ပုတီးသမားဆောင်ရန် စမ

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ လွန်စွာ စကားများသော မိန်းမကြီးတစ်ယောက် ရောက်လာလေ၏။ ထိုမိန်းမကြီး၏ အမည်မှာ ဒေါ်သောင်းမြင့်ဟု သိရ သည်။ ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း ထိုမိန်းမကြီး က –
“ဆရာ့ကိုမြင်တော့ ငယ်ငယ်တုန်းက စကားထာဝှက်တာကို သွားပြီး အမှတ်ရမိတယ်”
ဟု ပြောလိုက်လျှင် ကျွန်ုပ်က –
“ဘယ်လို စကားထာမျိုးပါလဲ ဒေါ်သောင်းမြင့်ရယ်”
ဟုမေးလိုက်ရာ ဒေါ်သောင်းမြင့်က –
“ရင်ဝယ်သား၊ သားလည်းမဟုတ်၊ မုတ်ဆိတ်ဖား ကုလားလည်းမဟုတ်၊ စောင်းကိုဝှက်တာ လေ ဆရာရဲ့။ အခုလည်း ဆရာ့ဆီလာတာ ဆရာ မင်းသိင်္ခဆိုလို့ ကြည့်လိုက်ပါတယ်။ မုတ်ဆိတ်ဖား ဖားနဲ့ဆိုတော့ ကုလားလိုလို၊ ဘာလိုလိုဖြစ်နေတယ်။ ဒါပေမဲ့ စကားထာအတိုင်းပါပဲ မုတ်ဆိတ်ဖား ကုလားလည်း မဟုတ်”
ဟု သူ့ဘာသာပြော၍ တဟားဟားနှင့် ရယ် နေလေတော့၏။
ကျွန်ုပ်သည် ဒေါ်သောင်းမြင့်ကိုကြည့်ကာ –
“ခင်ဗျားကလည်း တော်တော် ကတ်သီးကတ်သတ် ပြောတတ်တဲ့ မိန်းမကြီးပဲ။ မုတ်ဆိတ်ဆိုတာ ကျုပ်တို့ မြန်မာလူမျိုးတွေမှာ ဝိဇ္ဇာဇော်ဂျီတွေရဲ့ အမှတ်အသား မဟုတ်ဘူးလားဗျ”
ဟု ပြောလိုက်ရာ ဒေါ်သောင်းမြင့်ကြီးက-
“ပွဲထဲက ဝိဇ္ဇာဇော်ဂျီတွေကတော့ မုတ်ဆိတ် ထားတာ တွေ့ဖူးပါတယ်။ တကယ့် ဝိဇ္ဇာဇော်ဂျီတွေ ထားမထားတော့ ကျွန်မလည်း မတွေ့ဖူးလို့ မပြော တတ်ဘူးရှင့်”
ဟု ပြန်၍ ပြောလေ၏။
“ဒီလို ဒေါ်သောင်းမြင့်ကြီးရဲ့ သီအိုဆိုဖီ အသင်းရဲ့ အလိုအရတော့ မုတ်ဆိတ်က တော်တော် အရေးကြီးတယ်ဗျ။ အဲဒီအသင်းက အလေးအနက် ထားရတဲ့ လက်ဘီတာဆိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ အသင်း ရဲ့ ခေါင်းဆောင်ခေါင်းရွက် လုပ်မယ့် အချိန်မှာ ဟိမဝန္တာက ဆရာသခင် ကျေးဇူးရှင်ဖြစ်တဲ့ ‘မာစ တာကူသူမီး’က လက်ဘီတာကို ဒီလို မုတ်ဆိတ် မွေးကလေး တိုနံ့နံ့နဲ့ ဘယ်လိုလုပ်ပြီး လူကြီးဖြစ်မှာတုန်း၊ မုတ်ဆိတ်မွေး ရှည်ရမယ်လို့ ပြောပြီး သူ့မုတ်ဆိတ်ကို လက်နဲ့သတ်ချလိုက်တာ လက်ဘီတာရဲ့ မုတ်ဆိတ်ဟာ တစ်တောင်လောက် ရှည်သွားတယ်ဆိုပဲ။ အဲဒီတော့ မုတ်ဆိတ်ဖား ကုလားလည်း မဟုတ်တာတွေ ဘာတွေ ပြောမနေနဲ့တော့”
“မပြောတော့ပါဘူး ဆရာရယ်”
ဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က –
“ဒါနဲ့ ဒေါ်သောင်းမြင့်ရယ် …ခင်ဗျား ကျုပ် ဆီလာတဲ့ ကိစ္စက ဘာလဲဆိုတာ ပြောစမ်းပါဦး”
ဟု ပြောလိုက်ရာ ထိုအဒေါ်ကြီး ဒေါ်သောင်းမြင့်က –
“ဆရာ့ဆီလာတာ အခြားကိစ္စတော့ မဟုတ်ပါဘူး။ အန္တရာယ်လည်း ကင်း၊ လာဘ်လည်း ရွှင်တဲ့ အဆောင်ကလေး လိုချင်လို့ပါ”
ဟု ပြောလေ၏။
“ဒီမှာဗျာ ရောင်ပြန်မဂ္ဂဇင်း၊ ဂမ္ဘီရမဂ္ဂဇင်း၊ လပြည့်ဝန်း မဂ္ဂဇင်းတွေမှာလည်းပဲ အန္တရာယ်ကင်းပြီး လာဘ်ရွှင်တဲ့ အဆောင်တွေ ဖော်ပြခဲ့ပြီးပါပြီ။ ပြီးတော့ မနောမယ ဖက်ဖူးရောင် ဘာတွေ ထုတ်ထားတာပဲ။ အဲဒီအထဲကမှ ပါတဲ့အတိုင်း လုပ်လိုက်ပါဗျာ”
“ဒီမှာ ဆရာရေ …ဆရာပြောတဲ့ စာအုပ် တွေလည်း ဖတ်ပါတယ်။ ဒါပေမဲ့ အဲဒါ တွေကို ကျွန်မက စိတ်မဝင်စားဘူး။ ရှေးအခါက ထင်ရှားတဲ့ ရဟန်း ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ချီးမြှင့်ခဲ့တဲ့ အဆောင်မျိုးလိုချင်တာ ဆရာရဲ့”
ဟု ပြောလေတော့၏။ ထိုအခါ ကျွန်ုပ်က
“ဒီလိုရှိတယ် ဒေါ်သောင်းရဲ့ …သူ့အဆိုကတော့ အန္တရာယ်ကင်းတယ်လို့ ဆိုတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ အတွေ့အကြုံအရတော့ လာဘ်ပါရွှင်တာ တွေ့ရတယ်။ အဲဒါ တခြားမဟုတ်ဘူး။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ချီးမြှင့်ခဲ့တဲ့ စမ တံဆိပ်ပဲ။ ဟောဒီမှာ ကြည့် …ကျုပ်ရေးပြမယ်”
ဟုဆိုကာ ဆရာတော်ကြီး ချီးမြှင့်တော်မူခဲ့ သော အောက်ပါတံဆိပ်ပုံကို ဆွဲပြလိုက်လေတော့၏။

ထိုမိန်းမကြီးသည် ထိုတံဆိပ်ကို ကြည့်ပြီးနောက် –
“ဒါက ဘယ်လိုဖတ်ရမှာလဲ”
ဟုမေးလေ၏။
“ပ ထ ရ မ လို့ ဖတ်ရမယ်။ အနက်က တော့ ရှေးဦးစွာ သစ္စာလေးပါးကို သိတော်မူသော မြတ်စွာဘုရားလို့ ဖြစ်တယ်။ ဒီဥစ္စာက သက္ကရာဇ် ၁၂၇၀ ပြည့်နှစ်မှာ မော်လမြိုင်မြို့၊ ကျိုက်သလ္လံ တောင်ထိပ်၊ အောင်လံတိုင် ဝါဆိုကျောင်းမှာ ကျေးဇူးရှင် လယ်တီဆရာတော်ကြီးက အမျိုးလေးပါးကို အန္တရာယ်ကင်းစေဖို့ ချီးမြှင့်တော်မူခဲ့တဲ့ တံဆိပ် စမ ပဲ။ ကျုပ်ဗေဒင်ဆရာ လုပ်တုန်းက အန္တရာယ်ရှိတဲ့ လူတွေကိုသာ မဟုတ်ဘူး။ လာဘ်တိတ်နေတဲ့ လူတွေကိုပါ ဆောင်ခိုင်းတယ်။ အလွန်ပဲ သိသာ ထင်ရှားတယ်ဗျ။ ဒီ စမ တံဆိပ်ဟာ အသုံးအလွန် ကျယ်တယ်၊ ရှေးက လောကီဘက်မှာ ထက်မြက် တဲ့ဆရာတွေဟာ ရေလဲအမျိုးမျိုးနဲ့ အသုံးပြုကြတယ်”
ဟု ကျွန်ုပ်က ပြောလိုက်လျှင် ဒေါ်သောင်းမြင့်က –
“ကျွန်မပြောတာ အဲဒါမျိုးပြောတာ၊ အဲဒါ မျိုးကိုပြောတာ။ ငွေပန်းထိမ်မှာ ငွေနဲ့သွားလုပ်ပြီး ဒီတံဆိပ်ကို လည်ပင်းမှာ ဆွဲထားမယ်”
ဟု ပြောလိုက်ရာ ကျွန်ုပ်က –
“ရွှေနဲ့လုပ်ပြီး ဆွဲပါလားဗျာ”
ဟု ပြောလိုက်လေ၏။
“ဒီမှာ ဒေါ်သောင်းမြင့်၊ အခုလာမယ့် တန် ဆောင်မုန်းလရဲ့ အဖိတ်နေ့ညမှာ ကျုပ်ကို ဧကံသ ဗေဒင်ဆရာတွေ ရွှေဘုန်းပွင့်ဘုရားမှာ ဆီမီးတွေ၊ ပန်းတွေလှူကြမယ်။ အဲဒီမှာ ဧည့်သည်တွေလာရင် သူတို့ကို အဲဒီ စမတံဆိပ်တွေ လက်ဆောင်ပေးမလို့ စီစဉ်ထားတယ်။ အဲဒီစမနဲ့ အတူ ၅၂၈ သွယ် မေတ္တာ ပို့နည်းဇယားလဲပဲ ရိုက်ထားတယ်။ အဲဒါလည်း ပေးမယ်”
ဟု ပြောလိုက်ရာ ဒေါ်သောင်းမြင့်က –
“ကောင်းပါတယ် ကောင်းပါတယ် …ဆရာ ကတော့ကုသိုလ်လည်း အတော်ရမှာပဲနော်”
“ကုသိုလ်တင်မကပါဘူးဗျာ၊ လူတွေရဲ့ မေတ္တာလည်း ရပါတယ်။ ကျွန်တော်လိုချင်တာက ငွေကြေး မဟုတ်ပါဘူး။ မေတ္တာပဲ လိုချင်ပါတယ်”
ဟု ပြောလိုက်ရာ အဒေါ်ကြီးက –
“ဒီမှာ ဆရာ့ရဲ့ မေတ္တာဆိုတာ အလျား၊ အနံမရှိပေမယ့် အသွားအပြန်တော့ ရှိပါတယ်။ ကိုယ်က မေတ္တာထားရင် သူတစ်ပါးကလည်း ပြန်ပြီး မေတ္တာထားမှာပေါ့။ မေတ္တာဆိုတာ စေတသိတ် နဲ့ ပြောရင် အ-ဒေါသ စေတသိက် ဆရာရဲ့၊ ဒေါသ မဖြစ်တာကို မေတ္တာဖြစ်နေပြီ ကျွန်မလည်း ဆရာတို့ ဘုရားပွဲကို လာခဲ့ပါဦးမယ်။ ဆရာလည်းပဲ ဖြစ်နိုင်ရင် မေတ္တာကမ္မဋ္ဌာန်းတွေ ဘာတွေ လုပ်ပါ ဆရာရဲ့၊ ဆရာ့ကိုပြောရဦးမယ်။ နေ့စဉ်နေ့တိုင်း တစ်နေ့သုံး ကြိမ် ဆွမ်းအိုးကြီးသုံးရာ လှူဒါန်းခြင်းထက် နွားနို့ တစ်ညှစ်စာ အချိန်ကလေးလောက် မေတ္တာပွားများတာ ပိုပြီးတော့ အကျိုးရှိတယ်။ နွားနို့တစ်ညှစ်စာ ဆိုတာ နွားမရဲ့ နို့ကို ရွှစ်ခနဲ ညှစ်တဲ့အချိန်ကလေး ကိုပြောတာ။ မတ္တရာ ဖွဲ့ရင် တစ်မတ္တရာလောက်ပဲရှိတယ်”
ဟုပြောရာ ကျွန်ုပ်က –
“ခင်ဗျားက ကျုပ်ထက်တောင် တတ်နေ တာကိုး …သာဓုဗျာ၊ သာဓု သာဓု”
ဟု ပြောလိုက်ရာ စကားများသော အဒေါ် ကြီးသည် ကျွန်ုပ်အား နှစ်နှစ်ခြိုက်ခြိုက်ကြီး ပြုံးပြ ၍ ထွက်သွားလေတော့သတည်း။
မင်းသိင်္ခ