ယတြာချေရအောင်

အားလုံးအတွက် အားထားထိုက်၊ အားကိုး ထိုက်ရာအစစ်ကား ဘုရား၊ တရား၊ သံဃာဟူသော ရတနာသုံးပါးပင်ဖြစ်၏။ သို့သော် လူများသည် မိမိ အားကိုးချင်သည့် အရာကိုသာ အားကိုးမိတတ်ကြ၏။ ကမ္ဘာ့လူဦးရေ သန်းခြောက်ထောင်ကျော်အနက် ရတနာသုံးပါးကို အားကိုးသူကား အနည်းငယ်မျှပင် ဖြစ်၏။

ရတနာသုံးပါးကို အားထား ကိုးကွယ်ပါသည် ဆိုသော ဗုဒ္ဓဘာသာ ဝင်များထဲ၌ပင် ရတနာသုံးပါး ထက် ဂိုဏ်းဆရာ၊ ဗေဒင်ဆရာ၊ နတ်ဆရာ စသူ များကို အရေးပေါ်ပြေး၍ အားထားနေသူကား များ လှလေသည်။

လူများသည် အဘယ်ကြောင့် ဂိုဏ်းဆရာ၊ ဗေဒင်ဆရာ၊ နတ်ဆရာစ သူတို့ကို အရေးပေါ်ပြေး၍ အားထားနေရပါသနည်းဟု မေးခွန်းထုတ်သော် ရရှိဆဲ ချမ်းသာမှ မယုတ်လျော့ကြ ရန်နှင့် တွေ့ကြုံ ဆဲ အခက်အခဲမှ လွတ်မြောက်ကြရန် ဖြစ်လေသည်။

လူများသည် မိမိမတွေ့ချင်သော အခက်အခဲ များကို တွေ့ရခြင်းမှာ အစမထင် ရှည်လျားသော သံသရာ တစ်ခွင် ကျင်လည်ခဲ့စဉ်က ကုသိုလ် အကု သိုလ် အမျိုးမျိုးကို ပြုခဲ့မိကြလေရာ ကုသိုလ် အကျိုး ပေးခွင့် သာသောအခါ ချမ်းသာ အမျိုးမျိုးကို တွေ့ကြ ရပြီး အကုသိုလ် အကျိုးပေးခွင့်သာသောအခါ ဆင်းရဲ အမျိုးမျိုးကို တွေ့ရတတ်လေသည်။

သံသရာ ကျင်လည်ရသ၍ ဆင်းရဲနှင့် ကင်း နိုင်ကြသည် မဟုတ်ချေ။ သို့ဖြစ်၍လည်း ဘုရား၊ ရဟန္တာအလောင်းလျာတို့ သံသရာကိုအလွန်ကြောက် တော်မူကြ၏။

ဤသို့အကုသိုလ် အကျိုးပေးချိန်တန်၍ ဆင်း ရဲဒုက္ခ တွေ့ရသောအခါ ထိုဆင်းရဲဒုက္ခမှ အမြန်ဆုံး လွတ်မြောက်ရန်အတွက် ဗေဒင်ဆရာစသူတို့ထံ ပြေး၍ တိုင်ပင်ကြရ၏။

ဗေဒင်ဆရာတို့ကလည်း သူတို့တတ်မြောက် ထားသော ဗေဒင်ပညာဖြင့် ကိန်းအမျိုးမျိုးချ၍ တွက် ချက်ပြီး မိုးလေဝသ ကြေညာသကဲ့သို့ ရာခိုင်နှုန်းဖြင့် ဟောကြ၏။

မူလမဟာဘုတ် အခြေခံကာ သက်ရောက် ကိုလည်း ကြည့်သည်။ ဂြိုဟ်စားကိုလည်း ကြည့် သည်၊ သုံးတန်ပေါ်နိစ်ကိုလည်းကြည့်သည်၊ ရှားမီး စသော ကိန်းများကျမကျကိုလည်း ကြည့်သည်။ ဤသို့များစွာသော ကိန်းတို့ဖြင့်ကြည့်၏။ ရဝိ၊ ဘောမ၊ သောရိ၊ ရာဟု၊ (တနင်္ဂနွေ၊ အင်္ဂါ၊ စနေ၊ ရာဟု)ဟူ သော ဂြိုဟ်လေးလုံးသည် ပါပဂ္ဂဟ = ပါပဂြိုဟ် ဟု ခေါ်ကြရာ ထိုဂြိုဟ်လေးခုအနက် တစ်ခုခု သက် ရောက်နေသော်လည်းကောင်း၊ ဂြိုဟ်စားနေသော် လည်းကောင်း မကောင်းဟု အဟောထွက်လေ သည်။

မိမိအခက်အခဲ ကြုံနေခိုက်နှင့် ထိုဂြိုဟ်များ သို့ ရောက်ခိုက်နှင့် ကြုံသော် တကယ်ပင် ထိုဂြိုဟ် များကြောင့် ဖြစ်ရသည်ဟု ဗေဒင်ဆရာ၏ အဟော အရ ယုံကြည်ရတော့၏။ ဗေဒင်ဆရာပေးသော ယ တြာချေရတော့၏။

ဥက္ကာကျခြင်း၊ အရပ်မျက်နှာတောက်လောင် ခြင်း၊ လကြတ်ခြင်း စသည်သည် နိမိတ်၊ ထိုနိမိတ် သည် မကောင်းသော အကျိုးကိုဖြစ်စေတတ်သော ကြောင့် ဒုန္နိမိတ္တာ ခေါ်ဝေါ်ကြ၏။

အမြင်အကြား အတွေ့အားဖြင့် ကြောက် မက်ဖွယ်ကျက်သရေမင်္ဂလာမရှိခြင်းကို အဝမင်္ဂလဟု ခေါ်၏။

မြင်းဝံ၊ ဒီးဒုတ်၊ တစ်တီတူး စသောငှက်တို့၏ အော်မြည်အသံများသည် စိတ်နှလုံးမချမ်းသာစေ သော အသံများဖြစ်ကြ၍ အမနာပဟုခေါ်၏။ ပါပ ဂြိုဟ်စီးခြင်းကို ပါပဂ္ဂဟဟု ခေါ်၏။ ဦးခေါင်းပြတ်၊ သွေးထွက်သံယိုစသော အိပ်မက်များသည် မကောင်း သော အိပ်မက်ဒုဿုပိနမည်၏။

ထိုအရာများအနက် တစ်ခုခုကို တွေ့ကြုံရ သောသူများသည် အများအားဖြင့် ဗေဒင်ဆရာစသူ တို့ထံ ပြေးကြရတော့၏။

အချို့ဗေဒင်ဆရာများကလည်း တော်သည်။ သူထံရောက်လာသူ စိတ်ချမ်းသာအောင် ဟောပေး တတ်၏။ တစ်ခါက စာရေးသူ၏ တပည့် ဒကာတစ် ယောက် လက်စွပ်ပျောက်သွား၍ ပြန်ရနိုင် မရနိုင်သိ ချင်၍ ဗေဒင်ဆရာထံ သွား၏။ ရောက်ရောက်ခြင်း ဗေဒင်ဆရာက ဘာသိချင်လဲဟုမေး၏။ ဗေဒင်မေး သူက ပစ္စည်းပျောက်လို့ပါဟု ပြောလိုက်ရာ ဗေဒင် ဆရာက ခင်ဗျားပျောက်တာ လက်စွပ်ပဲ၊ လုံးဝပြန် မရနိုင်တော့၊ ခိုးသူက ရောင်းစားလိုက်ပြီ၊ သူ့လက် ထဲတွင်မရှိတော့ ခင်ဗျားဟာ အကယ်၍ လက်စွပ် မပျောက်ခဲ့သော် ကျိုး၊ ကန်း၊ သေ တစ်ခုခုဖြစ်ကို ဖြစ်ရမည်။ လက်စွပ်ပျောက်သဖြင့် ကျိန်းကျေသွားပြီ ကျိုး၊ ကန်း၊ သေ တစ်ခုမျှ မဖြစ်နိုင်တော့ဟု ဟောပေးလိုက်၏။ လက်စွပ်ပျောက်သည်ကိုပဲ ဝမ်း သာရသေးတော့၏။ ကြီးသည့်အမှု ငယ်ခဲ့ရသည်ဟု ယုံကြည်ကာ စိတ်သက်ရာရခဲ့၏။ ဤလို ဗေဒင် ဆရာကား မေးပျော်သေးသည်ဟု ဆိုရပေမည်။

အပ်ပျောက်သည်ကို ဗေဒင်မေးသော မိန်းမ ကဲ့သို့ကား မမိုက်သင့်ချေ။ ရှေးအခါက အမျိုးသမီး တစ်ယောက်သည် အိမ်ကြမ်းကြားထဲအပ်ကျ ပျောက် သဖြင့် ဗေဒင်ဆရာထံ သွားရောက်ကာ ကျသွား သောအပ် ပြန်ရနိုင်၊ မရနိုင် ဆန်တစ်ပြည် ငွေတစ် မတ် ပေး၍ မေးပါသတဲ့။

ဗေဒင်ဆရာကတော့ ပြန်မရနိုင်၊ ယနေ့ ည နေ သင့်ယောကျာ်း ရိုက်တာကိုတော့ ခံရလိမ့်မည်ဟု ဟောလိုက်၏။

အိမ်ပြန်ရောက်သောအခါ အိမ် အောက်ဆင်း ပြီး အပ်ကို အသည်းအသန်ရှာပါသတဲ့။ အပ်ကား အိမ်သားပြန်လာသည်အထိ မတွေ့သေး။ အိမ်သား က ဘာလုပ်နေတာလဲဟုမေးရာ အပ်ရှာနေကြောင်း ပြောပြ၏။ အပ်ကား ရှာမတွေ့။

အပ်ရှာမတွေ့သည်အဆုံး၌ အပ်ပျောက်၍ ပြန်မရနိုင်ဟု ဟောပြောချက် မှန်လှကြောင်း လင် တော်မောင်အား ပြောပြ၏။ ခင်ပွန်းဖြစ်သူက မင်း အပ်က ဘယ်လောက်တန်လဲဟုမေးရာ အလွန်ဆုံး တန်မှ တစ်မတ်ဟု ဖြေ၏။ ဗေဒင်မေးခ ဘယ် လောက်ပေးရလဲဟုမေးရာ ဆန်တစ်ပြည် ငွေတစ် မတ်ဟုဖြေ၏။

ခင်ပွန်းဖြစ်သူက တစ်မက်တန် အပ် ပြန်ရမရ ကို ဆန်တပြည်ငွေ တစ်မတ်အကုန်ခံ မေးရလောက် အောင် အçရသလားဟု ပြောကာ ကျောပြင်ကို ဗျော သွင်ပြုကာ တအားထုပါတော့၏။

ခင်ပွန်းဖြစ်သူ ရိုက်လိုက်ကာမှ အပ်ပြန်မရ ဟူသော ဟောချက်အပြင် ယနေ့ညနေ “ယောကျာ်း အရိုက်ခံရမည်”ဟု ဟောထားသော ဗေဒင် ဆရာ ဟောကွက်ပါ မှန်သွားလေရာ ဇနီးဖြစ်သူက မှန်ပါပေ့ ဗေဒင်ဆရာရယ်ဟု ဗေဒင်ဆရာကို တçကာ အော်၍ ငိုပါသတဲ့။ ဗေဒင်ယုံသူကား ဤမျှယုံ၏။

ဗေဒင်ဆရာစကား နားထောင်လွန်းလျှင် လည်း မှားတတ်၏။ ဘုရားလက်ထက်တော်က သာ ဝတ္ထိမြို့သူ သူဌေးသမီးကို ဇနပုဒ်သား သူဋ္ဌေးသား အတွက် မိဘတို့က လာရောက် တောင်းရမ်းပြီး မင်္ဂလာဆောင်ရန် ရက်သတ်ကာ ပြန်သွားကြ၏။

ဇနပုဒ်ပြန်ရောက်မှ သူတို့ဆရာ တက္ကတွန်း များအား သူတို့သတ်မှတ်သော မင်္ဂလာရက်၊ နေ့ ကောင်းရက် မြတ်ဟုတ်မဟုတ်မေးကြရာ တက္ကတွန်း တို့သည် သူတို့ကို မတိုင်ပင်ဘဲ ပြုရကောင်းလားဟု ပျက်စီးစေလို သောစေတနာဖြင့် “ဒီနေ့မကောင်း မင်္ဂလာပြုလျှင် တစ်မျိုးလုံး တစ်ဆွေလုံး ဒုက္ခရောက် မည်”ဟု ဟောပါသတဲ့။

တက္ကတွန်းစကားကို ယုံကြည်သူ ဇနပုဒ်သား သူဌေးလင်မယားသည် တက္ကတွန်းတို့ပြောသော ရက် ကောင်း ရက်မြတ်ရောက်မှ သွားကြရာ တောင်းရမ်း သူများလှသော ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပမာ ဖြစ်နေသော သူဌေးသမီးကို သူတို့ထက်သာသော ရှေးကတောင်းဖူးသည့် မြို့သူဌေးသားနှင့် ပေးစား လိုက်ကြသဖြင့် ဗေဒင်ယုံသူ ဇနပုဒ်သားသူဌေးသား ဇနီးလောင်းကို လက်လွှတ်လိုက်ရပါသတဲ့။

ဗေဒင်ဆရာက ယတြာခြေခိုင်းလျှင် အတိ အကျချေ၏။ ယတြာဟူသည် မျှတခြင်းဟုအဓိပ္ပာယ် ရလေရာ ယတြာချေဟူသည် မျှတသွားအောင် မိမိ၌ရှိနေသော အကုသိုလ်များကို ချေပစ်ခြင်းဟု အဓိပ္ပာယ်ရှိနိုင်သည်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ အနေနှင့် ငါးလွှတ်ခြင်း စသော ကုသိုလ်ကောင်း မှုဖြင့်သာ ယတြာချေသင့်၏။ ကုသိုလ်မရသော၊ အကုသိုလ်ဖြစ်စေနိုင်သော ယတြာချေမှုမျိုးကို မပြု သင့်ချေ။

မိမိကိုယ်တွေ့တစ်ခု တင်ပြချင်သည် စာရေး သူ ရဟန်းဘဝသို့ မရောက်မီ လွန်ခဲ့သော အနှစ် ၃၀ ကျော်က ဖြစ်သည်။

ရုံးလုပ်ဖော်ကိုင်ဖက်တစ်ယောက်က သံရုံး တွင် တာဝန်ထမ်းဆောင်နေသော သူ့ဖခင်၏ ရာထူး အတွက် စိုးရိမ်ဖွယ်ရှိ၍ ယတြာချေချင်သည်ဟု စာရေးသူအား တိုင်ပင်ရာ စာရေးသူက ထိုစဉ်က ကျောက်ဆည်မြို့ ဝေဘူဆရာတော်ဘုရားကြီး ရန် ကုန်အင်းလေးဓမ္မာရုံမှာ ခေတ္တသီတင်းသုံး အပူဇော် ခံခိုက်နှင့် တိုက်ဆိုင်နေရာ မိမိဖခင် ရာထူးခိုင်မြဲရန် ဟု ရည်ရွယ်ဆုတောင်းပြီး နေရာထိုင်အခင်းကို လှူ ရန် အကြံပေးခဲ့သည်။ ထိုသူသည် မိမိတိုက်တွန်း သည့်အတိုင်း ပြုခဲ့ရာ ရာထူးတည်တံ့သွားခဲ့ဖူး၏။ ဤကား ယတြာပင်ဖြစ်၏။

အကောင်းဆုံးယတြာကား ပရိတ်ကြီး(၁၁) သုတ်တွင်လာရှိသော ပုဗ္ဗဏှသုတ်ကို ရွတ်ဖတ်၊ နာကြားခြင်းပင်ဖြစ်၏။

ပုဗ္ဗဏှသုတ်၌ ယံဒုန္နိမိတ္တံ အစရှိသော သုံးဂါ ထာ။ ယံကိဉ္စိ – အစရှိသော သုံးဂါထာ။ ဘဝတု သဗ္ဗမင်္ဂလံ စသော သုံးဂါထာ။ သုနက္ခံ သုမင်္ဂလံ အစရှိသော သုံဂါထာနှင့်အတူ မေတ္တာပွားများသော ဂါထာများ ပါဝင်သည်။

ခုဒ္ဒကပါဌပါဠိတော်၊ အင်္ဂုတ္တရ နိကာယ်လာ ပါဠိတော်ဂါထာများနှင့်အတူ ရှေးဆရာကြီးများ စီရင် ထားတော်မူခဲ့ခြင်းဖြစ်၏။

ယုံကြည်စွာ ရွတ်ဖတ်နာကြား ခြင်းအားဖြင့် နိမိတ်မကောင်းခြင်း၊ အမင်္ဂလကို မြင်ရ၊ ကြားရ၊ အရိပ် အြွမက်တွေ့ရခြင်း၊ မကောင်းသော အသံကြား ရခြင်း၊ ဂြိုဟ်စီးဂြိုဟ်နင်း မကောင်းခြင်း စသည်နှင့် အိပ်မက် မကောင်းခြင်း အားလုံးပပျောက်နိုင်သည်။

ဗုဒ္ဓ၏ အစိန္တေယျဂုဏ်၊ ဓမ္မ၏ အစိန္တေယျ ဂုဏ်၊ သံဃာ၏ သုပ္ပဋိ ပန္နတာစသောဂုဏ်ကို အောက်မေ့သဖြင့်ဖြစ်သော ကုသိုလ်စေတနာ၏ အစွမ်းသတ္တိကြောင့် ပပျောက်သွားခြင်းဖြစ်၏။

အကောင်းဆုံး ယတြာကား ရတနာသုံးပါး ဂုဏ်ကို အောက်မေ့ခြင်းပင်ဖြစ်ရာ ထေရဝါဒ ဗုဒ္ဓ ဘာသာပီပီ ကုသိုလ်လည်းရ ယတြာလည်းကျေ၊ ပုဗ္ဗဏှသုတ်ကို ရွတ်ဆိုနာကြားခြင်းဖြင့် ယတြာချေ ကြပါစို့ဟု တိုက်တွန်းအပ်ပါသတည်း။ ။

စိရံတိဋ္ဌတုသဒ္ဓမ္မော

သဒ္ဓမ္မဏ္ဍိုင်ဆရာတော်