ဒုဋ္ဌဂါမဏိမင်းကြီး၏ သေနည်းလမ်းညွှန်

ဒုဋ္ဌဂါမဏိမင်းကြီးသည် သက်တော် (၆၈)နှစ် အရွယ်၊ (ဘီစီ ၁၃၇)၌ အပြင်းအထန် နာမကျန်း ဖြစ်တော်မူ၏။ တည်ထားဆဲဖြစ်သော မဟာစေတီ တော်ကြီးသည် အုတ်ရိုးသာပြီး၍ ထီးတော်တင်ခြင်း၊ အင်္ဂတေလိမ်းကျံခြင်း ကိစ္စမပြီးစီးသေးချေ။

ထိုအခါ မင်းကြီးက မှူးမတ်တို့အား ဒီဃဝါပိ အရပ်၌နေသော ညီတော်တိဿမင်းသားအားခေါ် စေပြီး စေတီတော်ကြီး ပြီးစီးအောင် ဆောင်ရွက် ခိုင်း၏။ ညီတော် တိဿသည် အပ်ချုပ်သမား၊ ပန်းချီဆရာ၊ တောင်းရွေသမားတို့ကိုခေါ်ကာ စေတီ တော်ကြီးကို သန့်ပြန့်သစ်လွင်သော အဝတ်ဖြင့် ပတ်ကာ ဆေးချယ်စေ၏။ ထီးတော်ကို ဝါးဖြင့်ပြုကာ တင်စေ၏။ ပဒုမ္မာကြာရွက်ဖြင့် လဝန်းတို့ကို လုပ်စေ ၏။ ညောင်ရွက်ဆည်းလည်းများလည်း အမြန်ဆုံး ပြုလုပ်ခိုင်းပြီး နောင်တော်အား စေတီတော်ကြီး ပြီးစီး ကြောင်း သံတော်ဦးတင်သည်။

ဒုဋ္ဌဂါမဏိမင်းကြီးသည် စီးမြဲယာဉ်ဖြင့် လျောင်းလျက်ထမ်းစေပြီး မဟာစေတီတော်ကို လကျာ်ရစ် လှည့်ပတ်၍ ရိုသေစွာရှိခိုးပြီး တောင် တံခါးဝတွင် သန့်သန့်ရှင်းရှင်း ခင်းထားသော မြေ အခင်းပေါ်၌ လက်ယာနံပါးဖြင့် လျောင်းလျက် မဟာ စေတီတော်ကို ပူဇော်ရှိခိုး၏။ ထို့နောက် လက်ဝဲနံပါး ဖြင့် လျောင်းကာ လောဟပါသာဒကို ရှုမျှော်၍ ပူဇော်ရှိခိုး၏။

မင်းကြီး နာမကျန်း ဖြစ်တော်မူသည်ကို သတင်းမေးရန်ြွကလာသော ရဟန်းတော်အပေါင်း ကား ၉၆ ကုဋေပင်ရှိသည်ဟုဆို၏။ ရဟန်းတော်များ သည် အစုအဖွဲ့ဖြင့် တရားတော်မြတ်ကို ရွတ်ဖတ် သရဇ္ဈယ်ပေးတော်မူ၏။ မင်းကြီးသည် ထိုရဟန်း တော်များထဲတွင် ထေရပုတ္တာဘယမထေရ်ကို မမြင်၍ –

‘အဘယအမည်ရှိတဲ့ သူရဲကောင်း စစ်သူကြီး ဟာ ကျေးမင်းတွေနဲ့ငါ (၂၈)ကြိမ်တိုင်တိုင် စစ်ပွဲကြီး တွေ ဆင်နွှဲကြစဉ်က ငါမရှုံးဘူးဆိုတာသိလို့ ငါ့ကို ဝန်းရံပြီး အဖော်ပြုလုပ်ခဲ့ပေမယ့် အခုတော့ သေမင်း နဲ့ စစ်ထိုးနေရတဲ့အခါ ငါရှုံးမှာသိလို့ ငါ့ဆီမလာ တော့ဘူးထင်ပါရဲ့’ဟု တွေးတောကြံစည်မိ၏။

ထိုအကြံကို ကရိန္ဒမြစ် မြစ်ဖျားခံရာ ပဉ္စလိ တောင်၌ သီတင်းသုံးတော်မူသော အဘယမထေရ် သည် ပရစိတ္တဝိဇာနန အဘိညာဉ်ဖြင့် သိတော်မူ၍ ရဟန္တာ ၅၀ဝ နှင့်တကွ ကောင်းကင်ခရီးဖြင့် ကြွလာတော်မူ၍ မင်းကြီး၏အနီး၌ တည်တော်မူ၏။

မင်းကြီးသည် အဘယမထေရ်ကို ဖူးမြင်ရ သောအခါ ရင်းနှီးကြည်ညိုသော စိတ်ရှိ၍ အနီးသို့ြွကစေပြီး ‘အရှင်ဘုရား တပည့်တော်ဟာ ရှေးအခါ အရှင်မြတ် အပါအဝင် သူရဲကောင်းကြီး တစ်ကျိပ် နှင့်အတူ ရှေ့တန်းက စစ်တိုက်ခဲ့ရပါတယ်၊ အခုတော့ တပည့်တော်တစ်ယောက်တည်းပဲ သေမင်းနဲ့ စစ် တိုက်ဖို့ ကြိုးစားရပါတော့မယ်၊ သေမင်းကို တပည့် တော် နိုင်အောင် မတိုက်နိုင်တော့ပါဘူး ဘုရား’ ဟု လျှောက်၏။

ထေရပုတ္တာဘယ မထေရ်သည် ရုပ် နာမ် ဟူသမျှ အစိုးမရပုံကို ဒုဋ္ဌဂါမဏိမင်းအား ဤသို့ ဟောပြတော်မူ၏။ ‘မင်းကြီး …မကြောက်နဲ့၊ ကိလေသာ ရန်သူကိုမျှ မအောင်နိုင်ဘူးဆိုရင် သေမင်း ဆိုတဲ့ ရန်ကိုလည်း မအောင်နိုင်ဘူး။ အလုံးစုံသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေဟာ မမြဲကြဘူးလို့ ဘုရားရှင် ဟောတော်မူတယ်။ ဒါကြောင့် သင်္ခါရ တရား အားလုံးပျက်ကြရမှာပဲ။ ဇရာ၊ မရဏ၊ အနိစ္စ တရားတွေဟာ အရှက်ကြောက်မရှိ အတုမဲ့(အတူမဲ့) တန်ခိုးရှင် ဘုရားသခင် ကိုယ်တော်ကိုတောင် ကပ်ပြီး နှိပ်စက်ကြတယ်။ ဒါကြောင့် ငါ့ရဲ့ရုပ်နာမ်ခန္ဓာ ဟူ သမျှဟာ မမြဲဘူး ဆင်းရဲအစစ်သာဖြစ်တယ်၊ အစိုး မရဘူး၊ အတ္တမဟုတ်ဘူးလို့ နှလုံးသွင်းပါတော့’ ဟု ဟောကြားတော်မူ၏။

ဒုဋ္ဌဂါမဏိမင်းကြီးက ‘အရှင်ဘုရား … အခုအခါမှာ ငိြုွေကးခြင်းဆိုတဲ့ စစ်သည်များလည်း တည်ရှိနေပြီ၊ မသိခြင်း ဗိုလ်ပါများအစုဖွဲ့နေပါတယ်၊ ပြင်းစွာ တွေဝေခြင်း လှံက ထလာပါတယ်။ ယောင် ယမ်းမြည်တမ်းခြင်း အလံတံခွန်ကို မြှောက်ထောင်ပါ တယ်။ နှလုံးမသာယာခြင်း စည်ကို တီးပါတယ်၊ ရင်ကို ထုခြင်းဆိုတဲ့ ကြေးနင်း ခွက်ခွင်းဟာ ဖြစ်နေပါ တယ်။ ပြင်းစွာပင်ပန်းခြင်းဆိုတဲ့ ခရုသင်းကို မှုတ်ပါ တယ်၊ မျက်ရည်ဆိုတဲ့ သွေးတွေ စီးကျပါတယ်၊ ဒုက္ခ ဝေဒနာဆိုတဲ့ လှံနဲ့ထိုးပါတယ်၊ ကာယိက ဒုက္ခ ဆိုတဲ့ ဆောက်ပုတ်နဲ့ ရိုက်ပါတယ်၊ ထိတ်လန့်ခြင်း ဆိုတဲ့ သံစက်ကို ယူလာကြပါတယ်၊ အမျိုးမျိုးသော တံတွေးဆိုတာတွေလည်း ယိုစီးကြပါတယ်၊ သံဝေဂ ဆိုတဲ့ ခရုသင်းဟာ လွှမ်းအုပ်ပြီး သေခြင်းဆိုတဲ့ မြား စူးဝင်ပါတယ်။ သေခြင်းတရားဆိုတဲ့ ဆင်က နင်းပါတယ်။ ကုသိုလ် အကုသိုလ် ဆိုကြတဲ့ သူရဲ ကောင်းများ စစ်ထိုးနေကြပါတယ်၊ ယမမင်းရဲ့ တမန် များလည်း လှည့်လည်နေကြပါတယ်၊ သေခြင်းဆိုတဲ့ စစ်ဖြစ်နေပါတယ်၊ ဒီစစ်ကို အောင်နိုင်စွမ်းရည်ရှိတဲ့ သတ္တဝါဆိုတာ မရှိပါဘုရား’ဟု လျှောက်၏။

ထိုအခါ အဘယမထေရ်က ‘မင်းကြီး … မင်းကြီးဟာ အရင်ဘဝ သာမဏေဖြစ်စဉ်ကလည်း အားကြီးတဲ့ ကုသိုလ်ကြောင့် နတ်ပြည်ရောက် ကြောင်း နိမိတ်တွေ ထင်ပါလျက် နတ်ချမ်းသာကို ပယ်ပြီး အခုလို ပြည်သူကို အစိုးရတဲ့မင်း ဖြစ်လာပြီး ကြီးမားတဲ့ ကုသိုလ် ကောင်းမှုတွေကိုပြုပါတယ်၊ မင်းကြီးရဲ့ ဧကရာဇ် ဖြစ်ရခြင်းဟာ ဘုရားသာသနာ ထွန်းပဖို့အတွက် ဖြစ်တယ်။

ကုသိုလ်အလွန်များလှတဲ့ ကောင်းမှုရှင်မင်း ကြီး … မင်းကြီးဟာ ဒီနေ့အထိ မပြတ်ပြုနေတဲ့ ကုသိုလ်တွေကို သတိရပါတော့၊ အဲဒီလို အောက်မေ့ တတ်ရင် နတ်ချမ်းသာဟာ အမြန်ဆုံး ရောက်လာ လိမ့်မယ်’ဟု မိန့်တော်မူ၏။

ထိုစကားကို ကြားသောအခါ ဒုဋ္ဌဂါမဏိ မင်းကြီးသည် ဝမ်းမြောက်လှ၍ ‘အရှင်ဘုရား … အရှင်ဘုရားဟာ တပည့်တော်ရဲ့ နှစ်ကြိမ်မြောက်သော စစ်ပွဲမှာလည်း အဖော်ဖြစ်တော်မူပါပေတယ်’ဟု ဆိုကာ ရိုသေစွာရှိခိုးပြီး ကောင်းမှုစာရင်း ရေးသား ထားသော ပုရပိုက်ကို ဆောင်စေပြီး စာရေးတော် ကိုဖတ်စေ၏။ စာရေးတော်သည် မင်းကြီး၏ ကုသိုလ် တော်စာရင်းကို ဤသို့ အစဉ်အတိုင်းဖတ်၏။

မြတ်သောမင်းကြီး …မင်းကြီးသည် ဗုဒ္ဓ သာသနာတော်အတွက် –

(၁) ကျောင်းဆောင်ပေါင်း ၉၉ ဆောင်      ပါရှိသော ၁၉ ကုဋေတန် မရီစဝဋ္ဋိ ကျောင်းတော်ကြီး အလှူ။

(၂) နတ်ဗိမာန်နှင့်တူသော ကုဋေ ၃၀ တန် လောဟပါသာဒ အလှူ။

(၃) မဟာစေတီတည်ရာ၌ တန်ဖိုးမဖြတ် နိုင်သော လှူဖွယ်ဝတ္ထုအမျိုး ၂၀ အလှူ။

(၄) မဟာစေတီတည်သည်မှတစ်ပါး လှူဖွယ် ဝတ္ထု ကုဋေ ၁၀ဝ၀ တန်အလှူ။

(၅)     ကောဠမ္ဗမည်သော ရောဟနဇနပုဒ်၊ မလယအရပ်၌နေစဉ် ဒုဗ္ဘိက္ခန္တရကပ်ကြုံ၍ လူ အပေါင်းတို့ မရိုးသီးပြုတ်၍ စားနေရချိန် တန်ဖိုး မဖြတ်နိုင်သော နားတောင်းတော် နှစ်ခုကိုပေး၍ ဆပ်ဆန်ဝယ်ပြီး မလိယမဟာဒေဝ မထေရ် အမှူး ပြုသော ရဟန္တာ ငါးပါးတို့အား ဟင်း၊ ယာဂုနှင့် တကွသော ဆပ်ဆွမ်းအလှူ။

(၆)       စူဠင်္ဂဏိယ၌ ညီတော် တိဿနှင့် စစ် ထိုးကြရာ အရေးမလှ၍ ပြေးရစဉ် တစ်ယောက်စာ ထမင်းကို စားမည်ကြံခိုက် အလှူခံကိုြွေကးကြော် ဖိတ်မန်ရာ           ကြွလာသော  ရဟန္တာအရှင်မြတ်အား ကိုယ့်အသက်ကို မငဲ့ဘဲ ရွှေခွက်၌ ထည့်သမျှ အကုန် လှူလိုက်သည့် ဆွမ်းအလှူတို့ကို ပေးလှူခဲ့ပါ၏။

ဤကုသိုလ်တော်စာရင်းကို ကြားရသော မင်းကြီးသည် ကြည်လင်စွာ ဤသို့မိန့်တော်မူ၏။

‘ငါဟာ မရီစဝဋ္ဋကျောင်း အနုမောဒနာပြုတဲ့ ခုနစ်ရက်၊ လောဟပါသာဒ အနုမောဒနာပြုရတဲ့ ခုနစ်ရက်မှာ အရပ်လေးမျက်နှာက ကြွလာတဲ့ ဘိက္ခု၊ ဘိက္ခုနီ သံဃာကို အဖိုးများစွာတန်တဲ့ အလှူကြီးကို လိုလေသေးမရှိပြုခဲ့တယ်၊ ကဆုန်လပြည့်နေ့ ပူဇော် ပွဲကြီး (၂၄)ကြိမ်ပြုခဲ့တယ်၊ သီဟိုဠ်တစ်ကျွန်းလုံးရှိ သံဃာကို တိစီဝရိတ် သင်္ကန်း(၃)ကြိမ် လှူခဲ့တယ်၊ သီဟိုဠ်ကျွန်း ဧကရာဇ်ရဲ့ အဖြစ်ကို သာသနာတော် အား ပူဇော်လိုလို့ (၅)ကြိမ်တိုင်တိုင် လှူဒါန်းခဲ့တယ်။

ဒါ့အပြင် ဆီ၊ ဆွမ်း၊ ယာဂု၊ ဆေး ပစ္စည်း၊ ပျားဆွမ်း၊ ဃနာနို့ဆွမ်း၊ ထောပတ်ဖြင့်ချက်တဲ့ မဟာ ဇလမုန့်၊ လစဉ် ၈ ရက်ဥပုသ်နေ့တို့၌ ကျောင်း တိုက်တို့တွင် ဆီမီးထွန်းရန် ဆီအလှူတို့ကို များစွာ လှူခဲ့တယ်။

ဓမ္မဒါနဖြစ်စေရန် သီဟိုဠ်ကျွန်း၌ ရှိသမျှသော  ဓမ္မကထိကပုဂ္ဂိုလ်တို့အား ပူဇော်၍ တရားပွဲများ ကျင်းပခြင်း တရားအလှူ၊ အဲဒီတရားဟော ပုဂ္ဂိုလ်တို့ အားလှူဒါန်းသည့် တစ်ကွမ်းစားစီသော ညထော ပတ်၊ တင်လဲ၊ သကာနှင့် အရှည်လက်လေးသစ် ပမာဏ တစ်ဆုပ်ရှိသော နွယ်ချိုအလှူနှင့် ပုဆိုးအစုံ အလှူဆိုတဲ့ အလှူမျိုးစုံ လှူခဲ့တယ်။

အဲဒီ အလှူအမျိုးမျိုး လှူခဲ့ရပေမယ့် စိတ် ထဲက အားမရဘူး၊ ဆင်းရဲစဉ် အသက်ကို မငဲ့ဘဲ လှူလိုက်ရတဲ့ ဆပ်ဆွမ်းနဲ့ တစ်ယောက်စာ ထမင်း အလှူကိုသာ ငါ အလွန်အားရ နှစ်သက်တော်မူ တယ်’ ဟု မိန့်တော်မူ၏။

ထိုစကားကို ကြားသော အဘယ မထေရ် သည် မင်းကြီးအား ကြည်ညိုခြင်း တိုးပွားစေရန် ထိုဒါနနှစ်ရပ်ကို ထပ်ကာထပ်ကာ ချီးမွမ်းတော်မူ၏။

‘မင်းကြီး …အဲဒီဆပ်ဆွမ်းကို အလှူခံတဲ့ ရဟန်း ငါးပါးထဲက မလယအရပ်မှာ သီတင်းသုံးတဲ့ မလိယ ဒေဝမဟာထေရ်ဟာ ဆွမ်းအလှူခံပြီး သုမန တောင်မှာနေတဲ့ ရဟန်း ၉၀ဝ ကို ခွဲဝေလှူဒါန်းတယ်။ မြေကိုလှုပ်စေတဲ့ ဓမ္မဂုတ္တမထေရ်ဟာ အဲဒီဆွမ်းကို အလှူခံပြီး ကလျာဏီကျောင်းမှာနေတဲ့ ရဟန်း ၅၀ဝ ကို ဝေငှဘုဉ်းပေးစေတယ်။ ကိုယ်တိုင်လည်း ဘုဉ်း ပေးတယ်။

တလင်္ဂအရပ်မှာနေတဲ့ ဓမ္မဒိန္န မထေရ်ဟာ ပိယင်္ဂုကျွန်းမှာနေတဲ့ ရဟန်းတစ်သောင်းနဲ့ ဝေခြမ်း ဘုဉ်းပေးတယ်။ မင်္ဂလာအရပ်မှာနေတဲ့ တန်ခိုးကြီး ခုဒ္ဒတိဿ မထေရ်ဟာ ကေလာသကျောင်းမှာ နေ ကြတဲ့ ရဟန်း ခြောက်သောင်းတို့ကို လှူဒါန်းပြီး ဘုဉ်းပေးတယ်။ မဟာဗျဂ္ဃမထေရ်ဟာ ဆွမ်းအလှူ ခံပြီး ဥက္ကနဂကျောင်းမှာ နေကြတဲ့ ရဟန်း ၇၀ဝ တို့ကို လှူဒါန်းပြီးမှ ကိုယ်တိုင်လည်း ဘုဉ်းပေးတယ်။

ရွှေခွက်နဲ့ထည့်တဲ့ တစ်ယောက်စာလောက် ဆွမ်းကို အလှူခံတဲ့ ကုဋုမ္ဗီက ပုတ္တတိဿ မထေရ် ဟာလည်း ရဟန်း တစ်သောင်းနှစ်ထောင်တို့ကို လှူဒါန်းပြီးမှ ဘုဉ်းပေးတယ်’ဟု မိန့်တော်မူ၏။

ထိုအခါ ဒုဋ္ဌဂါမဏိမင်းကြီးက ‘အရှင်ဘုရား .. တပည့်တော်ဟာ ၂၄ နှစ်ပတ်လုံး သံဃာတော်အား ကျေးဇူးများစွာ ပြုခဲ့ပါတယ်။ အဲဒီလို သံဃာတော်ရဲ့ ကျွန်ဖြစ်တဲ့ တပည့်တော်ရဲ့ ရုပ်အစုဟာလည်း သံဃာတော်အား ကျေးဇူးများစေချင်ပါတယ်။ မဟာ စေတီကို မြင်ရာ အရပ်ဖြစ်တဲ့ သံဃာတို့ ကံကြီး ကံငယ်ပြုရာ ဥပုသ်အိမ်မှာ တပည့်တော်ကိုယ်ကို မီးသင်္ဂြိုဟ်ပါ’ ဟုလျှောက်၏။

ထို့နောက် မင်းကြီးသည် ညီတော် တိဿ အား ‘ငါ့ညီတိဿ …မဟာစေတီတော်ကြီးကို ပြီး အောင်တည်ပါ။ ဒီမဟာစေတီမှာ နံနက်၊ ညဥ့် အချိန်အားလျော်စွာ ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူပါ။ ပဉ္စင်္ဂတူရိယာသံဖြင့် ပူဇော်ပါ။ ဘုရားရှင်သာသနာမှာ ငါပြုတဲ့ အလှူဝတ်ကိုလည်း မဆုတ်ယုတ်အောင် အားထုတ်ပါ၊ သံဃာတော်တို့ရဲ့ ကိစ္စများမှာလည်း မမေ့မလျော့ရစ်ပါနဲ့’ဟု မှာကြားကာ ဆိတ်ဆိတ် နေ၏။

ထို့နောက် မင်းကြီးသည် လျောင်းလျက် ရဟန်းသံဃာတော်တို့ သရဇ္ဈာယ်သော ပရိတ်တရား တော်ကို နာကြားကာ မဟာစေတီတော်ကို ဖူးမြော် ရင်း နတ်ရွာစံခဲ့ရာ တုသိတာနတ်ပြည်၌ ဖြစ်လေ သည်။

လင်္ကာဒီပ(သီရိလင်္ကာ)ပြည့်ရှင် ဘုရင် ဒုဋ္ဌ ဂါမဏိ၏ ဘဝနိဂုံးက မရဏဘေးနှင့် မကင်းနိုင်ကြ သေး သူတို့အတွက် သေတတ်ကြစေရန် များစွာ နည်းပေးလမ်းပြ ပြုသွားခဲ့၏။ သတ္တဝါတိုင်း ရှောင်၍ မရသောဘေးကား သေဘေးပင် ဖြစ်၏။ အဆင့်မြင့် သတ္တဝါဖြစ်သည့် လူတစ်ယောက်အနေနှင့် မလွဲ မသွေ တွေ့ကြရမည့်ဘေးကို စနစ်တကျ ရင်မဆိုင် တတ်လျှင် ဘဝဟောင်းချုပ်သည်နှင့် ဖြစ်ပေါ်လာ မည့် ဘဝသစ်အတွက် ကျေနပ်ဖွယ်မဖြစ်နိုင်ချေ။

သေခါနီးပုဂ္ဂိုလ်တစ်ယောက်အတွက် ရှေး ယခင်က ကြိုတင်ပြုထားသော ဒါန၊ သီလ၊ ဘာဝနာ သာမက ကွယ်လွန်ခါနီး ပြုရမည့် ကုသိုလ် အာသန္နကံ ကို ပြုမိရန်လည်း အရေးကြီး၏။ ကုသိုလ်ဖြစ်အောင် ပြုပေးတတ်သော မိတ်ကောင်း ဆွေကောင်း မိမိ အနီး၌ ရှိနေရန်လည်း အရေးကြီး၏။

ဒုဋ္ဌဂါမဏိမင်းကြီးကား ရဟန္တာ အဘယ မထေရ်၊ ညီတော် တိဿ တို့ကဲ့သို့သော မိတ်ကောင်း ဆွေကောင်းများကြောင့် စုတေခါနီး၌ ကုသိုလ် အာသန္နကံကို များစွာပြုဖြစ်ခဲ့သည်။ မိမိလှူထား သော ဒါနကုသိုလ်များကို စာဂါနုဿတိ ဘာဝနာ ဖြစ်အောင် ပွားဖြစ်ခဲ့သည်။ ကုသိုလ်ဇောများ များစွာ စောကာ စုတိစိတ်ကျခဲ့၍ တုသိတာနတ်ဘုံ ဟူသော သုဂတိသို့ ရောက်ခဲ့ရသည်။

အားကျနည်းယူဖွယ် ကောင်းလှပါ၏ …။

 

စိရံ တိဋ္ဌတု သဒ္ဓမ္မော

သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်