တမလွန်လက်ဆောင်

သံချောင်း မတ်တပ်ရပ်ပြီး မြစ်ပြင်ကျယ်သို့ လှမ်းကြည့်လိုက်သည်။ မပီပြင်သေးသော အရုဏ်၏ အလင်းရောင်က ကြည်လင်မှုကို လှောင်ပြောင်နေ သကဲ့သို့ ရှိသည်။ မှောင်ရီရီအောက်တွင် မြစ်ရေတိုးသံက ညင်သာနေသည်။ ကမ်းစပ်ကို ရိုက်ခတ်နေသော လှိုင်းလုံးသံများနှင့် မြူးပျော်နေကြသော လှိုင်းကြက်ကလေးတို့အသံက စိတ်အစဉ်ကို အေးမြစေနေသည်။ ဤအသံ၊ ဤအခြေနေများနှင့် ဆက်စပ်မှု မရှိသူများက မြစ်ပြင်ကျယ်အား ကြောက်ရွံ့နေကြလိမ့်မည်ထင်သည်။ တစ်ဖက်ကမ်းကို ပီပီသသ မမြင်ရအောင်ထိ ကျယ်ဝန်းသော မြစ်ပြင်ကျယ်နှင့် ဆိုးတူကောင်းဖက်နေထိုင်လာခဲ့သော သံချောင်းအတွက်မူ မြစ်ပြင်ကျယ်သည် ချစ်ခင်မြတ်နိုးစရာ ဖြစ်နေသည်။ ဤမြစ်ပြင်ကျယ်၏ ကျေးဇူးကြောင့် သမုဒ္ဒရာဝမ်းတစ်ထွာကို နှစ်ပေါင်းများစွာ ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤမြစ်ပြင်ကျယ် မရှိခဲ့လျှင် သံချောင်းသည်လည်း မရှိနိုင်။ မြစ်ပြင်ကျယ်နှင့် သံချောင်းသည် တစ်သွေးတည်း၊ တစ်သားတည်းဆိုက မှားလိမ့်မည်မထင်ပေ။ မြစ်ပြင်ကျယ်ကို အမှီပြု၍ပင် သံချောင်း လူ့ဘဝကို ရောက်ခဲ့ရသည်။ မြစ် ပြင်ကျယ်ကို အမှီပြု၍ပင် သံချောင်း ကြီးပြင်းလာခဲ့ရသည်။ မြစ်ပြင်ကျယ်ကို အမှီပြု၍ပင် သံချောင်းဝမ်းရေးအတွက် စိတ်အေးခဲ့ရသည်။
သံချောင်းသည် မြစ်ပြင်ကျယ်ကို အဘယ်သို့ အမှီပြုသနည်း။ သံချောင်း၏မိဘများသည် တံငါသည်များ ဖြစ်သည်။ မြစ်ပြင်ကျယ်တွင် ငါးရှာ၍ ဘဝကို ရပ်တည်နေခဲ့ကြသည်။ သံချောင်းသည်လည်း မိဘများပေးခဲ့သော အလုပ်အမွေအတိုင်း မြစ်ပြင်ကျယ်တွင် ငါးရှာလုပ်ငန်းဖြင့် အသက်မွေးလာ ရသည်။ ငါးရှာလုပ်ငန်းဆိုသော်လည်း သံချောင်းအတွက် စီးပွားဖြစ်အောင်ထိ ကြီးမားသော လုပ်ငန်းမဟုတ်ပေ။ သံချောင်းသည်ငါးဖမ်းသင်္ဘောကိုအသာထား၊ စက်လှေတစ်စီးတောင်ပိုင်ဆိုင်ထားသူမဟုတ်။ ငါးဖမ်းပစ္စည်း အနေအထားအားဖြင့်လည်း ပိုက်ကွန်တစ်လက်တောင် ပိုင်ဆိုင်ထားခြင်း မရှိ။ မြစ်ပြင် ကျယ်တွင် ငါးဖမ်းပိုက်မျိုးစုံရှိကြသည်။ ကျားပိုက်၊ မော်ရယ်ပိုက် စသည် ဖြစ်သည်။ ထိုပိုက် အမျိုးအစား တို့ကိုလည်း သံချောင်း လက်လှမ်းမမီနိုင်ပေ။ သံချောင်း လက်လှမ်းမီ၍ ပိုင်ဆိုင်ထားသော ငါးဖမ်းပစ္စည်းမှာ ရင်တန်းတစ်ခုသာ ဖြစ်သည်။ ရင်တန်းကို ဇာပိုက်တို့ဖြင့် ပြုလုပ်သည်။ ဇာပိုက်ကို အနေတော် ဖြတ်ပြီး အဝဘက် အနံကို လုံးအောင် ချုပ်သည်။ အဖျားဘက်အနံကို နှစ်ဖက်ပူး၍ ချုပ်သည်။ အလျား ဘေးနှစ်ဖက်တွင် ဝါးလုံးတစ်ဖက်တစ်လုံးစီ ထည့်၍ ချုပ်သည်။ ဝါးနှစ်လုံးဖြင့် အဝကို ဖွင့်၍ ရသည်။ ပိတ်၍ ရသည်။ ငါးဖမ်းရာ၌ ရင်တန်းကို အဖျားကနေ ကိုင်ပြီး ရင်လောက်၊ ခါးလောက်နက်သော ရေတွင် အပြောင်းအပြန် ထိုးသည်။ ထိုကို ဒေသိယစကားနှင့် ရင်တန်းထိုးသည်ဟု ခေါ်သည်။ တစ်ယောက်တည်း ငါးဖမ်းသော နည်းတစ်မျိုးပင် ဖြစ်သည်။
“သူငယ်ချင်းကြီး၊ မိတ်ဆွေကြီးရေ … ဒီနေ့တော့ ရောင်းလောက်အောင် ငါးတွေကို ဝင်ခိုး စမ်းပါ။ မင်းရဲ့ ရေရှိန်အားနဲ့ ငါးတွေကို သယ်ဆောင်လာပြီး ငါ့ရင်တန်းထဲကို သွင်းပေးစမ်းပါကွာ”
မြစ်ပြင်ကျယ်၌ လူသံတိတ်ဆိတ်လျက် …။ မြစ်ကမ်းပါး၌ လူရိပ်များ ကင်းပျောက်လျက် …။ခပ်လှမ်းလှမ်းတွင် ကျောက်တုံး၊ ကျောက်ကမ်းပါးများသာ ထီးထီးမားမား အရိပ်ထင်လျက်ရှိသည်။မြစ်ပြင်သည် ဤအချိန်လောက်သာ အနားယူရသည်ဟု ပြောရမည်။ အမှောင်ထုကင်းပျောက်ပြီး သည်နှင့် မြစ်ပြင်တွင် စက်လှေ၊ လောင်းလှေ၊ သင်္ဘောများဖြင့် စည်ကားတတ်သည်။ သံချောင်းအနေဖြင့် ဤအချိန်လောက်လာမှ အဆင်ပြေသည်။အိမ်၌ သံချောင်း၏ မိန်းမသည် သံချောင်းအား စောင့်မျှော်လျက်ရှိသည်။ သံချောင်းရောက်လာလျှင် ပါလာသော ငါးတို့ကို ရောင်းဝယ်ရေးလုပ်ရန် ဖြစ် သည်။ ငါးရောင်း၍ ရသောငွေဖြင့် စားရေး သောက် ရေးကို ပြုလုပ်ရသည်မှာ နေ့စဉ်ကိစ္စရပ် ဖြစ်သည်။ငါးများများရလျှင် သူတို့အတွက် ငွေပို ငွေလျှံများ ထွက်တတ်သည်။ ငါးမရသော နေ့များဆိုလျှင် စုဆောင်းထားသော ငွေကလေးနှင့် အသက်ဆက်ကြရသည်။ သံချောင်းသည် ပျက်လုဆဲဖြစ်နေသော အိမ် ကို ပြန်လည်ဆောက်ချင်နေသည်။ အိမ်ဆောက်ဖို့ကလည်း ငွေလိုပြန်သည်။ ထိုငွေကိုရဖို့ တစ်နွေလုံး စုဆောင်းလာခဲ့သည်မှာ မုတ်သုန်လေတောင် တစ်ရေးနှိုးနေပြီဖြစ်သော်လည်း ငွေက မပြည့်ချင်သေးပေ။ အိမ်ဆောက်ရန်အတွက် ဓနိ၊ ဝါးအချို့တော့ ဝယ်ထားပြီးဖြစ်သည်။
ရေသည် အေးစက်နေသည်။ ရေ၏ အခြေအနေတို့ကို ကြည့်ရသည်မှာ မိုးရွာတော့မည်ကို ထင်ရှားပြနေသည်။ မိုးရွာသည်၊ မရွာသည်က သံချောင်း အတွက် မထူးဆန်းပေ။ ရေခါးလောက်ထိ သံချောင်း ဆင်းလိုက်သည်။ ရင်တန်း၏အဖျားနှစ်ဖက်ကို ကြက်ခြေခတ်သဏ္ဌာန် ပြုလုပ်လိုက်သည်နှင့် အဝဘက် သည် ပြန့်ကားသွားသည်။ ရင်တန်းကို ခါးမှာ တင်လိုက်သည်နှင့် ရင်တန်းအဝထက်သည် ရေ၌ မြှုပ်နေလေသည်။ ခါးလောက်နက်သော မြစ်ကမ်းနားတိုင်း သံချောင်းသည် ရင်တန်းထိုးလာခဲ့သည်။ ကျောက်တုံးများ ရှိရာဆီ ရောက်လာသောအခါ ရင်တန်းထိုးသည်ကို ရပ်လိုက်ပြီး ရေက တက်လာခဲ့သည်။ သမ္ဗန်ပုံရှိသော ကျောက်တုံးပေါ်တက်ပြီး ငါးပါ၊ မပါ ရှာသည်။ ရင်တန်းထဲ၌ အမှိုက်များစွာ ပါသည်။ ငါးသုံးလေးကောင်တော့ပါသည်။ သားပေါက်များ အကောင်ရေ ငါးဆယ်လောက်ပါသည်။ သားပေါက်သည် ပုစွန်သားပေါက်များ ဖြစ်သည်။ ပုစွန်သား ပေါက်တို့သည် တစ်ကောင်ကို သုံးကျပ်နှုန်းပေါက် ဈေး ရှိသည်။ သံချောင်းတွင် သားပေါက်တို့ကို လှောင်ရန် ရေပုံးပါသည်။ ပါလာသော သားပေါက်တို့ကို ခွက်သေးသေးလေးတစ်ခုဖြင့် ယိုးခပ်ကာ ရေပုံးထဲ ထည့်နေသည်။
“မောင်သံချောင်း …ငါးရရဲ့လားကွာ”
“သိပ်မရပါဘူးဗျာ၊ သားပေါက်တော့ နည်း နည်းပါတယ်”
သံချောင်းသည် မော့မကြည့်ဘဲ ဖြေလိုက်ခြင်းဖြစ်သည်။ သားပေါက်တို့ကို ကုန်းရုန်းနေရ၍ ပတ်ဝန်းကျင်ကို သတိမထားအားခြင်းလည်း ဖြစ်သည်။ မေးသံကြား၍ ဖြေလိုက်ခြင်းဖြစ်သည်။
“ဒီကိုလည်း မော့ကြည့်ပါဦး မောင်သံချောင်းရာ …သားပေါက်ကိုပဲ ကြည့်မနေပါနဲ့လား”
“ခဏလေးပါဗျာ၊ ပြီးတော့မှာမို့ပါ”
သံချောင်းသည် သားပေါက်ကို ယိုးခပ်ပြီးသည်နှင့် မော့ကြည့်လိုက်သည်။ အသံပိုင်ရှင်ကို မြင်လိုက်သည်နှင့် သံချောင်းသည် ထိတ်လန့်သွားသည်။ မြင်ဖူးလေ့မရှိသော ပုံသဏ္ဌာန်ဖြင့် အမှောင်ထုထဲတွင် တွေ့လိုက်ရ၍ ကြောက်စိတ် ဖြစ်လာခြင်းဖြစ်သည်။ အသံပိုင်ရှင်သည် အဝတ်ဖြူ ကိုဝတ်ပြီး ကျောက်တုံးပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေခြင်း ဖြစ်သည်။ ခန္ဓာကိုယ်က အရောင်အဆင်းလည်း ဖြာထွက်နေသည်။ သံချောင်းသည် ကြောက်အား၊ လန့်အားနှင့် ထွက်ပြေးဖို့ လုပ်သည်။
“ထွက်မပြေးပါနဲ့ မောင်သံချောင်း … ငါက မိစ္ဆာမဟုတ်ပါဘူး။ မောင်သံချောင်းကို ကူညီဖို့လာတာပါ”
သံချောင်းသည် အဝတ်ဖြူနှင့်လူ ပြောသော စကားကို မယုံချင်သော်လည်း ထွက်ပြေးဖို့ စိတ် မကူးတော့ပေ။ အဝတ်ဖြူနှင့်လူ၏ မျက်နှာကို သေ ချာကြည့်သည်။ အဝတ်ဖြူနှင့်လူ၏ မျက်နှာသည် ဖြူစင် ဝင်းပနေသည်။ ကြည်လင်နေသည်။ ကြည့် ရင်းကြည့်ရင်း စိတ်ထဲတွင် အေးချမ်းမှုရလာသည်။
“မောင်သံချောင်း …ရင်တန်းထိုးရတာ မပင်ပန်းဘူးလား”
“ပင်ပန်းတာပေါ့ အဘရေ …”
ဒီပင်ပန်းခြင်းက လွှတ်မြောက်ပြီး မချမ်းသာ ချင်ဘူးလား”
“ဘယ်နှယ့်ပြောလိုက်တာလဲ အဘ … ချမ်းသာချင်တာပေါ့”
“ချမ်းသာချင်ရင် မနက် ဖြန်ဒီအချိန်လောက်မှာကောက် ညှင်းတစ်ပေါင်းနဲ့ ကြက်တစ် ကောင်ယူပြီး ဒီနေရာကို လာခဲ့။ ငါ မောင်သံချောင်း ကို တစ်သက်စာ ချမ်းသာအောင် လက်ဆောင်ပေး မယ်”
“ဟုတ်ကဲ့ အဘ …”
သံချောင်း ကြည့်နေချိန်မှာပဲ အဝတ်ဖြူနှင့် အဘိုးအိုသည် ပျောက်ကွယ်သွားသည်။ သံချောင်း ပျော်ရွှင်သွားသည်။ ရင်တန်း ထိုးမနေတော့ဘဲ အိမ် သို့ ပြန်လာခဲ့တော့သည်။
“ကိုသံချောင်း… ဒီနေ့ ငါးသွားရှာတာ မြန် လိုက်ချည်လား၊ ငါးများများ ရလာနဲ့တူတယ်”
အိမ်သို့ ဝင်လာသည်နှင့် အိမ်လမ်းဝတွင် ထိုင်စောင့်နေသော မိချောက ဆီးကြို စကားဆို သည်။ သံချောင်းသည် မည်သည့်စကားမှ ပြော မနေဘဲ ရင်တန်းနှင့် မြုံး၊ သံပုံးတို့ကို ကမ်းပေးလိုက် သည်။ မိချော လှမ်းယူသည်။ သံပုံးကို မြင်ကတည်း က မိချောစိတ်ထဲ တစ်မျိုး ဖြစ်သွားသည်။ နေ့ တိုင်းဆိုလျှင် သံပုံးမှာ သားပေါက်တွေ သုံးလေးရာ လောက် ပါလာစမြဲဖြစ်သည်။ သံပုံးကို ကြည့်လိုက် တာနှင့် သားပေါက်ပုစွန် အကောင်တစ်ရာလောက် မရှိသည်ကို မိချော သိလိုက်ပြီးဖြစ်သည်။ သို့သော် မြုံးကို ဖွင့်မကြည့်သေးဘဲ ရင်တန်းကို နေရာတကျ သွားထားလိုက်သည်။ ရင်တန်းကို ထားလိုက်ပြီး မြုံး ကို ဖွင့်ကြည့်လိုက်ချိန်တွင် မိချော ဒေါသထွက်သွား သည်။
“ကိုသံချောင်း …မြုံးထဲမှာလည်း ငါးတစ် ကောင် နှစ်ကောင်တည်းပါလား၊ ကျွန်မ ဘယ်ငါးကို သွားရောင်းရမှာလဲ။ အိမ်မှာ စားဖို့ ဆန်မရှိဘူးတော့်”
“ဆန်မရှိရင်လည်း ချက်စရာတော့ နင် ရ အောင်ရှာရမယ်”
သံချောင်းစကားက မိချော၏ ဒေါသကို ဆွ ပေးသလိုဖြစ်နေသည်။ ငါး မပါလာသည့်အကြောင်း ကို မပြောပြဘဲ ကန့်လန့်စကားကို ပြောဆိုလိုက် သည်က မိချော၏ နားကို သံရည်ပူလောင်းထည့် သလိုပင် ဖြစ်သွားသည်။
“ရှင် ဘာလို့ ငါးမရှာဘဲ ပြန်လာရတာလဲ၊ ကျွန်မကို မကျေနပ်လို့လား။ ကျွန်မက ဘယ်က ဆန်ကို သွားရှာရမှာလဲ”
ဒေါသနှင့်ပေါင်းစပ်ထားသော အသံက ကျယ် လောင်သည်။ သံချောင်း မိချောမျက်နှာကို ကြည့် လိုက်သည်။ မိချောမျက်နှာတွင် ဒေါသရိပ်များ လွှမ်း မိုးနေလေသည်။ မျက်လုံးအိမ်တွင် မျက်ရည်ကြည် များ ပြည့်လျှံနေသည်။ ဘဝ၏ အခြေအနေတို့ကို သံချောင်း နားလည်သည်။ သံချောင်းတို့သည် ရွာတွင် အခြေခံလူတန်းစားထဲက အနှိမ့်ဆုံးမှာ ရှိသည်။သို့ကြောင့် အချေး အငှားလုပ်ရာ၌ ပြဿနာရှိသည်။အောက်ကျခံပြီးချေးသော်လည်း မရသည်က များ သည်။ မိချောသည် အချေးအငှားကိစ္စကို မလုပ်ချင် ဆုံး ဖြစ်သည်။ မလုပ်ရအောင်လည်း ရလာသော ငွေတို့ကို မလိုအပ်ဘဲ မထွက်ရအောင် ချွေတာသည်။သံချောင်းသည် မိချောမျက်နှာကို ကြည့်ပြီး ပြုံး လိုက်သည်။
“နင် မချမ်းသာချင်ဘူးလား၊ နင့်မျက်နှာကို နင် မှန်ထဲ ပြန်ကြည့်စမ်း၊ သံပုရာသီးစားထားတဲ့ ဘီလူးရုပ်နဲ့ လုပ်မနေစမ်းပါနဲ့”
“ကိုသံချောင်း …ရှင်ကျွန်မကို နောက်နေ တာလား၊ ရှင့်မျက်နှာ ဘယ်လိုဖြစ်နေတာလဲ”
မိချောသည် ကလေးဆိုးကဲ့သို့ အမူအရာဖြင့် သံချောင်းကို လိုက်ရိုက်သည်။
“ငါ တကယ် ပြောတာ၊ ဒီနေ့ ငါ ရင်တန်း ထိုးလာပြီး ကျောက်တန်းမှာ ထိုင်တယ်။ သားပေါက် တွေကို ယိုးခပ်နေတုန်း အဝတ်ဖြူနဲ့ အဘိုးအိုတစ် ယောက် ငါ့ကို နှုတ်ဆက်တယ်၊ ငါ ထင်တာ ဖိုးသူ တော်ထင်တယ်။ သူက ငါ့ကို မနက်ဖြန် ကောက် ညှင်းတစ်ပေါင်းနဲ့ ကြက်တစ်ကောင် ယူလာပေးတဲ့။ တစ်သက်စာ လက်ဆောင်ပေးမယ် ပြောတယ်”
“ဟုတ်လား ကိုသံချောင်း …”
“တိုးတိုးပြော၊ သူများကြားရင် မကောင်းဘူး”
“အေးပါတော် …ကျွန်မ ပျော်သွားလို့ပါ။ အဲဒီကျောက်သမ္ဗန်မှာ ဥစ္စာစောင့်ရှိတယ်မလား။ ရှင့် ကို ရွှေတွေ ပေးမယ်နဲ့တူတယ်”
“ဒါတော့ မနက်ဖြန်မှ သိရမယ်၊ အခုတော့ နင် ကောက်ညှင်းတစ်ပေါင်းနဲ့ ကြက်တစ်ကောင် ရအောင် ရှာပေး”
“ကျွန်မ ဝါးဝယ်ဖို့ထားတဲ့ ငွေနဲ့ လုပ်လိုက်ရမှာလား”
“နင် ကြိုက်သလိုလုပ်၊ ရလာဖို့ပဲ အရေးကြီးတယ်”
မိချောသည် ကောက်ညှင်းပေါင်းနှင့် ကြက်သွားပို့သည့်အခါ လိုက်ချင်သည်။ သို့သော် လိုက်၍ မဖြစ်ပေ။ ဥစ္စာပေးခြင်းသည် တစ်ယောက်တည်းကို သာ ပေးခြင်းဖြစ်သည်။ တစ်ယောက်တည်းသာ သွားယူရသည်။ အခြားသူများပါလျှင် စည်းပေါက် သွား၍ ဥစ္စာကို မပေးတတ်တော့ပေ။ သို့ကြောင့် လိုက်ဖို့ကိစ္စကိုတော့ မပြောလိုက်တော့ပေ။ ဝါးဝယ်ဖို့ ထားသောငွေဖြင့် ကောက်ညှင်း နှစ်လုံးဝယ်သည်။ကြက်တစ်ကောင် ဝယ်သည်။ ဆန်လေးလုံး ဝယ် သည်။ ထိုနေ့တစ်ရက်လုံး သံချောင်းတို့ လင်မယား အိပ်မက်ကိုယ်စီဖြင့် အိပ်ပျော်သွားကြသည်။
“ကောက်ညှင်းတစ်ပေါင်း၊ ကြက်တစ်ကောင် ပါလာပါတယ် အဘ …သုံးဆောင်ရန် လာလို့ရပါပြီ”
သံချောင်းသည် အိပ်ပျော်သွားသော်လည်း ခဏ ခဏ နှိုးနေခဲ့သည်။ စိတ်စောနေခြင်းဖြစ်သည်။အချိန်ကျသည်နှင့် ထွက်လာခဲ့သည်။ သံချောင်း သည် အချိန်နောက်ကျမည်စိုး၍ ညနေကတည်းက လှေတစ်စင်း ငှားထားခဲ့သည်။ ထိုလှေဖြင့် လာခဲ့ခြင်း ဖြစ်သည်။ ကျောက်သမ္ဗန်သို့ရောက်သည်နှင့် သတင်းပါးလိုက်သည်။ အဝတ်ဖြူ ဝတ်ထားသော အဘိုးအိုသည် ကျောက်တုံးနောက်က ထွက်လာခဲ့ သည်။ ကျောက်သမ္ဗန်တွင် သော့ခလုတ်သီးသဏ္ဌာန် ရှိသော အပေါက်ထဲသို့ အဘိုးအို လက်ညှိုးသွင်း လိုက်သည်နှင့် ကျောက်သမ္ဗန်သည် တံခါးကဲ့သို့ ပွင့်ထွက်လာခဲ့သည်။ သံချောင်းအားခေါ်၍ ကျောက် သမ္ဗန်ထဲသို့ ဝင်သည်။ သံချောင်းသည် အဘိုးအို နောက်က ဝင်လာခဲ့သည်။ အထဲရောက်သည်နှင့် ကျောက်သမ္ဗန်သည် နန်းဆောင်အလား ခမ်းနားကြီး ကျယ်နေသည်။ ရွှေအတိဖြင့် ပြုလုပ်ထားသော တိုင် တို့၊ နံရံတို့ရှိသည်။ အဘိုးအိုသည် သေတ္တာတစ်လုံး အား ဖွင့်လိုက်သည်။
“မောင်သံချောင်း …မင်းကြိုက်တာကိုယူ ကွယ်။ မင်းလှေထဲမှာ ဆန့်သလောက်ထည့် ယူသွား။ သိပ်တော့ မကြာစေနဲ့။ ငါ ကောက်ညှင်းနဲ့ ကြက် စားလို့ပြီးရင် တံခါးပိတ်မှာ၊ မြန်မြန်လုပ်”
အဘိုးအိုဖွင့်ပေးသော သေတ္တာသည် ကြီးကျယ်လွန်းသည်။ သေတ္တာထဲတွင် ရွှေတုံးများရှိသည်။ ရွှေဖြင့် ပြုလုပ်ထားသော ရေကရားများ၊ ရေသောက် ခွက်များ၊ ပန်းကန်များ၊ ခေါင်းလောင်းများ၊ မီးအိမ်များ၊ ဆေးတံရှည်များ မျိုးစုံရှိသည်။ သံချောင်း မြင်ရသမျှသည် သံချောင်းအတွက် အံ့ဩစရာချည်း ဖြစ်နေသည်။ သံချောင်းသည် ဆေးတံသောက်သူ ဖြစ်သည်။ သို့ဖြစ်၍ ရွှေဖြင့် ပြုလုပ်ထားသော ဆေးတံရှည်ကို ပါးစပ်နှင့်ကိုက်ထားပြီး ရွှေဖြင့်ပြုလုပ်ထား သော ပစ္စည်းတို့ကို တစ်ခုချင်း ကိုင်ကြည့်နေသည်။သူ၏လှေပေါ်တွင်ထည့်ယူဖို့ကိုစိတ်ကူးမရောက်ပေ။
“မောင်သံချောင်း …လှေထဲ ထည့်လေကွာ၊ အချိန်မရှိတော့ဘူးနော့်”
အဘိုးအိုသည် ကောက်ညှင်းနှင့် ကြက်ကို စားရင်း သတိပေးပြောကြားနေသည်ကို သံချောင်း ကြားသော်လည်း ရွှေတွေကို လှေထဲထည့်ဖို့ သံချောင်း စိတ်မရောက်ပေ။ ကိုင်၍သာ ကြည့်နေသည်။ နောက်ဆုံး၌ အဘိုးအိုသည် သံချောင်းလက်မောင်းကို ဆွဲကိုင် မောင်းထုတ်လိုက်သည်။ အပြင်ရောက်သည်နှင့် ကျောက်သမ္ဗန်သည် ပကတိကျောက် အနေအထားတွင် ရှိနေသည်။ အမှောင်ထုသည်လည်း ကင်းပျောက်ပြီး အရုဏ်ဦးရောင်ခြည်က လင်းဖြာနေလေသည်။ သံချောင်းသည် လှေထဲသို့ အကြည့် ရောက်သွားသည်။ လှေထဲတွင် လှော်တက်တစ်ချောင်းမှ လွှဲ၍ မည်သည့် ရွှေတို၊ ရွှေစမှ ရှိမနေပေ။ စိတ်ဓာတ်ကျသွားသည်။ မြင်ခဲ့သည်များကို ပြန်မြင် ယောင်မိနေသည်။ စိတ်သည် ယူကျုံးမရခြင်း မျာ စွာနှင့် ရူးချင်သလိုလိုတောင် ဖြစ်သွားသည်။ပါးစပ်က ဆေးတံရှည်ကို ကိုင်ကြည့်မိမှ စိတ်သက်သာရာ ရသွားသည်။ သံချောင်းပါးစပ်ထဲတွင် ပါလာသော ဆေးတံရှည်သည် ရွှေအတိဖြင့် ပြုလုပ်ထားသော ပစ္စည်းဖြစ်သည်။ ထိုပစ္စည်းကို သံချောင်းသည် လိုလိုချင်ချင်နှင့် ယူလာခဲ့သည် မဟုတ်ပေ။ သဘောကျ၍ ပါးစပ်တွင် ကိုက်ထားခဲ့ခြင်းသာ။ မည်သို့ပင်ဆိုဆို သံချောင်းသည် ရွှေဆေးတံရှည်ကို ရရှိသွားသည်။တစ်သက်စာ ယူမကုန်လောက်အောင် ရွှေထည်ပစ္စည်း မျိုးစုံပေးသော်လည်း ထိုက်သလောက်သော ဆေးတံရှည်ကိုသာ သံချောင်းရရှိလိုက်သည်။ ထိုရွှေဆေးတံရှည်ဖြင့် သံချောင်း တစ်သက်စာ ရသွားမည်လား ဆိုသည်ကို သံချောင်း မသိပေ။ သံချောင်း ကြားနေသည်မှာ အဘိုးအို နောက်ဆုံး ပြောလိုက်သော စကားများဖြစ်သည်။
“ဘယ်လောက်ပေးပေး ထိုက်သလောက်သာ ရသွားရပါပေါ့လား မောင်သံချောင်းရေ …”

စကြာအောင်