယ်။ အဲဒီတော့ ထမင်းစားတိုင်း ထမင်းစားတိုင်းမှာ ထမင်းလုတ်ကို ကိုင်လိုက်တိုင်း –

‘ထမင်းထဲမှာ အသက်ဓာတ်တွေရှိတယ်။ ငါဟာ အသက် အားကောင်းစေတဲ့ ကျန်းမာကြံ့ခိုင် စေတဲ့ဓာတ်တွေကို မြိုချလိုက်ပြီ’လို့ အလေးအနက် စိတ်ထဲ ရေရွတ်ပြီးမှ မျိုချရမယ်။ နောက်ပြီးတော့ လူတစ်ယောက်ဟာ သေသွားပြီဆိုရင် ဘာမှလုပ် လို့မရတော့ဘူး။ အသက်ရှိနေမှ ဘာမဆို ကြံဆောင် လုပ်ကိုင်လို့ရနိုင်တာ မဟုတ်လား။ အဲဒီတော့ အသက်ဓာတ်ဆိုတာရဲ့ နောက်ကွယ်မှာ ဂမ္ဘီရသဘော တွေ အများကြီး ကိန်းအောင်းနေတယ်။ ချမ်းသာ ချင်သလား။ ရာထူးကြီးချင်တာလား။ တန်ခိုးရှင် ဖြစ် ချင်တာလား။ အားလုံးဟာ အသက်ရှင်နေမှ ဖြစ်တာ။ အဲဒီတော့ ထမင်းတစ်လုပ် မျိုချတိုင်းမှာ –

‘ငါဟာ ချမ်းသာစေတဲ့ ဓာတ်တွေကို မျိုချ လိုက်ပြီ …

ကြီးပွားအောင်မြင်စေတဲ့ ဓာတ်တွေကို

မျိုချလိုက်ပြီ …

တန်ခိုးသိဒ္ဓိဓာတ်တွေကိုလည်း

မျိုချလိုက်ပြီ …

ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ တန်ခိုးသိဒ္ဓိဓာတ်တွေ၊ အသက်ရှည်စေတဲ့ဓာတ်တွေ၊ ချမ်းသာကြွယ်ဝတဲ့ ဓာတ်တွေဟာ တစ်နေ့ထက်တစ်နေ့ တိုးပွားလာ နေပြီ’လို့ အလေးအနက် စိတ်ထဲကရွတ်ဆို အာရုံပြု ရဦးမယ်”လို့ ရှင်းပြပြန်လေရာ ကျွနု်ပ်လည်း ရိုစီမ ပြောသမျှကို ကောင်းစွာ စဉ်းစားမိသွားသောကြောင့် ခေါင်းတဆတ်ဆတ် ညိတ်နေမိလေတော့၏။ ထို့ နောက် –

“ကျေးဇူးတင်ပါတယ် ရိုစီမရယ် …၊ ငါဟာ တိရစ္ဆာန်တစ်ကောင်လို၊ ကျောက်ခေတ်လူရိုင်းကြီး တစ်ယောက်လို ထမင်းစားနေခဲ့တယ်ဆိုတာ အခု တော့ ကောင်းကောင်း သဘောပေါက်သွားပါပြီ။ အခုမှပဲ ထမင်းစားနည်းနဲ့ ထမင်းတစ်လုတ်ရဲ့ လေး နက်တဲ့ အနှစ်သာရကို သဘောပေါက်သွားပါတော့ တယ်။ နင့်ကျေးဇူး ထမင်းစားတိုင်း အောက်မေ့နေ ပါ့မယ် မယ်မင်းကြီးမရယ် …” ဟု အလေးအနက် ကြီး ပြောလိုက်မိပါလေတော့သတည်း။