ဆူညံပူညံကင်းပျောက်ရန်

မြန်မာစကားရပ်၌ အိမ်ရှေ့ပူလို့ အိမ်နောက် မချမ်းသာ ဆိုသော စကားကို ကြားဖူးပါလိမ့်မည်။ လောက၌ ဆူညံမှုသည် မကောင်း၊ အများကလည်း မနှစ်လို၊ သူတော်စင်ရဟန်း ပုဂ္ဂိုလ်များကလည်း လိုလားကြသည် မဟုတ်ပါ။

မိမိ၏ မိတ်ဆွေ၌ ကြုံတွေ့နေရသော အခက် အခဲသည် အဆိုပါ ဆူညံပူညံခြင်းနှင့် တိုက်ရိုက်ပတ် သက်နေပါသည်။ သူ၏ ဇနီးသည်မှာ အိမ်ထောင် သက် အတော်အတန်ကလေး ရလာပါမှ အကြောင်း မရှိ အကြောင်းရှာလျက် ဆူညံပူညံလုပ်လာတော့ ပင်ကို မူလစရိုက်အခံကိုက အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်နေတတ်သော မိတ်ဆွေအဖို့ စိတ် ဆင်းရဲစရာ ကြုံလာရတော့သည်။ ဆူညံပူညံ လုပ် လာခြင်း၏ ဇာတ်မြစ်ကို ရှာကြည့်တော့သည်။ သူသည် အရက်မသောက်၊ ကွမ်းမစား၊ လောင်းကစားမလုပ်၊ အပျော်အပါး မလိုက်စား၊ ရှာဖွေ၍ရသမျှ တစ်ပြား တစ်ချပ်မကျန် မိန်းမလက်ထဲ အပ်ခဲ့သည်သာချည်း ဆိုတော့ စဉ်းစားစရာ ဖြစ်လာသည်။ ရံဖန်ရံခါတော့ မိန်းမဆိုသည်မှာ မိန်းမသာဖြစ်၍ မိန်းမတို့သဘာဝ အပေါက်အစပ်များမည်သာဟူ၍ပဲ မေတ္တာစိတ်ကို အရင်းခံလျက် ဖြေကြည့်ခဲ့ပါ၏။ သို့ရာတွင် ဖြေ၍မရ လောက်အောင် ဆူညံ ပူညံလုပ်လာတော့ အိမ်ပြန်ရမှာကိုပင် ကြောက်လာခဲ့သည်။ ထိုအခါတွင် မတတ် သာတော့သည့်အဆုံး သူ့အဖြစ်ကို ရင်ဖွင့်အကူအညီ တောင်းခံလာခဲ့၏။

“ယုံယုံကြည်ကြည် လုပ်ကြည့်ရင် အင်မတန်မှ ထိရောက်တဲ့ အစီအရင်ကလေးပါ”

“ပြောသာပြောပါ ဆရာရယ် … ဆူညံပူညံသံတွေ ဝေးလို့ကတော့ လုပ်ပြီးသား”

“ဒီလိုဗျာ လင်ပန်းတစ်ချပ်ပေါ်မှာ နားမခံသာအောင်ပြောသူရဲ့ ချည်အင်္ကျီ အဲ ခင်ဗျားမိန်းမ ရဲ့ ချည်အင်္ကျီတစ်ထည်ရယ်၊ နားဆင်းရဲခံနေရတဲ့ ခင်ဗျားရဲ့ ချည်အင်္ကျီရယ်၊ အဲသည်အင်္ကျီနှစ်ထည်ကို လိမ်ကျစ်ပြီး ကရွတ်ခွေလို လုပ်လိုက်ပါ။ ပြီးတာနဲ့ အဲသည်အပေါ်ကို သီးသန့် သောက်ရေအိုး တစ်လုံး ကို သောက်ရေဖြည့်ပြီး တင်ပါ။ အဲသည့်ရေကို ဘယ်သူမှ မသောက်စေနဲ့။ အဲသည်ရေနဲ့ နေ့စဉ် နေ့တိုင်း ဘုရားသောက်တော်ရေ ကပ်လှူပေးပါ။ ဒါဆိုရင် ခင်ဗျားခံစားနေရတဲ့ ဝဋ်ဒုက္ခတွေ ပြေပျောက်သွားပါလိမ့်မယ်”

ထိုမိတ်ဆွေခမျာ ဝဋ်ဒုက္ခမှ အတော်ကလေး ကင်းရှင်းလိုဟန်တူသည်။ မိမိစီစဉ်ပေးသည့် အစီအရင်ကလေးကို ယုံကြည်စွာဖြင့် လုပ်ဆောင်သည်။ ယုံကြည်မှုကြောင့်ပဲဖြစ်ဖြစ်၊ သဒ္ဓါမှုကြောင့်ပဲ ဖြစ်ဖြစ် သည်အစီအရင်ကလေးကို လုပ်ဆောင်ပြီး သိပ် မကြာလိုက်၊ အတော်အတန်ကာလကတည်းက ကွယ်ပျောက်နေခဲ့သော သူ၏ အပြုံးကို ရှားရှားပါး ပါး ပြန်တွေ့လိုက်ရသည်။ လူချင်းတွေ့တော့လည်း “အိုကေသွားပြီ ဆရာရေ … ခုဆို ကျွန်တော့်မိန်းမ ဟာ ရေခဲတုံးကြီးလားတောင် အောက်မေ့ရတယ်”ဟူသော စကားထွက်လာရာ သည်အစီအရင် အောင်မြင်သွားပြီဟု သဘောပေါက်လိုက်ပါသတည်း။

အင်္ဂဝိဇ္ဇာဆရာအောင်