အစုလိုက် အပြုံလိုက် မိထားတဲ့ ပညာစက် *စိန္တာမယဆရာပိုင်*

အစုလိုက် အပြုံလိုက် မိထားတဲ့ ပညာစက်

အောက်လမ်းပညာလောကမှာ တစ်ဦးတစ်ယောက်တည်းကို ပညာစက်နဲ့ တိုက်ခိုက်လို့ရသလို လူတစ်အုပ်စုကြီးကိုလည်း တိုက်ခိုက်လို့ရပါတယ်။

ရေးရင်ကောင်းမလား၊ မရေးရင်ကောင်းမလား စဉ်းစားနေမိတဲ့ အကြောင်းပါ။ ဖြစ်စဉ်က အစုလိုက် အပြုံလိုက် ပညာစက်မိသူများအကြောင်း ဖြစ်နေတာကြောင့် တခြားသူများလည်း အလားတူခံစားရရင် ပညာစက်ကြောင့်များလားလို့ တွေးမိကြလို့ ကုသမှုခံယူလိုက်တာနဲ့ ပျောက်ကင်းချမ်းသာ သွားနိုင်ပါတယ်။ ခုနစ်ရက်သားသမီးတွေ မိမိတို့ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ အစုအဖွဲ့တွေမှာ တူညီတဲ့ ဖြစ်ရပ်ဆိုးတစ်ခုခု ဖြစ်လာပြီဆိုတာနဲ့ သတိထား ဆင်ခြင်နိုင်အောင် ရေးလိုက်ရတာ ဖြစ်ပါတယ်။ သူတို့ဖြစ်စဉ်ကို ပါးပါးလေးပဲရေးပြပါ့မယ်။ ထူထူရေးရင် တချို့ မကျေမနပ်ဖြစ်မှာစိုးလို့ အားလုံးကို တတ်နိုင်သမျှ ကွင်းရှောင်ပြီး ဖြစ်စဉ်ကို ထင်သာမြင်သာဖြစ်အောင် ရေးပြမှာ ဖြစ်ပါတယ်။ အမှားအယွင်း၊ အတိမ်းအစောင်း အနည်းငယ်ရှိနိုင်တာမို့ နားလည်ပေးကြပါလို့ ကြိုပြောချင်ပါတယ်။

ကျွန်ုပ်ဆီကို တစ်ခေါက်ရောက်လာပြီး ပယောဂ ကုသဖူးတဲ့ အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။ “ဆရာရယ် … ကျွန်မသားလေးကို ကယ်ပါဦး… ဟိုတစ်ခါက ဆရာကယ်လိုက်လို့ သူတို့ လုပ်ငန်း ဆိုင်းဘုတ်မှာ လုပ်ထားတဲ့ အင်းကို ပြန်ရှာတွေ့လိုက်မှ အဆင်ပြေသွားပါတယ်… ခုလည်း သူတို့ အလုပ်မှာဖြစ်ပြန်ပြီဆရာ” သူပြောလိုက်လို့ တစ်ခေါက် ရောက်ဖူးတယ် ဆိုတာ သိလိုက်ရပါတယ်။ ဘာကြောင့် ဆိုတာ မသိ ရသေးတာကြောင့် – “အင်း ပြီးခဲ့တဲ့ ကိစ္စပြန်ပြောကြည့်ပါဦး” “သားအလုပ်မှာ အတိုက်မိလို့ဆိုပြီး ဆရာ့ ဆီမှာ လာကုတာလေ… နောက်ဆုံး ဆိုင်းဘုတ်မှာ အတိုက်ရှိတယ်ဆိုလို့ ဆရာပေးလိုက်တဲ့ ရေမန်းပက်လိုက်တာ အင်းချပ် ထွက်လာတယ်။ အဲဒိတော့မှ သားတို့လည်း အဆင်ပြေသွားတယ်” “ခုကရော ဘာဖြစ်ပြန်တာလဲ” “ခုက သားတို့တွေတာဝန်ပြီးလို့ ရုံးချုပ် ပြန်ကြရမှာလေ။ သူတို့အဖွဲ့ လူ ၄၀ လောက်ရှိတယ်… ပြန်ရမယ့်ရက်ထက် ရက် ၂၀ လောက်တောင် နောက်ကျနေပြီ။ ပြန်လို့ကိုမရဘူး… အကြောင်း အမျိုးမျိုးနဲ့ကို ပျက်ပျက်နေလို့” “ဟာ ခင်ဗျားတို့ကလည်း ခရီးတစ်ခုသွားပြီး ပြန်လာဖို့ အခက်အခဲက ဖြစ်နိုင်တာပေါ့။ ဒါကို သူများအတိုက်လို့ မထင်သင့်ပါဘူး။ ခင်ဗျားတို့ကလည်း တော်တော် အစွဲအလမ်းကြီးတာပဲ။ အဲ့ဒီ လောက်ကြီး အယူမသီးပါနဲ့ဗျာ” “မဟုတ်ပါဘူး ဆရာရယ်… ဒီလောက်တောင် ကြာနေတာက မဖြစ်သင့်ပါဘူး… သူတို့ ပြန်ရမယ့်ရက်က တော်တော်လွန်နေပါပြီ… အဲဒါ သားက မရိုးသားဘူးထင်လို့ ဆရာ့ဆီ သွားပါ… ဆရာ့ဆီ သွားပါနဲ့ တဖွဖွ ပြောနေတာ ဆရာရေ။ ကျွန်မတို့လည်း သားလေး အခက်အခဲဖြစ်နေတာ မခံစားနိုင်လို့ လာလိုက်တာပါ” “ခင်ဗျားတို့က အယူသီးတာပဲ ဖြစ်မယ် ထင်တယ်… အရာရာ သူများအတိုက်ဆိုတာ ဖြစ်နိုင်ပါ့မလားဗျာ… ပြီးတော့ ခုကိစ္စက တစ်ဦး တစ်ယောက်တည်း မဟုတ်ဘူး… လူအုပ်စုကြီးဆိုတော့ ပညာစက်ဆိုတာ ဟုတ်ပါ့မလားလို့ စဉ်းစားနေတာ… ဘာပဲဖြစ်ဖြစ် စစ်ဆေးကြည့်လိုက်ရင် အဖြေထွက်သွားမှာပါ… စစ်ကြည့်လိုက်တာပေါ့”

ကျွန်ုပ် ပယောဂကုသမှုသမိုင်းမှာ လူအုပ်စုလိုက်ကြီးကို ပညာစက်နဲ့ လုပ်တာမျိုး မကြုံခဲ့ဘူးတာကြောင့် စိတ်ထဲမှာ စနိုးစနောင့် ဖြစ်နေရပါတယ်။ ပညာစက်နဲ့ တစ်ယောက်ချင်းကို တိုက်ခိုက်တယ်… စီးပွားရေး… လူမှုရေး… ကျန်းမာရေး စသဖြင့် တိုက်ခိုက်တာမျိုးတွေသာ အဓိက ကုသခဲ့ရတာမို့ လူ ၄၀ လောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်တဲ့ ပညာစက်မျိုးကတော့ ဖြစ်နိုင်ခြေနည်းတယ်လို့ ယူဆမိတာပါ။ ဘာပဲဖြစ်ဖြစ် စစ်ဆေးကြည့်လိုက်ရင် အဖြေတစ်ခုသိရမှာမို့ ဦးဆုံးစစ်ဆေးတဲ့အလုပ်ကို စတင်လိုက်ပါတယ်။

“သားက ဘာနေ့သားလဲ ပြောပါဦး” “တနင်္လာသားပါ ဆရာ” ကျွန်ုပ်လည်း သားဖြစ်သူရဲ့ အသက်နဲ့ ခန္ဓာကို အပ်ခိုင်းလိုက်ပါတယ်။ သားကိုယ်စား မိခင်ဖြစ်သူ ကို စစ်ဆေးကြည့်လိုက်တော့ ပညာစက် တွေ့ရပါတယ်။ မဖြစ်နိုင်ဘူးလို့ ထင်နေတာကို ပညာစက်တွေ့တော့ ပညာသည်ကို ခေါ်သွင်းလိုက်ပါတယ်။ အကျိုးအကြောင်း သေသေချာချာ သိချင်သွားပါပြီ။ “ကဲ ပြော မင်းဘာကောင်လဲ” “အောက်လမ်းဆရာပါ” “ဘာတွေ လုပ်ထားတာလဲ” “သူတို့ကို မပြန်နိုင်အောင်၊ ပြန်လာလို့ မရအောင် လုပ်ထားတာပါ” “ဘာလို့လဲ… သူတို့တာဝန် ထမ်းဆောင်ပြီးလို့ ကိုယ့်ဒေသ ကိုယ်ပြန်ကြမှာလေ… ဘာလို့ မပြန်နိုင်အောင် လုပ်ရတာလဲ…၊ လုပ်ခိုင်းတဲ့သူက ဘာနေ့နံပါလဲ” “အင်္ဂါ၊ ကြာသပတေးပါပါတယ်… ဒီလူ တွေ မပြန်ဖြစ်ဘဲ သူတို့ပြန်ဖြစ်အောင် လုပ်ခိုင်းလို့ လုပ်ပေးလိုက်တာပါ” “လွဲနေပြီနော်… သူတို့က တာဝန်ထမ်း ဆောင်ပြီးလို့ ပြန်ကြမယ်… မင်းကိုခိုင်းတဲ့သူတွေက တာဝန်ထမ်းဆောင်ဆဲမို့ ပြန်လို့ မရသေးဘူး… ပြန်မိန့်မရသေးဘူးလေ… ဒါကို ပညာစက်သုံးပြီး သူတို့မပြန်ရကိုယ်ပြန်ရအောင် လုပ်တယ်ဆိုတာကတော့ များသွားပြီ… မဖြစ်နိုင်တာကို လုပ်နေတာပဲ… မင်းကိုခိုင်းတဲ့ သူတွေကရော ဘာလုပ်ကြတာလဲ…” “သူတို့နဲ့အလုပ်တူပါတယ်… တာဝန်လည်း တူပါတယ်…” “ဪတော်တော်ခက်တာပါလား… မင်းတို့ အတ္တကြီးတာပဲကွ… တကယ်ဆို အလှည့်နဲ့ ပြန်ကြရတာ။ မင်းတို့လူက အလှည့်ကျော်ပြီး ပြန်ဖို့လုပ်တာပဲ… ကဲပါ လုပ်တာလည်းလုပ်ပြီးပြီး ခုပြန်သိမ်းရမယ် မင်းတို့လုပ်ထားတဲ့ ပညာစက်တွေ မြူမျှမကျန်အောင် ပြန်သိမ်းပေးရမယ်… နောက်တစ်ခုက သူတို့ ခုကနေ ဘယ်လောက်အတွင်း ပြန်လို့ အဆင်ပြေစေမလဲပြော” “တစ်ပတ်အတွင်းပါ ဆရာ… တစ်ပတ် အတွင်း အဆင်ပြေစေရပါမယ်” “ကောင်းပြီ ပညာစက်သိမ်းလိုက်”

အောက်လမ်းဆရာလည်း ပညာစက် သိမ်းပါတယ်။ သူပညာစက်သိမ်းပြီးတော့ ထုံးစံအတိုင်း သစ္စာဆိုခိုင်းပြီး ပြန်လွှတ်လိုက်ပါတယ်။ တကယ်တော့ အောက်လမ်းပညာလောကမှာ တစ်ဦးတစ်ယောက်တည်းကို ပညာစက်နဲ့ တိုက်ခိုက်လို့ရသလို လူတစ်အုပ်စုကြီးကိုလည်း တိုက်ခိုက်လို့ရပါတယ်။ နောက် လုပ်ငန်း၊ ကား၊ စက်ရုံ၊ အလုပ်ရုံ စတာတွေကိုလည်း သူတို့ ပညာစက်သုံးပြီး တိုက်ခိုက်လို့ရပါတယ်။ နောက် သူတို့မွေးထားတဲ့ ဘီးလူး၊ သရဲ၊ အစိမ်းတွေ သုံးပြီးတော့ မိသားစု၊ အလုပ်ရုံ၊ စက်ရုံ၊ လူအုပ်စုလိုက်တွေကို တိုက်ခိုက်လို့ရကြောင်း အသိပေး ရေးသားလိုက်ပါတယ်။

ပယောဂအတိုက်စက်ဘေးမှ ကင်းဝေးကြပါစေ…

*စိန္တာမယဆရာပိုင်*

အမှတ်(၃၆၂)၊ ဇေယျာ(၈)လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ဖုန်း-ဝ၉ ၄၂၀၇၄၄၁၁၂၊ ဝ၉ ၂၅၄၈၁၁၀ဝ၇