ပုံပြင်တစ်ပုဒ်ကြားဖူး၏။
ကြားဖူးသောပုံပြင်မှာ အညာကျေးလက် ဒေသက ဆရာတော်ကြီးတစ်ပါးသည် အောက်ပြည် အောက်ရွာသားများကို အထင်သေးလေ့ ရှိပါသတဲ့။ တစ်နေ့သောအခါ၌ ထိုအကြောင်းကို သိထားသော အောက်ပြည်အောက်ရွာသား ဦးပဉ္ဇင်းငယ် တစ်ပါး သည် ထိုဆရာတော်ကြီးကျောင်းသို့ အလည် ရောက် ရှိလာခဲ့၏။
ဆရာတော်ကြီးသည် ထိုဦးပဉ္ဇင်းအား အထင် သေးသော မျက်လုံးဖြင့်ကြည့်ကာ ဦးချပြီးလျှင်ပြီး ချင်း “မောင်ပဉ္ဇင်း နှစ်ဦးတန်ခူးလအခါ အောက်ပြည် အောက်ရွာမှာ ဘာပွဲတော်များ ကျင်းပလေ့ရှိသလဲ”
ဟု မေးလိုက်၏။ ဦးပဉ္ဇင်းက မိမိကို အထင်သေး၍ မေးခြင်းသာဖြစ်မည်ဟုသဘောပေါက်ပြီး
“မှန်ပါ့ဘုရား … နှစ်ဦးတန်ခူးလအခါ အောက်ပြည်အောက်ရွာ မှာ မီးထွန်းပွဲများ ကျင်းပလေ့ရှိကြောင်းပါ ဘုရား” ဟု ရွဲ့၍ ဖြေဆိုလိုက်ရာ ဆရာတော်ကြီးက “လွဲလိုက် လေ မောင်ပဉ္ဇင်းရယ်”ဟု မိန့်တော်မူ၏။
ထိုနောက် ဆက်လက်ပြီး ဆရာတော်ကြီးက “မောင်ပဉ္ဇင်း … မောင်ပဉ္ဇင်းတို့ အောက်ပြည် အောက်ရွာမှာ သီတင်းကျွတ်တဲ့အခါ ဘာပွဲတော်များ ကျင်းပလေ့ရှိသလဲ”ဟု ထပ်၍မေးတော်မူပြန်၏။
ထိုအခါ အောက်ပြည်အောက်ရွာသား အာ ဂန္တု ဦးပဉ္ဇင်းက “မှန်ပါဘုရား၊ ဘုရားတပည့်တော်တို့ အောက်ပြည်အောက်ရွာမှာ သင်္ကြန်ရေသဘင်ပွဲများ ကျင်းပကြောင်းပါ ဘုရား”ဟု ရွဲ့၍ ဖြေဆိုလိုက်ရာ ဆရာတော်ကြီးက “လွဲလိုက်လေ မောင်ပဉ္ဇင်းရယ်” ဟု ယခင်အတိုင်း ထပ်၍ မိန့်တော်မူပြန်၏။
ထိုအခိုက် ကျောင်းပေါ်သို့ သီလရှင်ကြီး တစ်ပါး တက်လာရာ အာဂန္တုဦးပဉ္ဇင်းငယ်က ရွဲ့ပြီး “ဆရာတော်ဘုရား အဲ့ဒါ ဆရာတော်ရဲ့ ဇနီးပါလား ဘုရား”ဟု မေးလိုက်ရာ ဆရာတော်ကြီးက နဖူးကို လက်ဝါးနှင့် ရိုက်ပြီး “အလွဲကြီး လွဲလိုက်လေ မောင် ပဉ္ဇင်းရယ်”ဟု ထိတ်လန့်စွာ မိန့်တော်မူပါသတဲ့။
ယခုလည်း စာစီစာရိုက်ကွန်ပျူတာ အော် ပရေတာတို့၏ စာဖတ်အားနည်းသဖြင့် စာပေ ဗဟု သုတ နည်းပါးမှုနှင့် ဖောင့်အပြောင်းအလွဲများကြောင့် စာများကျရစ်ကာ အဓိပ္ပာယ်မပေါ်၊ အဓိပ္ပာယ်ပျက် ဖြစ်ကြရသည်။ ယခင်တစ်ပတ် မနောမယဂမ္ဘီရ ဂျာနယ် (အမှတ် ၈၃၅)၌ ရှေးရေး ဒွေးချိုးကဗျာ တစ်ပုဒ်ကို ဆောင်းပါးအစ၌ဖော်ပြထားရာ စာရိုက်သူ တို့၏ ချို့ယွင်းမှု၊ ဤဆောင်းပါးရှင်က စာမူပေးပြီး ခရီးထွက်သွားရာ ပရုဖ်မဖတ်နိုင်မှုတို့ကြောင့် မူလ ကဗျာ ရေးသော စာဆိုသာ ရှိသေးလျှင် ထပ်၍ သေချင်လောက်အောင် စိတ်ပျက် ရှာပေလိမ့်မည်။စာမူရှင်က –
မှုံပြာငယ်ရီ၊ ကုမ်ရာသီတပို့တွဲမှာလ
ပေါက်လဲငယ် ထိန်
အဝါရောင်တောက်ချိန်မို့
တောင်မြောက်လေနှော။
ညီးလို့ရယ်ဝါ
မီးရှို့ကာ ဘယ်သူတိုက်ခဲ့ပါလိမ့်
ပူလိုက်လေ အကျိုးဘာမျှမနပ်ခဲ့ပါကလာ့း။
လူမိုက်တွေ ပိုးသတ္တဝါ သတ်ရော့ထင့်
(အိုကွယ်) ရိုးပြတ်လယ်တော။
ရေးပေးခဲ့ရာ –
ဂျာနယ်၌ တောင်မြောက်အစား၊ ထောင် မြောက်ဟုလည်းကောင်း၊ ဘယ်သူတိုက်ခဲ့ပါလိမ့် အစား ဘယ်သူ ထိုက်ခဲ့ပါလိမ့်ဟုလည်းကောင်း၊ ပိုးသတ္တဝါ သတ်ရော့ထင့် ကို ပိုးသတ္တဝါ သတ်ရော ထင်ဟူလည်းကောင်း၊ ရိုးပြတ်လယ်တောကို စိုးပြတ် လယ်တောဟူ၍လည်းကောင်း ကဗျာတစ်ပုဒ်ထဲ ခြောက်နေရာ မှားယွင်းခဲ့သည်။ မူလစာဆိုသာရှိက “လွဲလိုက်လေ စာစီသူရယ်” ဟု ဆိုရှာမည်သာ။ ဤ သည်များက စာရိုက်သူ၏ အလွဲဖြစ်၏။
ဖောင့်အပြောင်းအလွဲကြောင့် လွဲခဲ့ရသည်ဟု ယူဆရသော အလွဲမှာ ဤအရှင်က မနောမယဂမ္ဘီရဂျာနယ် အမှတ် (၈၃၄)၌ ဆေးမှန်မှန်သောက် ရောဂါ ပျောက် ကျန်းမာရေးပညာပေးဆောင်းပါးကို ရေး သားပြီး စာစီစာရိုက်ပေးလိုက်၏။ ဂျာနယ်ထွက်ရှိလာ သောအခါ TB ရောဂါစွဲကပ်နေသူများအတွက် ဆေး ဝါးကောင်းများ ပေါ်ထွန်းလာခဲ့သော်လည်း ဆရာဝန် ညွှန်ကြားချက်အတိုင်း သတ်မှတ်ထားသည့်ဆေး၊ ဆေးပတ်လည်အောင် မသောက်သုံးသော လူနာ များသည် ဆေးမတိုးဘဲ အသက်ဆုံးရှုံးခဲ့ရသည်ဟု ရေးသားခဲ့ရာ။ TB ၌ T တစ်လုံးတည်းသာပါရှိပြီး၊ B ပြုတ်ကျနေခဲ့သဖြင့် အဓိပ္ပာယ်မပေါ်ဖြစ်ခဲ့ရသည်။ ထိုဆောင်းပါးတစ်ပုဒ်လုံး TB စာလုံးပါသော နေရာ တိုင်း B ပြုတ်ကျနေသဖြင့် T ရောဂါ၊ T ဆေးဝါး၊ T ရောဂါပိုးဟု ဖြစ်နေသည်။ “လွဲလိုက်လေ ဖောင့် ရယ်” ဟု ပြောရမလားမသိ။
ယခုကာလ၌ စ နှင့် ဆ သုံးစွဲမှု လွဲမှားသူက လည်း အများအပြား။ စ နှင့် ဆ သည် အက္ခရာချင်း နီးကပ်သလောက် အဓိပ္ပာယ်က ဆန့်ကျင် ဝေးကွာ လှသည်။ ဥပမာ စိုင်း နှင့် ဆိုင်း၊ အပြင်းစိုင်း၍ လာခဲ့ပါဟု ဆိုလျှင် မနားမနေ အမြန်ဆုံးလာရမည်ဟု ဆိုလိုသည်။ ခတ်ဆိုင်းဆိုင်း လာခဲ့ပါဟု ဆိုလျှင် ဖြည်းဖြည်း လာရမည်ဟု ဆိုလိုသည်။
စိုင်းဟူသည် မရပ်မနားသွားခြင်းဖြစ်ပြီး၊ ဆိုင်းက နားနေခြင်းဖြစ်၏။ သစ်ရွက်ြွေကသံ နာခံ ရင်း ဆိုင်းမယ် ဟူသောစကား၌ သစ်ရွက်ကြွေသံကို နားထောင်ပြီး ခေတ္တနားဦးမည်ဟု ဆိုလိုသည်။
စောစောစီးစီးကို အချို့က ဆောဆောဆီးဆီးဟု မှားယွင်းစွာ ပြောဆိုရေးသားသည်ကိုလည်း တွေ့ ရဖူး၏။ ထမင်းဆာသည်ကို ထမင်းစာသည်ဟု၍ လည်းကောင်း၊ အစစ်ကို အဆစ်ဟူ၍လည်းကောင်း၊ မှားယွင်းပြောဆို ရေးသားတတ်ကြ၏။
လက်တွေ့သာဓက တစ်ခုမှာ ပြီးခဲ့သော အာ ဇာနည်နေ့မတိုင်မီက သတင်းစာ ဆောင်းပါးတစ်ပုဒ် တွင် စ နှင့် ဆ လွဲပြီး အာဇာနည်ခေါင်းဆောင်ကြီး များနှင့်အတူ ရဲဘော်ကိုထွေးလည်း အစစ်ပါသွား ရှာသည် ဟူ၏။
ဆောင်းပါးရှင် ဆိုလိုသည်က ရဲဘော်ကို ထွေးပါ အာဇာနည်ခေါင်းဆောင်ကြီးများနှင့် အတူ အဆစ်(အပို)ပါသွားရှာသည်ဟုဖြစ်၏။ သို့သော် စ နှင့် ဆ လွဲမှားစွာ ကွန်ပျူတာ စာစီလိုက်သဖြင့် ကိုထွေး အစစ်ပါသွားရှာသည်ဟု အဓိပ္ပာယ်သက် ရောက်ခဲ့ရသည်။
“အော် … လွဲလိုက်လေ မောင်ပဉ္ဇင်း ရယ်” ဟု ဆရာတော်ကြီး ညည်းသလိုသာ ညည်း လိုက်ချင်ပါတော့သည်။
စိရံ တိဋ္ဌတု သဒ္ဓမ္မော
သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်