မေတ္တာစွမ်းပကား အလွန်ကြီးမား

သားတို့ရုပ်ရည်၊ သီတာမည်သား၊ ရေကြည် ချမ်းမြ၊ တစ်ပေါက်ကျက၊ မိဘတို့ဝမ်း၊ ငြိမ်းစတမ်းတည်း – ဟု ရှေးပညာရှိများ ဆိုရိုးပြုခဲ့ကြ၏။
သီတာသည် ခုနစ်တန်ရှိ၏။ မြင်းမိုရ်တောင်ကို ရစ်ခွေနေသော တောင်စဉ်ခုနစ်ထပ်တို့အကြားတည်ရှိသော သမုဒ္ဒရာခုနှစ်ခုကို သီတာခုနစ်တန်ဟု ခေါ်ဆို၏။ ထိုသီတာခုနစ်တန်ရှိ ရေသည် အလွန်အေးမြလှသည်ဟု ဆိုပါသည်။
မိဘများသည် ကွဲကွာနေသော သားသမီး လိမ္မာများကို မြင်လိုက်ရသောအခါ သူတို့၏ နှလုံး၊ စိတ်၊ ဝမ်းသည် သီဒါရေတစ်ပေါက်ကျဘိသကဲ့သို့ အေးချမ်းသွားကြပါသတဲ့။
သို့ဖြစ်၍လည်း အသည်းအသန် နာမကျန်း ဖြစ်နေသော အမိ သို့မဟုတ် အဘသည် သား၊ သမီး တို့ကို မြင်တွေ့လိုက်ရသောအခါ ခံစားနေရသော ဝေဒနာကို ရုတ်တရက် မေ့ပျောက်ကာ၊ ရောဂါဝေဒ နာများ ခေတ္တခဏ ပျောက်သွားသကဲ့သို့ ကိုယ်စိတ် နှစ်ပါး ချမ်းသာ၍ သွားတက်ကြ၏။
အတ္တာ ဝေ ပုတ္တော၊ မှန်သဘောဖြင့် ကျမ်း ဟောထင်ရှား၊ အစဉ်ထားတိုင်း သားတို့ဟူသည် ကိုယ်ဟုမည်ကြောင့်၊ မှတ်တည်မပျက်၊ သက်ချင်း ဆက်ပြီး အသက်ပမာ စုံမက်စွာဖြင့် …(မဃ-၃၀၂)
မန်လည်ဆရာတော်ဘုရားကြီးက မဃဒေဝ လင်္ကာသစ်ကျမ်းကြီး၌ ရေးစပ်ထားတော်မူခဲ့၏။
ဝေ၊ အမှန်စင်စစ်၊ ပုတ္တော၊ သားသည်၊ အတ္တာ၊ မိမိပင်တည်း။ မိမိကိုယ်ပင်တည်း။
မိဘနှင့်သားသမီးသည် ခွဲခြား၍မရ။ သား သမီး ဟူသည် မိဘတို့၏ကိုယ်ပွားများသာ ဖြစ်ကြသဖြင့် အသက်ချင်းဆက်စပ်ကာနေသဖြင့် မိဘက သားသမီးများအပေါ် ချစ်ခင်လေ့ရှိကြ၏။
ဤသို့သော အခြေအနေရှိပါလျက် မိဘ၏ ချစ်ခင်ခြင်း၊ မခံရသော မိဘစွန့်ပစ်ခြင်းခံရသော သား သမီးများမှာ အတိတ်ဘဝ အကုသိုလ်ကံ၊ ပစ္စုပ္ပန်ဘဝ ပယောဂသမ္ပတ္တိတို့ ဆိုးရွားလွန်းသောကြောင့်သာ ဖြစ်ကြ၏။
မိဘကား သားသမီးအပေါ်ထားသည့် မေတ္တာ၊ ဆရာက တပည့်များအပေါ်ထားသည့် မေတ္တာ၊ ညီကို မောင်နှမချင်းထားသည့် မေတ္တာ၊ ဇနီး ခင်ပွန်း တစ်ဦး အပေါ် တစ်ဦးထားသည့် မေတ္တာ၊ မိတ်ဆွေချင်း ထားသည့် မေတ္တာ မေတ္တာမှန်သမျှ တန်ဖိုးကြီးမားလှ သည်သာ ဖြစ်၏။ မေတ္တာကို ခံယူတတ်လျှင် အကျိုး ကြီးမားသလောက်၊ မေတ္တာကို တော်လှန်စော်ကား မိလျှင်လည်း အပြစ်ကြီးမားလှပေသည်။
မေတ္တာသည် ကာယကံမေတ္တာ၊ ဝစီကံ မေတ္တာ၊ မနောကံမေတ္တာ ဟူ၍ရှိရာ သူတစ်ပါး အကျိုး ရှိအောင် ကိုယ်ဖြင့်ဆောင်ရွက်ပေးလျှင် ကာ ယကံမေတ္တာ ဖြစ်၏။ နှုတ်ဖြင့်အကြံပေးကူညီ စောင့်ရှောက်လျှင် ဝစီကံမေတ္တာဖြစ်၏။ ကိုယ်နှုတ်တို့ဖြင့် မကူညီနိုင်သည့်တိုင် ကောင်းစေလိုသောစိတ် အမြဲ ရှိနေပြီး ကောင်းမွန်ချမ်းသာစေလိုသော ဆန္ဒဖြင့်၊ ဆုတောင်းပေးနေက မနောကံမေတ္တာဖြစ်တော့သည်သာ။
မေတ္တာသည် ပေးချီးမြှင့်သူရော၊ ခံယူသူပါ အကျိုးကြီးမားလှ၏။
လူပုဂ္ဂိုလ် မဆိုထားဘိ တိရစ္ဆာန်ဖြစ်သော သမင်မတစ်ကောင်သည် သူ၏ခင်ပွန်း သမင်ဖို အပေါ် ထားရှိသော ကြီးမားသောမေတ္တာကြောင့် သူမ၏ခင်ပွန်း သမင်ဖို ဘေးဒုက္ခမှ လွတ်မြောက်ရုံ မျှမက ပကတိ ကိုယ်စိတ်ချမ်းသာခဲ့ရပုံကို နိပါတ် တော်ထဲတွင် တွေ့ရှိမှတ်သား ကြည်ညိုရ၏။
ဘုရားရှင်လက်ထက်တော်က ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသမီးတစ်ယောက်အား ဘာသာကွဲ အမျိုးသား တစ်ယောက်က သူ၏မိဘထံ တောင်း ရမ်းခဲ့ရာ ဘာသာမတူသဖြင့် မပေးစားနိုင်ဟု ဆိုလိုက်သည်။ ထိုဗုဒ္ဓဘာသာဝင် အမျိုးသမီးသည် ဘုရား၊ တရား၊ သံဃာရတနာသုံးပါးကိုလည်း ကြည်ညိုစွာ ဆည်းကပ်၏၊ ဒါန၊ သီလ၊ ဘာဝနာတို့ဖြင့်လည်း မွေ့လျော်၏။ ကိုယ်ကျင့်တရားလည်း ကောင်း၏။ဝတ်အကျင့်နှင့်လည်း ပြည့်စုံ၏။
တောင်းရမ်းလာသူ ဘာသာကွဲအမျိုးသားနှင့် သူ၏မိဘများက သူတို့အသိုင်းဝိုင်းရောက်သောအခါ စိတ်တိုင်းကျ ကုသိုလ်ကောင်းမှုများ ပြုခွင့်ပေးပါမည်။ ဆိုသဖြင့် နောက်ဆုံးပေးစားလိုက်၏။
ဗုဒ္ဓဘာသာဝင် အမျိုးသမီးသည် လင်အပေါ် ကျင့်ဆောင်ရမည့် ဇနီးဝတ္တရားများ၊ ယောက္ခမများ အပေါ် ကျင့်ဆောင်ရမည့် ဝတ္တရားများ မပျက်ယွင်း ခဲ့သဖြင့် မြင်းကိုနိုင်လို ဇက်ကိုမြဲ၊ လူကိုနိုင်လို ဝတ် ကိုမြဲ ဆိုသည့်အတိုင်း ဝတ္တရားကျေပွန်သဖြင့် ယောက္ခမများ၏ မျက်နှာသာပေး၊ အလေးထားမှုကိုရခဲ့သည်။
အရှင်သာရိပုတ္တာ၊ အရှင်မောဂ္ဂလာန်မထေရ် မြတ်များ အမှူးပြုသော မထေရ်များကိုလည်း သူ့ ခင်ပွန်းနှင့် မိသားစုဝင်များ ဗုဒ္ဓဘာသာဝင်လာသည် အထိ ဆွမ်းအလှူခံကြွပါရန် လျောက်ထားခဲ့သည်။
အစကနဦး၌ ခင်ပွန်းဖြစ်သူသည် မကန့်ကွက်ရုံသာ ရှိခဲ့သည်။ အရှင်မြတ်များအတွက် ယပ်လေခပ်ခြင်း စသော ဝေယျာဝစ္စ၊ စကားပြောခြင်း စသော ပဋိသန္တာရများမပြုခဲ့။ နောက်ပိုင်း ဇနီးဖြစ်သူ ၏ တိုက်တွန်းချက်အရ ဝေယျာဝစ္စဆောင်ရွက်သကဲ့သို့ တရားပါ နာလာခဲ့သည်။
တစ်နေ့ အနုမောဒနာတရား တစ်ပုဒ်အပြီး နှစ်ဦးလုံး သောတာပန်တည်ခဲ့ကြသည်။
သူတို့သာမက ယောက္ခများနှင့် ကျေးကျွန် များပါ ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့ကြသည်။
ဇနီးဖြစ်သူက သာသနာတော်သို့ဝင်ရောက် ပြီး ဘိက္ခုနီပြုခွင့်တောင်းရာ ခွင့်ပေးရုံမျှမက သူပါ သာသနာ ဘောင်ဝင်ကာ ရဟန်းပြုခဲ့သည်။ နောက် ပိုင်း နှစ်ဦးလုံး ရဟန္တာဖြစ်ခဲ့ကြသည်။
တစ်နေ့ ဘုရားရှင်၏ ဓမ္မသဘင်မစမီ ရဟန်းများက ထိုလင်သားမိသားစုအပေါ် ကျေးဇူးကြီးမား သော ဘိက္ခုနီဖြစ်လာသည့် အမျိုးသမီးအကြောင်း ချီးမွန်း ပြောဆိုနေသောစကားကို ဘုရားရှင်ကြား သိတော်မူကာ ယခုလူဖြစ်မှသာ ကျေးဇူးများသည် မဟုတ် ရှေးသမင်မ ဖြစ်စဉ်ကပင် လင်သားအပေါ် ကျေးဇူးကြီးလှသည်ကို အခြေခံကာ သုဝဏ္ဏမိဂဇာတ်တော်ကို ဟောတော်မူ၏။
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားအလောင်းသည် ရွှေသမင်မင်းဖြစ်ခဲ့၏။ ရွှေ သမင်မင်းသည် နုပျို၍လှပသော သမင်မတစ်ကောင် နှင့် အကြောင်းဆုံခဲ့၏။ တစ်နေ့တွင် မုဆိုး ထောင် ထားသော ညွှတ်ကွင်းထဲ၌ ဘုရားလောင်း သမင် မင်းသည် မိခဲ့၏။ ရုန်းကြည့်သော်လည်း မရသဖြင့် သမင်မင်းသည် ကျယ်လောင်စွာမြည်လိုက်ရာ သမင် အပေါင်းသည် ဘေးအန္တရာယ်ကျရောက်ပြီဟု သိပြီး ခြေဦးတည့်ရာ ထွက်ပြေးခဲ့ကြ၏။ သမင်မင်း၏ ဇနီးဖြစ်သူ သမင်မသည်လည်း ထွက်ပြေးခဲ့ရာ ထွက် ပြေးကြသူများတွင် မိမိခင်ပွန်း သမင်းဖို မပါသည်ကို သိပြီး ဖမ်းမိထားသော သမင်ကို သွားကြည့်ရာ သူမ၏ ခင်ပွန်းဖြစ်နေတော့၏။
ခင်ပွန်းသည် သမင်မင်းအား ကြိုးစား၍ ရုန်း ကြည့်ရန် အားပေး၏။ ဘုရားလောင်း သမင်မင်း သည် အားကုန်ရုန်းကြည့်ရာ မုဆိုးထောင်ထားသဖြင့် ချေထောက်ကို ချည်မိပတ်မိနေသော သားရေလွန်း ကြိုးသည် ရှေးဦးစွာ အရေပါးကိုဖြတ်၊ ဆက်ရုန်း သောအခါ အရေထူကိုဖြတ်၊ ဆက်ရုန်းသောအခါ အသားကိုဖြတ်၊ အကြောကိုပါဖြတ်ကာ အရိုးထိ ရောက်လာပြီ ဖြစ်သည်ကို သမင်မင်းသိ၏။
သမင်မင်းက ဒုက္ခိတဘဝဖြင့် သမင်အပေါင်း၏ ခေါင်းဆောင်အဖြစ်မနေလို၍ အသက်ကို စွန့်လိုက်ရန်ဆုံးဖြတ်သည်။ သမင်မငယ်ရော သမင် မင်းပါ လူစကားပြောတတ်ကြ၏။ သမင်မငယ်က သူ့ချစ်လင်အသက်ကို ချမ်းသာပေးပါရန်၊ အကယ်၍ မပေးနိုင်က သူ့ချစ်လင်ကိုယ်စား သူ့ကိုသတ်ပါရန်၊ နှစ်ဦးလုံးသတ်လိုပါမူ သူ့ကိုသတ်ပြီး သူသေမှ သူ့ချစ်လင်ကို သတ်ပါရန် အသနားခံတောင်းပန်၏။
မုဆိုးသည် သမင်မငယ်က လူစကားပြောသည်ကို များစွာအံ့ဩ၏။ ထို့ပြင်လူအမျိုးသမီးများပင် လင်သားအတွက် အသက်မစွန့်နိုင်ကြသည်ကို သမင်မက သူ၏လင်သားအတွက် အသက်စွန့်နိုင်သည်ကိုလည်း များစွာချီမွမ်းမိ၏။ ထို့ပြင် ဤညွှတ်ကွင်းထောင်ဖမ်းသည့် မုဆိုးသည် ရှေးဘဝများက ဘုရားလောင်း၏ပါရမီဖြည့်ဘက်လည်း ဖြစ်သဖြင့် သမင်မင်းနှင့် သမင်မအပေါ် မေတ္တာသက်ရောက် ကာ မသတ်တော့ဟု ဆုံးဖြတ်ပြီး ညွှတ်ကွင်းကို ဖြုတ်ပေးလိုက်၏။
မုဆိုးသည် ပြတ်လုနီးပါး အလွန် နာကျင်နေရှာသော သမင်မင်းခြေထောက်အား ကြီးမားသော မေတ္တာဖြင့် ဆုပ်နယ်ပေးလိုက်ရာ မုဆိုး၏ သမင်မင်း အပေါ်ထားရှိသည့် မေတ္တာကြောင့် ပြတ်နေသည့် အရေပါး၊ အရေထူ၊ အသား၊ အကြောများ အချင်းချင်းဆက်စပ်ကြကာ သမင်မင်း၏ခြေ ထောက်သည် မိမွေးတိုင်း ဖမွေးတိုင်း အကောင်း ပကတိ ပြန်ဖြစ်ခဲ့၏။
ကြီးမားလှသော မုဆိုး၏မေတ္တာကြောင့် အလောင်းတော် သမင်မင်းနှင့်ဇနီးတို့ ကိုယ်စိတ်နှစ်ပါး ချမ်းသာရာရခဲ့ကြ၏။
အလောင်းတော်သမင်မင်းကလည်း သူတို့စားကျက်တွင်ေ တွ့ထားခဲ့သော ပတ္တမြားတစ်လုံးကို မုဆိုးအား ကျေးဇူးဆပ်သောအားဖြင့် ပေးခဲ့၏။
ဤပတ္တမြားရတနာဖြင့် ရင်းနှီးစားသောက်ပါ၊ ပါဏာတိပါတ အမှုကိုလည်း ယနေ့မှစ၍ မပြုပါနှင့်ဟု ဆုံးမလိုက်၏။
သမင်မင်းသည် ဘုရားရှင်ဖြစ်လာပြီး သမင်မငယ်သည် ဘိက္ခုနီမဖြစ်လာကာ၊ မုဆိုးသည် ဆန္နအမတ်(ဆန္နမထေရ်) ဖြစ်လာခဲ့၏။
မေတ္တာစွမ်းပကားကား အလွန်ကြီးမားလှ ချေတကား။ ။

စိရံ တိဋ္ဌတု သဒ္ဓမ္မော
သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်