အချစ်ကိုနတ်စောင့်တယ်

အချစ်ကိုနတ်စောင့်တယ်

သတ္တဘာဂဆိုတဲ့ ဖူးစာရေးနတ်ကို လူတိုင်းသိပါတယ်။ ချစ်သူနှစ်ဦး ဖူးစာဆုံအောင် ဖန်တီး စောင့်ရှောက်တဲ့နတ်ပေါ့။ ဒီနေရာမှာ အလျဉ်းသင့်သလို ကိုယ်စောင့်နတ် ၁၂ ပါးရှိပါတယ်ဆိုတာ ပြောပြချင်တယ်။

  • ၁။ သတ္တဘာဂ – ဖူးစာရေးနတ်မင်း
  • ၂။ သူရဿတီ – ပညာအတတ်ကိုစောင့်ရှောက်တဲ့နတ်
  • ၃။ သကျ – စည်းစိမ်ချမ်းသာကို ပေးတဲ့နတ်
  • ၄။ မဟိရာဇာ – အိပ်မက်အတိတ်နမိတ်ပေးတဲ့နတ်
  • ၅။ ကမ္မ – ကာလစည်းစိမ်ကို ပေးတဲ့နတ်
  • ၆။ ယောတက – ဘာသာရေး၊ သာသနာရေးကိုဆောင်ရွက် စေတဲ့နတ်
  • ၇။ ကလျာနီ – ကောင်းသောစကားကိုပြောစေတဲ့နတ်
  • ၈။ စန္ဒာဒေဝီ – ကျက်သရေကိုတိုးပွားစေတဲ့နတ်
  • ၉။ နရိန္ပာဒေဝီ – အိပ်စက်ခြင်းပြုသောအခါ ခေါင်းရင်းမှ ထိုင် ပြီးစောင့်ရှောက်သောနတ်
  • ၁၀။ မဟာပိန္နဲ – ကိုယ်ဘာလုပ်သလဲဆိုတာကို စောင့်ကြည့် နေတဲ့နတ်
  • ၁၁။ လက္ခမီး – စားသောက်မှုနှင့်တကွ ရိက္ခာအလုံးစုံကို ပေးတဲ့နတ်
  • ၁၂။ ဝါမသူဇာ – ဘေးရန်ကိုကာကွယ်ပေးတဲ့နတ်

ဒီကိုယ်စောင့်နတ် ၁၂ ပါး ရှိတဲ့အထဲက သတ္တဘာဂ၊ သကျ၊ ကမ္မ၊ ကလျာနီ၊ စန္ဒာဒေဝီနဲ့ ဝါမသူဇာ ဒီနတ် ၆ ပါးက အချစ်ဆိုသောအရာကို သူ့အပိုင်းနဲ့သူ စောင့်ရှောက်ပါတယ်။

ဒါကြောင့်အချစ်ကိုနတ်စောင့်တယ်လို့ ဆိုရခြင်းပါ။ ထပ်ပြီး နတ်သားရှစ်ပါးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မွေးနံကိုစောင့်ကြပ်တဲ့နတ်သားတွေလေ။

  • တနင်္ဂနွေနေ့နံကို စောင့်ရှောက်တဲ့ နတ်သားက စိတ္တနတ်သား အမည်ရပါတယ်။
  • တနင်္လာနေ့နံကို စောင့်ရှောက်တဲ့နတ်သားက ကာယနတ်သားဖြစ်ပါတယ်။
  • အင်္ဂါနေ့နံကို စောင့်ရှောက်တဲ့ နတ်သားက  ဝီရိယနတ်သား အမည်ရှိပါ၏။
  • ဗုဒ္ဓဟူးနေ့နံကို စောင့်ရှောက်တဲ့နတ်သားက သဒ္ဒနတ်သားပါ။
  • ရာဟုကို စောင့်ရှောက်တဲ့ နတ်သားက မာန နတ်သားပါ။
  • ကြာသပတေးနေ့နံကိုတော့ ပုညနတ်သားက စောင့်ရှောက်ပါတယ်။
  • သောကြာနေ့နံကို စောင့်ရှောက်တဲ့နတ်သားက ဆန္ဒနတ်သားဖြစ်ပါတယ်။
  • စနေနေ့နံကို သောကနတ်သားက စောင့်ရှောက်ပါတယ်။

ကောင်းကင်မှာ နတ်သား၈ပါးဟာ ဗိမာန် ကိုယ်စီနဲ့ စံနေကြပါတယ်။ လှည်းဘီးပုံ စက်ဝိုင်းကြီး ထဲမှာ ဗိမာန်တွေတည်နေပုံကို ပြပါတယ်။ မဇ္ဈိမ ဒေသဂြိုဟ်၈လုံး ဘုရားကျောင်းမှာ တွေ့ရပါတယ်။ ရှေးဟောင်းကျမ်းထဲမှာလည်း ပါတယ်။

လူသားတွေကို နတ်သား၈ပါးက တစ်နှစ်ကို တစ်ပါးကျစီ ထိန်းပါတယ်။ သူတို့ရဲ့ အုပ်ချုပ်မှု အောက်မှာ တစ်နှစ်စီ တစ်ခါနေရတယ်။ သူ့ရဲ့ ဘုံ မှာရောက်နေရင် သူစီစဉ်သလိုနေရတာပေါ့။

သူတို့တည်နေပုံကို ဆွဲပြထားပါတယ်။

မဇ္ဈိမဒေသ၊ ဂြိုဟ်၈လုံး ဘုရားကျောင်းမှာ ပြထားတဲ့ပုံပေါ့။ တနင်္ဂနွေဂြိုဟ် အထိမ်းအမှတ် ကျောက်တိုင် အမှတ်သားကြီးပုံ ဖြစ်ပါတယ်။

အကြွင်းကို မွေးနေ့မှ စတင်ရေတွက်ပါ။ လကျာ်ရစ်ကို နာရီလက်တံအတိုင်းလှည့်ပါ။

ဆိုလိုတာက တနင်္ဂနွေနေ့ လူသားတစ်ဦး မွေးဖွားလာတယ်။ သူ့ကိုစိတ္တနတ်သားက စတင် တာဝန်ယူပြီး စောင့်ရှောက်တယ်။ အသက်(၁)နှစ်ပြည့်ရင် ကာယနတ်သားဆီကို လက်ပြောင်းပြီးထိန်းစေတယ်။ နောက်တစ်နှစ်ကျပြန်တော့ ဝီရိယနတ်သား အလှည့်ပေါ့။ ဒီလိုနဲ့ သဒ္ဒ၊ သောက၊ ပုည၊ မာန၊ ဆန္ဒနတ်သားတွေ အလှည့်ကျထိန်းပြီး ၉ နှစ်ပြည့်တဲ့အခါ စိတ္တနတ်သားဆီပြန်ရောက် နောက်တစ်ခါ တစ်နှစ်စီ အလှည့်ကျစောင့်ရှောက်နေပါတယ်။

ဒီသဘောအတိုင်း တနင်္လာနေ့ မွေးသူတွေဆို   ကာယနတ်သား၊ အင်္ဂါနေ့မွေးတဲ့သူဆို ဝီရိယနတ် သား၊ ဗုဒ္ဓဟူးမွေးသူကို သဒ္ဒနတ်သား၊ ရာဟုမွေးသူကို မာနနတ်သား၊ ကြာသပတေးနေ့မွေးသူကို ပုည နတ်သား၊ သောကြာနေ့မွေးသူကို ဆန္ဒနတ်သား၊ စနေနေ့မွေးသူကို သောကနတ်သားတို့က စတင် တာဝန်ယူကြပြီး ပုံပြထားတဲ့အတိုင်း လက်ယာရစ်အတိုင်း တစ်နှစ်တစ်လှည့်ဆီ လက်ဆင့်ကမ်းတာဝန် လွဲပြောင်းသွားကြပါတယ်။

စံ-ဇာဏီဘို