သူမကောင်းလည်း ကိုယ်ကောင်းပါ

သူမကောင်းလည်း ကိုယ်ကောင်းပါ

❖ မြတ်စွာဘုရားက . . . လောကမှာတဲ့ ….

❖ တစ်ချို့လူတွေက . . .
ကိုယ့်အပေါ်မှာ ပတ်ဝန်းကျင်က ကောင်းလို့
ကိုယ်ကကောင်းနေတာ ။
ဆိုလိုတာက သူများတွေက တော်နေလို့ ကောင်းနေတဲ့
သူတော်ကောင်း ဖြစ်နေရတာ။

❖ တစ်ချို့ကျတော့ . . .
ကိုယ့်ပတ်ဝန်းကျင်က သိပ်ကောင်းတယ်လေ။
ပတ်ဝန်းကျင်က ကိုယ့်အလိုအတိုင်းပြည့်နေတော့
သဘောကောင်းလိုက်တာ။
ပတ်ဝန်းကျင်အဆိုးနဲ့ တွေ့ရတဲ့အခါမှာ . .
သဘောကောင်းသလား၊ မကောင်းဘူးလား?
ဆိုတာကို ဆုံးဖြတ်ကြည့်ရမယ်။

❖ တစ်ချို့ကျတော့လည်း . . .
တစ်စုံတစ်ခုရပြီးတော့ ဦးစားပေးခံနေရလို့
သဘောကောင်းနေတာလည်းရှိသေးတယ်။
ဦးစားပေးခံရလို့ သဘောကောင်းနေတာမျိုးဟာလည်း
ရှိတတ်ပါတယ်။

❖ အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ တကယ်သဘောကောင်းတာမျိုး
မဟုတ်ပါဘူး။
ပတ်ဝန်းကျင်ကောင်းနေတာကြောင့်ဆိုရင်
တကယ်ယဉ်ကျေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။
” နိဝါတ” ဘယ်တော့မှ စိတ်မဆိုးတဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။
” ဥပသန ္တ” စိတ်နှလုံးငြိမ်းအေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။
❖ ငါဟာ တကယ်သဘောကောင်းတဲ့သူလား ?
ပတ်ဝန်းကျင်ကောင်းလို့ ကောင်းတာ၊ စိတ်မဆိုးတတ်တာလား ?
စိတ်ဆိုးစရာမရှိလို့ စိတ်မဆိုးတာလား ?
စိတ်ဆိုးစရာတွေ့ရင် စိတ်ဆိုးမှာပါလား ?

❖ ပတ်ဝန်းကျင်ကောင်းလို့ ငါကောင်းနေတာပါလား။
တကယ့်ကို ပတ်ဝန်းကျင်ကမကောင်းတဲ့ကြားမှာ
ငါကောင်းအောင်နေနိုင်ရဲ့လား ?
ကိုယ့်ကို ထော်လော်ကန့်လန့်လုပ်နေတဲ့ သူတွေရဲ့ကြားမှာ
ကိုယ့်စိတ်ကို ဘယ်လောက်ထိန်းနိုင်သလဲ ဆိုတာကို စဉ်းစားကြည့်ပါ။

…………………………………………………………….

မြတ်စွာဘုရားက လောကမှာတဲ့ …

ပတ်ဝန်းကျင်က ကောင်းလို့ ကိုယ်က ကောင်းနေတာ ။
ဆိုလိုတာက သူများတွေက တော်နေလို့
ကိုယ်က ကောင်းနေတဲ့ သူတော်ကောင်း ဖြစ်နေရတာ ။

တစ်ချို့က တစ်စုံတစ်ခုရပြီး ဦးစားပေးခံနေရလို့
သဘောကောင်းနေတာ ။
အဲလို ပုဂ္ဂိုလ်မျိုးဟာ တကယ်သဘောကောင်းတာ မဟုတ်ပါဘူး။
ပတ်ဝန်းကျင်ကောင်းနဲ့ တွေ့နေလို့ ယဉ်ကျေးတဲ့ပုဂ္ဂိုလ် ဖြစ်နေတာ။

” နိဝါတ ” – ဘယ်တော့မှ စိတ်မဆိုးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူးတဲ့ ။
“ဥပသန္တ ” – စိတ်နှလုံးအေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး ။

ကိုယ့်ကိုယ်ကို ပြန်ပြီး စဉ်းစားကြည့်ပါ ။
– ငါဟာ တကယ်သဘောကောင်းတဲ့သူလား ?
– ပတ်ဝန်းကျင်ကောင်းလို့ စိတ်မဆိုးတတ်တာလား ?
– စိတ်ဆိုးစရာ မရှိလို့ စိတ်မဆိုးတာလား ?
– စိတ်ဆိုးစရာတွေ့ရင် စိတ်ဆိုးမှာလား ?
– ကိုယ့်စိတ်ကို ဘယ်လောက်ထိန်းနိုင်သလဲ ? ဆိုတာ
စဉ်းစားကြည့်ပါ။

————————————

ဒါကြောင့်မို့ မြတ်စွာဘုရားက ဒီသုတ္တန်ရဲ့ အစ ရှေ့ပိုင်းမှာ
သာဝတ္ထိပြည်မှာတဲ့ . . . .။

” ဝေဒေဟိကာ ” ဆိုတဲ့ အိမ်ရှင်သူဌေးမကြီး တစ်ယောက် ရှိတယ်။ အဲဒီသူဋ္ဌေးမကြီးမှာ ” ကာဠီ ” ဆိုတဲ့ အိမ်စေ တစ်ယောက်ရှိတယ် ။

ကာဠီဟာ အရမ်းတော်တယ် ။ အိမ်ရှင်သူဌေးမကြီး ဘာမှ ပြန်ကြည့်စရာမလိုအောင် အိမ်မှုကိစ္စတွေအားလုံး အကုန်ဖြည့်ဆည်းလုပ်ကိုင်ပေးတယ်။

အဲဒီအခါ အိမ်ရှင်မကြီးဟာ နှလုံးအေးချမ်းတဲ့အတွက် ဒေါသထွက်တာ မရှိဘူး ။ ဒါကြောင့် ပတ်ဝန်းကျင်က အိမ်ရှင်သူဌေးမကြီးဟာ အလွန်စိတ်ကောင်းရှိတယ် ဆိုပြီး ချီးကျူးစကား ပြောဆိုကြတယ်။

အဲဒါကို ကာဠီဆိုတဲ့ ကျွန်မက စဉ်းစားတယ် ။
ငါတော်လို့ ငါကောင်းလို့ ငါလုပ်ပေးနေလို့ သူဌေးမကြီးက
ကောင်းနေတာလား ?
ငါမလုပ်ပဲထားရင် ငါ့အပေါ် သူကောင်းနိုင်ပါ့မလား ဆိုပြီး
သူဌေးမကြီးရဲ့စိတ်ကို စမ်းသပ်တယ် ။

————————————————

နောက်တနေ့မနက်ကစပြီး ကာဠီဟာ အိပ်ယာမထဘူး။
သူဌေးမကြီးက နေမကောင်းလို့ အိပ်နေတာလား မေးတော့
မထချင်လို့ လို့ ပြန်ဖြေတယ် ။

သူဌေးမကြီး ဒေါသအနည်းငယ်ဖြစ်လာတဲ့အတွက် လေသံမာလာတယ်။ အဲဒီတစ်နေ့တော့ ဒီတိုင်း ထားလိုက်တယ် ။

နောက်တစ်နေ့ကျပြန်တော့လဲ မထပြန်ဘူး။ အိမ်ရှင်သူဌေးမဟာ ဒေါသစိတ်ကနေ ကိုယ်ထိလက်ရောက် ဖြစ်လာပြီး ကာဠီကို ရိုက်နှက်တော့တယ် ။

ကာဠီရဲ့ခေါင်းကို ရိုက်မိပြီး သွေးထွက်လာတယ် ။
ဒီအခါ ကာဠီက အိမ်နီးချင်း ပတ်ဝန်းကျင်ကို လှည့်ပြီး . . .
” ဒီမှာ ကြည့်ကြပါဦး , အရမ်းသဘောကောင်းပြီး စိတ်ထား ကောင်းတဲ့ , အရပ်က ချီးမွမ်းကြတဲ့ သူဌေးမကြီးရဲ့ ရက်စက်ပုံကို ကြည့်ပါ ” ဆိုပြီး အော်တယ် ။

ကာဠီက ခေါင်းအကွဲခံပြီး စမ်းသပ်ခံတယ် ။

အဲဒီနေ့ကစပြီး သဘောကောင်းတဲ့ အိမ်ရှင်မဟာ ဆိုးတဲ့ အိမ်ရှင်မ ဖြစ်သွားတော့တယ် ။
—————————————

ဒီနေရာမှာ အဋ္ဌာကထာဆရာကြီးက ရေးထားတာ မှတ်သားစရာ ကောင်းတယ် ။

၁ – ” ဂုဏာ နာမ သဏိကံ အာဂစ္ဆန္တိ ”
ဂုဏ်ဆိုတာ ဖြည်းဖြည်းချင်း တက်လာတယ်။

၂ – ” ဒေါသော ခဏေနေဝ ပတ္တယတိ”
မကောင်းသတင်းကျတော့ ချက်ချင်း ပြန့်တယ် တဲ့ ။

ဂုဏ်တစ်ခုရဖို့ ဆိုတာ အချိန်အများကြီး လိုတယ် ။
လူတစ်ယောက် ဂုဏ်တက်လာဖို့ ” ဝုန်း ” “ဒိုင်း ” ဆိုပြီး
တက်မလာဘူး ။

သို့သော် အပြစ်ကျတော့ မကောင်းသတင်းက ချက်ချင်းထွက်တယ်။
အဲဒီအချိန်ကစပြီးတော့ ဝေဒေဟိကာ သူဌေးမကြီးဟာ ဆိုးလိုက်တာ ဆိုးလိုက်တာ လို့ ဖြစ်လာတော့တာပဲ ။

ဒါကြောင့် မြတ်စွာဘုရားက ဘယ်လိုဟောသလဲ ဆိုရင် –
သူများတော်နေလို့ , ကောင်းနေတဲ့အကောင်းမျိုး မဖြစ်စေနဲ့တဲ့ ။
ပင်ကိုယ်က ကောင်းအောင်ကျင့်ပါ . . .လို့ ဒီလို ဟောတယ် ။

ပင်ကိုယ်က ကောင်းနေလို့ရှိရင် ဒီလို ရိုက်နှက်သည်အထိ
ဘယ်ဖြစ်မလဲ ။
———————————–

အဲဒီနောက်မှာ မြတ်စွာဘုရားက –
လောကမှာ လူတွေဟာ အချင်းချင်း ဆက်ဆံကြတဲ့အခါ
– မဟုတ်မမှန် ပြောတာတွေလည်း ရှိချင်ရှိမယ် ။
– ရိုင်းရိုင်းပြပြ ပြောတာတွေလည်း ကြုံရမယ် ။
– ကျိုးကြောင်းဆီလျော်မှု မရှိတာတွေလည်း ပြောတာတွေ ကြုံရမယ်။
– အဲလိုကြုံလာခဲ့လို့ရှိရင် မြတ်စွာဘုရားက အဲဒီစကားမုန်တိုင်းတွေကို
ဘာနဲ့ ခံယူမလဲတဲ့ ။
– ” မေတ္တာ ” နဲ့ ခံယူပါ တဲ့။
– အဲဒီနေရာမှာ မေတ္တာနှလုံး အစဉ်သုံးလို့ ပြောတာနော် ။

“ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ”
( မေတ္တာနှလုံးအစဉ်သုံး ၊ စာ- ၁၈- ၂၄ ) မှ ကောက်နုတ်ပူဇော်ပါ၏

Credit – ဓမ္မ နှစ်သက်သူ

★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★

❖ မေတ္တာဖြင့် ဓမ္မဒါန မျှဝေပူဇော်ပါသည်။