ချူချာလျှင် မပူပါနှင့်။

“သမီးရဲ့ ဘကြီးတစ်ယောက် ကျန်းမာရေး မကောင်းဘူး။ ချူချာနေတယ်ဆို”
“ဟုတ်တယ် ဦးရဲ့ …အဲဒီအတွက် သမီးတို့တစ်အိမ်လုံး စိတ်ထဲ မဖြောင့်တာအမှန်ပဲ။ ဘကြီး သက်ကျော်ကို အမြဲတမ်းစောင့်ကြည့်ရအောင်ကလည်း အားလုံးက အလုပ်နဲ့ လက်နဲ့ မပြတ်လုပ်နေကြတဲ့သူတွေချည်းပဲဆိုတော့ အိမ်မှာ တူမလေး အာနိုးနဲ့ ထားခဲ့ရတာ တထင့်ထင့်ပါပဲ”
တူမသဖွယ် ခင်မင်ရသော သီသီခမျာ သူ့ဘကြီးတစ်ယောက်ဖြစ်သော ဦးသက်ကျော်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး စိတ်သောက ရောက် နေရရှာပါသည်။
“နေပါဦး သမီး၊ ဘကြီးရဲ့ ရောဂါက ဘာ ရောဂါတဲ့လဲ”
“ရောဂါကတော့ စုံနေတာပါပဲ။ ငယ်ငယ် တုန်းကတည်းကနေ ပြီးခဲ့တဲ့နှစ်နှစ်လောက်အထိ အသောက်အစားက မဆင်ခြင်တော့ တကယ်ရောဂါ ဖြစ်လာပြီဆိုတာနဲ့ စုပြုံပြီး ခံရတော့တာပါပဲ။ သူနဲ့ သောက်ဖော်သောက်ဖက် ဦးစံကြီးတို့၊ ဦးနောင် လတ်တို့ဆို ဆုံးတာတောင် ကြာလှပြီပေါ့။ ခုတော့မှ နောင်တရနေတယ်”
“အေးကွယ်နောင်တရပြီဆိုရင် ကောင်းပါ တယ်။ သူ့ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းတွေကို သွားမပြကြည့်ဘူးလား”
“ပြပါတယ်ဦးရဲ့ အင်းစိန်ဆေးရုံက ဆရာ ဦးတည်အေးတို့ ဆိုရင်အများကြီး အကူအညီပေးရှာပါတယ်။ စားဆေးသောက်ဆေးတွေ သာမက အားနည်းနေရင် ဒရစ်တွေ ဘာတွေတောင် အခမဲ့ သွင်းပေးရှာပါတယ်”
“ကောင်းပါလေ့ကွယ် ခေတ်မီဆေးဝါးတွေ ရှိနေ၊ ပေါ်နေတာနဲ့ ရောဂါနဲ့ အစပ်အဟပ် တည့်ပြီဆိုရင် ချူချာတာတွေ ပျောက်သွားမှာပါ။ ကျန်းမာဝဖြိုးလာမှာပါ”
“အဲဒီလိုပဲ မျှော်လင့်ပါ တယ်ဦးရယ်။ ခက်တာက ဆေးမစူးတာပဲဦးရဲ့”
“ဟဲ့ ဒါဆိုနေဦး။ ယုံကြည်မယ်ဆိုရင် လုပ်ကြည့်ပေါ့။ ချူချာပြီး နေမကောင်းတာတို့၊ နာတာ ရှည်ရောဂါဖိစီးနေတာတို့၊ ဆေးမစူးတာတို့အတွက် အစွမ်းထက်တဲ့ ယတြာတွေ ဦးမှတ်ထားတာရှိတယ်”
“ဟာ ဒါဆိုပေးပါဦးရယ် … ယုံယုံကြည် ကြည်လည်း လုပ်ပါ့မယ်။ ဘာတွေဘယ်လို လုပ်ရမှာလဲဟင်၊ အကုန်အကျကော များမှာလားဟင်”
“မများပါဘူးကွယ် တကယ်လုပ်မယ်ဆိုရင် ဦးကပဲ ဒကာခံပါ့မယ်”
“ကျေးဇူးပါပဲဦးရယ်၊ သမီး တို့မှာလည်း တစ်နေ့လုပ်မှ တစ်နေ့ စားရတာဆိုတော့ ကသီလို့ပါ”
“ကိစ္စမရှိပါဘူး”
သို့ဖြင့် ကျွန်ုပ်လည်း လေ့လာမှတ်သားခဲ့သော ယတြာလေးများကို ပြန်ပြောင်းစဉ်းစားရင်း သတိရလာသမျှကို ပြောပြလိုက်ပါသည်။
ပထမနည်းမှာ အိပ်ရာဘေး၌ ကြံတစ်ချောင်း ထားပြီး အိပ်ပါ။ မနက်ရောက်လျှင် ထိုကြံအား လူမမာ၏ သက်စေ့ပိုင်းပြီး ဆင်ကို ကျွေးပါ။ မကျွေးနိုင် ပါက ရေစီးနေသော ချောင်း/မြစ်ထဲ စွန့်ပစ်ပါ။
ဒုတိယနည်းမှာလူမမာ၏ အိပ်ရာနံဘေး၊ ဖီးကြမ်းငှက်ပျောတစ်ဖီးထား၍ အိပ်ပါ။ မနက်ရောက်လျှင် အမှန်တကယ်စားသုံးမည့်သူတစ်ဦးဦးအား စွန့်ကြဲလိုက်ပါ။
တတိယနည်းမှာ ဆန်ကိုးဆုပ်ကို အိပ်ရာခေါင်းရင်း ခေါင်းအုံးအောက်မှာ ထားပြီးအိပ်ပါ။ မနက်ကို အိမ်ရှေ့ဘက်သို့ တစ်ဝက်၊ ရေထဲသို့ တစ် ဝက် စွန့်ပစ်ပါ။
ကျွနု်ပ်လည်း ထိုသုံးနည်းကို ပေးလိုက်၏။ သုံးရက်မြောက်နေ့တွင် တူမငယ်သီသီရောက်လာ ပြီး တတိယနည်းဖြင့် ယတြာချေလိုက်ကြောင်း သိသိသာသာဆေးစူးလာပြီဖြစ်၍ စားနိုင်သောက်နိုင် လမ်းလျှောက်နိုင်ပြီဖြစ်ကြောင်း သိလိုက်ရရာ ကျွန်ုပ်လည်း ချူချာနေသော ဆေးမစူးသော ဦးသက်ကျော်အတွက် ဝမ်းသာပီတိဖြစ်ရပါ၏။
ရောဂါကြောင့် အိပ်ရာထဲလဲနေသော လူမ မာများ၊ ဆေးမစူးဘဲ ချူချာနေပါက အထက်ပါ နည်းများမှ သင့်ရာတစ်ခုခုဖြင့် ယတြာချေကြည့်စေချင်ပါ၏။ ယုံကြည်မှုဖြင့် အောင်မြင်မှု ရရှိနိုင်ပါစေသတည်း။

သုတေသီ ဆရာငြိမ်း