သုတေသီဆရာငြိမ်း

သုတေသီဆရာငြိမ်း

ကံပွင့်ဖို့ ကံဖွင့်စို့

စာရှုသူတို့အနေဖြင့် မိမိတို့တော့ ကံဆိုးမိုးမှောင်ကျနေပါပြီ။ ကံဆိုးနေပါပြီဟု အထင် အမြင်ရှိပါက အောက်ပါအတိုင်းယတြာချေကြည့်စေ ချင်ပါသည်။

“အခုတလော ဘာဖြစ်နေတယ် မသိပါဘူး။ ဘာလုပ်လုပ်ဘာကိုင်ကိုင် ကံကောင်းတယ်ကို မရှိဘူး။ ဖြစ်လာလိုက်မှ အဆိုးချည်းပဲ ကံပိတ်နေပြီ ထင်တာပဲ။ ကံပိတ်နေခဲ့ရင် ကံပွင့်အောင် ကံပွင့်ဖွင့် ပေးစေချင်ပါတယ်ဆရာ”

သည်လိုမျိုး စကားသံကို ကြားလိုက်ပြီ ဆိုကတည်းက အသံရှင်သည် သူရဲသမိန်သားလေး မောင်ချစ်မှလွဲ၍ တခြားမဖြစ်နိုင်တာ သေချာသည်။ သူ့နှယ် ရောက်လေရာနေရာ၌ ညည်းညည်းညူညူ  လုပ်တတ်သူတစ်ဦး ရှိသေး၏။ သုဝဏ္ဏနေအိမ်ကို ရောင်းချပြီး မြောက်ဥက္ကလာပ နီလာ(၆)လမ်းကို ပြောင်းရွှေ့လျက် ဝက်သိုးအငှားလိုက် လုပ်ငန်းကို လုပ်ကိုင်သည့် မောင်ကျော်စိန်ဆိုသူဖြစ်၏။ အကယ် တန္တု မောင်ချစ်နှင့် မောင်ကျော်စိန်တို့ နှစ်ဦးသား သာ တစ်ယောက်ကိုတစ်ယောက် သိကျွမ်းခင်မင်ခဲ့ ကြပါလျှင် ဩကာသတစ်ခွင်လုံး ညည်းညူသံတွေ ဖုံးလွှမ်းသွားလိမ့်မည်မှာ သေချာပါချိမ့်။

မောင်ကျော်စိန် တစ်ယောက် ဝက်သိုးအငှား လိုက်လုပ်ငန်း အဆင်မပြေဖြစ်ကာ ညည်းညူခဲ့စဉ်တုန်းက ကျွန်ုပ်လည်း တတ်သည့် ပညာမနေသာ ဆိုသကဲ့သို့ မောင်ကျော်စိန်၏ ပိတ်နေသောကံတွေ ပွင့်သွားရလေအောင် မြန်မာ့ရိုးရာ အသုံးချ အင်္ဂဝိဇ္ဇာ ဗေဒင်ပညာရပ်တို့ဖြင့် အကူအညီပေးခဲ့ဖူး၏။ ရောဂါ နှင့်ဆေး တည့်သွားလေရော့သလား မသိ။ မောင် ကျော်စိန်၏ အခက်အခဲတို့မှာ ပိန်းကြာဖက်တွင် တင်သည့် ရေအလား ကံပွင့်သွားသည့်အတွက် အဆိုး၊ အခိုက်၊ အညံ့တွေ ပြေလျော့ကျသွားခဲ့လေ၏။ အစစအရာရာ အဆင်ပြေပြီဆိုတော့လည်း မောင်ကျော်စိန်ခမျာ ညနေရီ နေညိုချမ်းပြီဆိုသည်နှင့် စပ်ဖျော်တစ်ပုလင်းကို ရှေ့မှာ တစ်ခွက်မော့လိုက်၊ မယ်ဒိုလင် သီချင်းလေး တစ်ပိုဒ်လောက်တီးလိုက်နှင့် အင်မတိ အင်မတန်ဟန်ကျနေခဲ့လေပြီတကား။ အဟောတဝ ကောင်းလေစွ။

“သိပ်လည်း စိတ်မညစ်ပါနဲ့ မောင်ချစ်ရယ်။ လောကမှာ အနာသိရင် ဆေးရှိတာပဲ။ အဲ ကံနာ၊ ဝဋ်နာသာ မဖြစ်စေနဲ့။ ယတြာတကယ်ကောင်းပြီဆိုရင် သိတယ် မဟုတ်လား”

“သိပါတယ် ဆရာရယ်။ သိလို့လည်းပဲ ဆရာ့ဆီ အားကိုးပြီး ရောက်ချလာတာပေါ့။ လက်ရှိ ကျွန်တော်လုပ်နေတဲ့ ကန်ထရိုက်လုပ်ငန်းတွေက အခြေအနေ သိပ်မကောင်းဘူးဆရာ”

ဟုတ်လိမ့်မယ် ဘာကြောင့်ဆို လူပုံအလယ်၌ ဟန်ပန်တစ်ခွဲသားဖြင့် လက်ကိုင်ဖုန်းကလေးထုတ်ကာ ကြွားတတ်သူခဗျာ ခုတော့ ဘာဖုန်းမျှ မရှိပြီ။

“ကိုင်း သည်လိုလုပ်ကွယ် မောင်ချစ်၊ မောင်ရင်က တနင်္လာသား မဟုတ်လား”

“ဟုတ်ပါတယ် ဆရာ”

“ဆိုတော့ စနေထောင့်ကိုသွား နာနတ်ယိုနဲ့ ဆွမ်း ၇ ပွဲ၊ ထီးနီ ၇ လက်လှူ၊ ပြီးတော့ ဗုဒ္ဓဟူးထောင့်ကိုသွားပြီး ဘုရားကို ရေသပ္ပာယ်ပေး လိုက်ပါ။ ပိတ်နေတဲ့ ကံတွေ ပွင့်သွားပါလိမ့်မယ် မောင်ချစ်”

“အိုကေ ဆရာ ကျွန်တော် ဆရာပြောတဲ့ အတိုင်း ယုံယုံကြည်ကြည်နဲ့ လုပ်မယ် ဆရာ”

အဆိုပါ ယတြာကား ကံပွင့်ဖို့ရာ ကံဖွင့်သည့် ယတြာဖြစ်ပါ၏။ စာရှုသူတို့အနေဖြင့် မိမိတို့တော့ ကံဆိုးမိုးမှောင်ကျနေပါပြီ။ ကံဆိုးနေပါပြီဟု အထင် အမြင်ရှိပါက အောက်ပါအတိုင်းယတြာချေကြည့်စေချင်ပါသည်။ ထူးခြားမှု ရှိပါလိမ့်မည်ဟုသာ ပြောချင်ပါတော့၏။

တနင်္ဂနွေသားသမီးများ

သောကြာအရပ်တွင် သစ်သီးခြောက်မျိုး ဆွမ်းကပ်၊ အင်္ဂါထောင့်မှာ ဆီးယိုနှင့် ဆွမ်းကပ်၊ ဇွန်ညွန့် သုံးညွန့်လှူ လိုရာဆုတောင်း။

တနင်္လာသားသမီးများ

စနေထောင့်တွင် နာနတ်ယိုဖြင့် ဆွမ်းခုနစ် ပွဲ၊ ထီးနီ ခုနစ်လက်လှူ၊ ဗုဒ္ဓဟူးထောင့်မှာ ဘုရားကို ရေသပ္ပာယ်၊ လိုရာဆုတောင်း။

အင်္ဂါသားသမီးများ

တနင်္ဂနွေထောင့်တွင် အုန်းဆွမ်းခြောက်ပွဲ လှူ၊ ကြာသပတေး အရပ်သို့သွား၊ မေမြို့ပန်းငါး ပွင့်နှင့် ပဲထမင်းဆွမ်းငါးပွဲလှူ။ လိုရာဆုတောင်း။

ဗုဒ္ဓဟူးသားသမီးများ

တနင်္လာအရပ်တွင် ကံ့ကော် ၁၅ ညွန့်လှူ၊ သောကြာအရပ်တွင် သစ်သီးခြောက်မျိုး ဆွမ်းကပ်။  လိုရာဆုတောင်း။

ကြာသပတေးသားသမီးများ

အင်္ဂါထောင့်မှာ ဆီးယိုနှင့်ဆွမ်းသုံးပွဲလှူ၊ ဇွန် ပန်းသုံးညွန့်လှူ၊ စနေထောင့်သွား၍ ထီးနီ ခုနစ် လက်၊ နာနတ်ယိုဖြင့် ဆွမ်းခုနစ်ပွဲလှူ၊ လိုရာဆု တောင်း။

သောကြာသားသမီးများ

ဗုဒ္ဓဟူးအရပ်မှာ ရေလှူ၊ ရေသပ္ပာယ်။ တနင်္ဂနေထောင့်မှာ အုန်းဆွမ်းခြောက်ပွဲလှူ။ လိုရာ ဆုတောင်း။

စနေသားသမီးများ

ကြာသပတေးအရပ်မှာ ပဲထမင်းဆွမ်း ငါးပွဲ လှူ။ တနင်္လာအရပ်မှာ ကံ့ကော် ၁၅ ညွန့်လှူ။ လိုရာဆုတောင်း။

သုတေသီဆရာငြိမ်း