လူပူးနဲ့ အမှန်ပူး …

 

ပြီးခဲတဲ့ဆောင်းပါးက “သူတို့ဘယ်လို ပူးတတ်ကြသလဲ …”ဆိုတဲ့ခေါင်းစဉ်နဲ့ရေးခဲ့ပါတယ်။ ခုဆက်ရေးချင်တာကတော့ ပူးကပ်နေကြသူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရောက်နေတဲ့ “နာမ်”ပိုင်ရှင်ဟာ တကယ်ရောက်နေတာလား၊ ကာယကံရှင်ရဲ့ စိတ်ပိုင်းကြောင့် ပူးကပ်နေသယောင်ဖြစ်နေတာလား ဆိုတာကို ခွဲခြားနိုင်ဖို့ ရေးပြလိုက်တာပါ။ (တစ်ခါ တစ်ရံမှာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းလို့၊ စိတ်ရောဂါကြောင့် ဖြစ်တာမျိုးလည်း ရှိတတ်ပါတယ်)

တစ်နေ့ ကျွန်ုပ်ဆီကို မိန်းကလေးတစ် ယောက် ရောက်လာပါတယ်။ မိန်းကလေးအသက်က ၁၈/၁၉ လောက်ပဲရှိပါသေးတယ်။

“သူ ဘာဖြစ်လို့လဲ”

“မသိပါဘူး ဆရာရယ် … တငိုငို တရယ် ရယ် ဖြစ်နေတာ နှစ်ရက်လောက်ရှိပါပြီ …မေးလို့ လည်း မရဘူး”

သူမနှင့်အတူပါလာတဲ့ မိန်းကလေးက ပြောလိုက်ခြင်းပါ။ ပါလာသူတွေထဲမှာ အသက်ငါးဆယ် လောက် မိန်းမကတော့ ဘာမှမပြောဘဲ ခပ်လှမ်း လှမ်းက ကြည့်နေပါတယ်။ သူမပုံစံက ကြောက်နေတဲ့ပုံပါ။ လူနာမိန်းကလေးမှာ ပြောပြလို့မရတဲ့ အကြောင်း ရှိနေပါတယ်။

ကျွန်ုပ်မေးတော့လည်း မိန်းကလေးက ဘာမှ ပြန်မပြောပါဘူး။ ဒါကြောင့် သူမကို ထုံးစံအတိုင်း စစ်ဆေးကြည့်လိုက်ပါတယ်။ စစ်လိုက်တော့လည်း သူမမှာ ဘာမှ မတွေ့ပြန်ပါဘူး။ ဒါပေမဲ့ ကျွန်ုပ်ဆီမှာက ကာယကံရှင်ကိုယ်မှာ စစ်လို့မရရင် စစ်လို့လွယ်ကူတဲ့ သူနဲ့ထပ်စစ်ပါတယ်။ အကူနဲ့ စစ်လိုက် တော့မှ သူမက သိုက်ဆက်ဆိုတာပေါ်လာပါတယ်။

သိုက်ဆက်ဆိုရင် ထုံးစံအတိုင်းခေါ်သွင်းပြီး အကျိုးအကြောင်း မေးမြန်းပါတယ်။

သိုက်နန်းရှင် အဓိကပြောလိုတာက လူနာမိန်းကလေးမှာ ရည်းစားရှိနေတယ်။ ရည်းစားအဆင့်တောင် မကတော့လို့ သိုက်က မကျေနပ်ဘူး။ သူ့ကို သိုက်နန်းရဲ့ကိုယ်စား လူ့ပြည်လွှတ်လိုက်တာပေမယ့် မိန်းကလေးက သိုက်အတွက် ဘာမှလုပ်မပေးသေးဘူး။ ဒါကြောင့် ပြန်ခေါ်မယ်ပေါ့။

ပြန်ခေါ်မယ်ဆိုရင် မခေါ်အောင် ညှိနှိုင်းဆွေးနွေးပြီး အသက်တောင်းပေးလေ့ ရှိပါတယ်။ အသက်တောင်းတဲ့နေရာမှာလည်း သုံးနှစ်တစ်ခါ၊ ငါးနှစ် တစ်ခါ တောင်းတာမျိုးမဟုတ်ဘဲ သက်တမ်းစေ့တစ်ခါတည်း တောင်းပေးလိုက်တာပါ။

အသက်တောင်းဖို့ ညှိနေစဉ်မှာပဲ လူနာမိန်းကလေးက ထိုင်ရာကထ အကျယ်ကြီးအော်ငိုပြီး ဝုန်း ပါတော့တယ်။ ဒီလိုအဖြစ်မျိုး ကျွန်ုပ်ဘုရားခန်းမှာ ဖြစ်လေ့ သိပ်မရှိတတ်ပါဘူး။ ပယောဂကို အငြိမ်ဆုံး ကုလေ့သာရှိပါတယ်။ ခုလိုဖြစ်လာတော့ ကျွန်ုပ်ရဲ့ ဆေးစွမ်းကောင်းက ငရုတ်သီးစိမ်းပါ။ ငရုတ်သီးစိမ်းကို ရေများများနဲ့ ဖျော်လိုက်ပြီး အော်နေသူရဲ့ မျက်စိတစ်ဖက်ထဲကို ထည့်လိုက်ခြင်းဖြစ်ပါတယ်။

ငရုတ်သီးမျက်စဉ်းခပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ငရုတ်သီးရဲ့သဘောက မျက်စိထဲဝင်ရင် မနေနိုင်အောင်စပ်မှာပါ။ ဒါပေမဲ့ ပညာသည် ဝင်ပူး နေချိန်မှာဆိုရင် ပညာသည်ပဲစပ်ပြီးတော့ ကာယကံရှင် လုံးဝမစပ်ပါဘူး။ တကယ်လို့ ဝင်ပူးနေတာဟာ အစစ်မဟုတ်ရင်၊ ပညာသည်ကိုယ်တိုင်မဟုတ်ဘဲ လူ့စိတ်ကြောင့် ဝင်ပူးနေတာဆိုရင် လူကိုယ်တိုင် မခံမရပ်နိုင်အောင် စပ်မှာဖြစ်ပါတယ်။

နောက်တစ်ချက်က ဝင်ရောက်ပူးကပ်နေသူဟာ ပညာသည်(အောက်လမ်း/ရွာသူ) အစစ်ဖြစ်ခဲ့ရင်လည်း ငရုတ်သီးကြောင့် မခံနိုင်ဘဲ ထွက်ပြေးသွား ခြင်း၊ ဒါမှမဟုတ် အညံ့ခံလာခြင်းမျိုး ဖြစ်လာတတ်ပါတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ် သုံးခြင်းဖြစ်ပါတယ်။

အခြောက်တိုက် အော်ငိုနေတဲ့ မိန်းကလေးမျက်စိထဲကို ငရုတ်သီးရည်နှစ်စက်လောက် ထည့်လိုက်ရင်ပဲ စွေ့စွေ့ခုန်မတတ် စပ်သွားပြီးတော့ အငိုမရပ်တဲ့အပြင် ပိုမိုကျယ်လောင်စွာအော်ပါတယ်။ “စပ်တယ် …စပ်တယ်”လို့လည်း အော်နေပါတယ်။ ဒါကြောင့် ဒီမိန်းကလေးကိုယ်ထဲမှာ ပယောဂစက် (ပညာသည်)မဟုတ်ဘဲ ကိုယ်တိုင်က ပူးနေတယ်ထင်နေတာပါ။ ပညာစကားနဲ့ “လူပူး”လို့ ခေါ်တာ မျိုးပါ။

လူပူးက အများအမြင်မှာ ဆရာကမနိုင်လို့ ပယောဂက အော်ဟစ်နေတယ်ထင်အောင် … ဆရာသမား သိက္ခာကျအောင် ရည်ရွယ်လုပ်နေသလို ဖြစ်နေပါတယ်။ ဒီလိုမျိုး တွေ့လာခဲ့ရင် ဆရာသမားတွေက ပါးနပ်ဖို့လိုပါတယ်။ မျက်စိစပ်နေတာကို ပျောက်အောင်လုပ်ပေးလိုက်ပြီး ပြန်လွှတ်လိုက်ပါတယ်။ သူမကို စိတ်ကျန်းမာရေးဆရာဝန်ပြဖို့လည်း ညွှန်ကြားလိုက်ပါတယ်။

လူပူးမှန်းသိနိုင်တဲ့ နောက်တစ်ချက်ကတော့ အော်ဟစ်ငိုနေသူ မသိအောင် သူမခေါင်းပေါ် လက်တင်ပြီး “××× နေ့သမီး ကိုယ်ထဲမှာ ဝင်ရောက် ပူး ကပ်နေသူလိုက်ခဲ့ …”လို့ ပညာစက်ကို ယူလိုက်ကာ အလွယ်တကူ ပူးနိုင်သူ နဖူးကို ရိုက်ချလိုက်ပါ။ အလွယ်ပူးနိုင်သူကိုယ်ထဲ ဝင်ရောက် ပူးကပ်သွား ပြီဆိုရင် အမှန်ပူးနေတာဖြစ်ပြီး ဝင်ရောက်ခြင်းမရှိဘဲ ဆက်ငို၊ ဆက်အော်နေသေးတယ်ဆိုရင်တော့ သေချာပါတယ်။ ဒါ လူပူး စစ်စစ်ပါပဲ။ ငရုတ်သီးစာ ကျွေးလိုက်ပါ။ နောက်မလာရဲတော့ပါဘူး။

ကျွန်ုပ်က ကုသမှုတွေကို မနက် ၁၁ နာရီ လောက်မှ စတင်လေ့ရှိပါတယ်။ ဒါပေမဲ့ နောက်တစ်ယောက်ကတော့ မနက် ၇ နာရီလောက်မှာ ဖုန်းဆက်ပြီး မိန်းကလေးကိုယ်ထဲမှာ သရဲဝင်ပူးနေတာ ဘယ်လိုမှ ထိန်းမရလို့ လာခဲ့ပါရစေဆိုတာနဲ့ လာဖို့ခွင့်ပြုလိုက်တာကြောင့် မနက် ၈ နာရီလောက် မှာရောက်လာပါတယ်။ သူတို့ပြောတဲ့အတိုင်းပါပဲ။ မိန်းကလေးက ငိုယိုပြီး ဘုရားစင်ရှေ့မှာ ပက်လက်ကြီးနဲ့ အော်နေပါတယ်။

မိန်းကလေးက အင်္ဂါသမီးဖြစ်ပြီး မနေ့ညကတည်းက ဝင်ရောက်ပူးကပ်နေတာ ခုချိန်ထိ သူလည်း မအိပ်ရသေး၊ အိမ်သားတွေလည်း မအိပ်ရသေးပါ။ ဒါကြောင့် စောစောစီးစီး ရောက်လာရခြင်း ဖြစ်ပါတယ်။

“ကဲပါ အော်မနေပါနဲ့ …ဘယ်သူလဲ ဘာပြောချင်တာလဲ ပြော”

ပူးနေသူက ပြောတော့ပြောပါတယ်။ ဒါပေမဲ့ ဝူးဝူးဝါးဝါးနဲ့ ဘာပြောမှန်းကိုမသိပါဘူး။ ဒါကြောင့် အလွယ်တကူ ပူးကပ်နိုင်သူရဲ့ကိုယ်ထဲကို ဆွဲထည့် လိုက်ချိန်မှာတော့ အော်ဟစ်နေတဲ့ မိန်းကလေးက ငြိမ်သွားပြီးတော့ အလွယ်တကူ ပူးကပ်နိုင်သူက ဝုန်းခနဲထရပ်လိုက်ပြီး အော်ဟစ်နေပါတော့တယ်။ မူလ ပူးနေတဲ့ မိန်းကလေးက တခြားသူ ပူးနေတာ တွေ့တော့ ကြောက်လို့ဆိုပြီး ခပ်လှမ်းလှမ်းကို ရှောင်နေပါတယ်။

“ဟဲ့ နင်ကဘာလို့ အဝေးသွားနေတာလဲ”

“ကြောက်လို့ပါ ဆရာ … သူပူးတာကြီးက ကြမ်းလိုက်တာ”ဘေးမှာထိုင်နေကြတဲ့ သူမအဖော်များက သူမကို ဝိုင်းကြည့်ပြီး ရယ်သူရယ်၊ ပြုံးသူပြုံးကြပါ တယ်။ သူကိုယ်တိုင်ပူးနေတုန်းက ဒီထက်ကြမ်းတာကို သူ မသိတာကြောင့် သူများပူးတာကို ကြောက်နေခြင်းဖြစ်ပါတယ်။

“အမယ် … သူများပူးတော့ ညည်းက ကြောက်တယ် … ညည်းပူးတုန်းက ဒီထက် ဆိုးသေးတယ် … ငါ့ဘုရားခန်းတစ်ခုလုံး လှိမ့်နေလိုက်တာ ပတ်လည်ကိုရိုက်လို့”

ထိုအခါမှ သူမရှက်သွားပါတယ်။

ကျွန်ုပ်လည်း ပူးနေသူကိုမေးမြန်းလိုက်တော့ အဖြေမှန် ထွက်လာပါတော့တယ်။

“မင်း ဘယ်သူလဲ ဒီမိန်းကလေးကို ဘာကြောင့် တစ်ညလုံး ပူးကပ်နေတာလဲ”

သူ့နှုတ်ကပြောပေမယ့် နားမလည်ပါ။ လက်ဟန်ခြေဟန်ပါပြမှ အနည်းငယ်နားလည်ရပါတယ်။ သူဆိုလိုတာက အင်္ဂါသမီးမိသားစုကို တိုက်ခိုက်ထား တဲ့ပညာစက်ဖြစ်ကြောင်း သိလိုက်ရပါတယ်။

“ဒါဆို မင်းကဘာလဲ”

သူပြန်ဖြေပေမယ့် ကျွန်ုပ်အဓိပ္ပာယ်မသိပါ။ ဒါကြောင့် “ဒီမိစ္ဆာရဲ့နောက်ကွယ်က ပညာသည် ခေါင်သူကြီးကိုယ်တိုင် လာခဲ့” လို့ ခေါ်လိုက်တဲ့အခါမှ ခေါင်သူကြီးဆိုသူ ရောက်လာပါတယ်။ ဘုရား ကန် တော့ပြီးမှ …

“ပြော မင်း ဘယ်သူလဲ”

“အောက်လမ်းဆရာပါ …”

“သူတို့မိသားစုကို ဘာတွေနဲ့ တိုက်ထားတာလဲ”

“အင်းနဲ့ နောက်ပြီး သူ့ဓာတ်ပုံနဲ့ အတိုက်လုပ် ထားပါတယ်”

“ဒါအကုန်ပဲလား ကျန်သေးတယ်နော အကုန်ပြောလိုက်”

“အစိမ်းတိုက်ပါပါသေးတယ် ဆရာ”

“ဒါဆိုရင် ညကတည်းက မိန်းကလေး ကိုယ်ထဲမှာ တောက်လျှောက်ဝင်ပူးနေတာက အစိမ်း သူရဲမဟုတ်လား”

“ဟုတ် ဟုတ် ဟုတ်ပါတယ် ဆရာ”

“ဒါဆို မင်းအတိုက်လုပ်ထားသမျှ ပညာစက်တွေအားလုံးနဲ့ အစိမ်းကိုပါ သိမ်းလိုက်”

အောက်လမ်းဆရာလည်း သူလုပ်ထားသမျှ ပညာစက်တွေကို ထုတ်သိမ်းနေပါတယ်။ အင်္ဂါ သမီးကတော့ ပုံမှန်ပြန်ဖြစ်သွားပါပြီ။ ပညာစက် သိမ်းပြီး သစ္စာဆိုခိုင်းကာ ပြန်လွှတ်လိုက်ပါတယ်။

ဒါက အမှန်ပူးတဲ့သူပါ …။

ခုနစ်ရက်သားသမီးများ ပယောဂပညာစက် ဘေးမှဝေးနိုင်ကြပါစေ …

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊

ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇