ဘာလို့ စိတ်ပျက်ရမှာလဲ

“စိတ်ပျက်လိုက်တာ ဆရာငြိမ်းရယ် … သေသာ သေလိုက်ချင်တော့တာပဲ”
သည်စကားလုံးကို ကြားလိုက်ရကတည်းက ဘယ်သူဘယ်ဝါလဲဟူ၍ မေးစရာမလိုတော့။ ရွာဦး ထိပ်မှ မခင်တုတ်ပင် ဖြစ်၏။ သူမ၏အလုပ်ကိုက ရွာမှထွက်ရှိသော ရာသီပေါ် ဟင်းသီးဟင်းရွက် အသီးအနှံများကို သင့်တော်သည့် ဈေးဖြတ်လျက် ကောက်ယူကာ ဒလဈေးသို့လည်းကောင်း၊ ဘို ကလေးဈေးသို့ လည်းကောင်း၊ ၃၈ လမ်းဈေးသို့ လည်းကောင်း သွားရောက်ရောင်းချသည့် အလုပ် ဖြစ်၏။ ဟင်းသီးဟင်းရွက် အသီးအနှံများ ပြတ်လပ်လျှင် ရွာ၏ ကွင်းထဲမှ ထွက်ရှိသော ကွမ်းများကို ကောက်ယူကာ ရောင်းချပြန်ပါ၏။
တကယ်ဆိုရင် အလုပ်နှင့်လက် မပြတ် အောင် လုပ်တတ်သော မခင်တုတ်အဖို့ မပြေလည်စရာ အကြောင်းရှိမည်မဟုတ်။ သို့ငြား သူ့နှုတ်က အပြုသဘောထက် အပျက်သဘောသို့ စီးလျက်ရှိ ၏။ ကားမရလည်း မရလို့၊ ရပြန်တော့လည်း ကားခတွေ မတရားတောင်းလို့၊ ဈေးထဲရောက်တော့ နေရာ ကောင်းကို သူများဦးသွားလို့၊ နေရာကောင်းရပြန်တော့လည်း ထင်သလောက်မရောင်းရလို့၊ ရောင်းရ ပြန်တော့လည်း ဈေးကောင်းမရလို့၊ ဈေးကောင်း ပြန်တော့လည်း ကုန်တွေက အလိုရှိသလောက် ကောက်ခံမရလို့၊ ကောက်၍ ရပြန်တော့လည်း နှာစေးအအေးမိပြီးဖျားလို့ စသဖြင့် အကြောင်းအမျိုး မျိုးပေါ်ကာ –
“စိတ်ပျက်လိုက်တာ ဆရာငြိမ်းရယ်၊ သေသာ သေလိုက်ချင်တော့တာပဲ”ဟူသည့် စကားသံ ထွက်ပေါ်လာတော့သတည်း။ ဝသီအရ ညည်းတွား သည်ကို အပြစ်မဆို သာသော်လည်း ပြောပါများ၊ ညည်းပါများသည့် စကားတို့သည် ပုဗ္ဗနိမိတ်ဖြစ်တတ်ကြောင်းကို မခင်တုတ် မသိရှာချေ။
သည့်အတွက်ကြောင့် ကျွန်ုပ် အေးအေးဆေးဆေး နားနေသည့်အချိန်ကို ရွေးလျက် မခင်တုတ်ရောက်ရှိလာခြင်း ဖြစ်လိမ့်မည်။
“ဆရာငြိမ်းရယ် …ကျွန်မရဲ့ အခက်အခဲ တွေကို ကူညီဖြေရှင်းပေးပါဦး၊ စိတ်ပျက်လိုက်တာ။ ကျွန်မတော့ သေသာ သေလိုက်ချင်တော့တာပဲ”
ဝသီကား ကျွန်ုပ်ထံမှောက်ရောက်သည့်တိုင်မပျောက်။
“ညည်းမှာ ဒီစကားလုံးက လွဲပြီး တခြားစကားလုံးကို ရွေးပြီး ပြောစရာ မရှိတော့ဘူးလားကွယ်။ အဲသည်လိုမျိုး ပြောတတ်လို့ နှုတ်ကြောင့်ကျေ၊ လက် ကြောင့် သေရတာတွေ အများကြီးကွယ့်”
သည်တော့မှပင် ခမျာလည်း စကားမှား မှန်းသိသည့်အတွက် အားတုံ့အားနာ ဖြစ်သွားပုံရ လေသည်။
“ဆင်ခြင်ပါမယ် ဆရာငြိမ်းရယ်၊ သတိက မေ့တတ်လွန်းလို့ ထွက်ထွက်သွားတာပါ”
“အေးကွယ် ရှိပါစေတော့”
သို့ဆိုပြီးသကာလ သူမအတွက် စိတ်ပျက် စရာများ ကင်းပစေရေးအတွက် နေ့အလိုက် အပြင် ထွက်လေတိုင်း လုပ်ဆောင်ရမည့် ယတြာတို့ကို ပေးလိုက်ပါချေ၏။ ထိုယတြာကို ယုံကြည်စိတ်ချ စွာ လုပ်ဆောင်ပါက ဈေးဦးပေါက်ခြင်း၊ ဈေးရောင်း ကောင်း၍ ဈေးကောင်းရခြင်း၊ သွားမှုလာမှု အဆင်ပြေခြင်း၊ ပြောဆိုတိုင်း နှုတ်အောင်ခြင်း၊ တုံ့ဆိုင်း တုံ့ဆိုင်းဖြစ်နေသော လုပ်ငန်းများ ရှောရှောရှူရှူဖြစ် ခြင်းတို့စသော အကျိုးတရားများ ခံစားရမည်ဖြစ်ပါသည်။ လုပ်ဆောင်ရမည်မှာကား –

၁။ တနင်္ဂနွေနေ့ အိမ်မှထွက်လျှင် ပန်းတစ်ပွင့်ပွင့်ကို အားရအောင် ရှူပြီးမှထွက်ပါ။

၂။ တနင်္လာနေ့ အိမ်မှထွက်လျှင် ထရံ (သို့) အိမ်၊ တိုက်နံရံကို လက်နှင့် သုံးချက် ပုတ်ပြီးမှ ထွက်ပါ။

၃။ အင်္ဂါနေ့ အိမ်မှထွက်လျှင် အုတ်ခဲပေါ် နင်းပြီးမှထွက်ပါ။

၄။ ဗုဒ္ဓဟူးနေ့ အိမ်မှထွက်လျှင် ကတ်ပြား တစ်ချပ်အား အိတ်ထဲ ထည့်ပြီးမှထွက်ပါ။

၅။ ကြာသပတေးနေ့ အိမ်မှထွက်လျှင် ဆားအနည်းငယ်ကို လျှာပေါ်တင်ပြီးမှထွက်ပါ။

၆။ သောကြာနေ့ အိမ်မှထွက်လျှင် ရင်ဘတ် ကို သုံးခါပုတ်ပြီးမှ ထွက်ပါ။

၇။ စနေနေ့ အိမ်မှထွက်လျှင် မျက်စိကို ၅ခါ အဖွင့်အပိတ်လုပ်ပြီးမှ ထွက်ပါ။

သုတေသီဆရာငြိမ်း