တစ်နေ့ မိန်းကလေးတစ်ယောက်နဲ့ အမျိုး သားတစ်ယောက် တော်တော်လေး နောက်ကျမှ ရောက်လာကြပါတယ်။ နောက်ကျတယ်ဆိုတာက ကျွနုပ်သတ်မှတ်ချိန်ဖြစ်တဲ့ မနက်(၁၀း၃၀)နာရီးက နေ ညနေ (၄းဝဝ) နာရီတွင်းရဲ့ နောက်ပိုင်းအချိန် (လေးနာရီ ထိုးခါနီး) လောက်မှရောက်လာကြတာပါ။
သူတို့ ကျွနုပ်ဘုရားခန်းမှာ ထိုင်လိုက်မိကြတော့ မိန်းကလေးကပူးချင်သလို ကပ်ချင်သလို ဖြစ်နေပါတယ်။ ဒါကြောင့် သူ့ကို သတိထားကြည့်လိုက်တဲ့အခါ သူမလည်ပင်းမှာ ကြိုးအနက်ဆွဲထားတာ တွေ့ရပါတယ်။
“လည်ပင်းကကြိုး ဖြုတ်လိုက်သမီး”လို့ပြောပြီး ကျွနုပ်ကိုယ်တိုင်ပဲ ဖြုတ်ပေးလိုက်ပါတယ်။
“အဲဒါ ဘာကြိုးလဲ”
“အမေရေယဉ်ကတော်ကြိုးပါ”ကျွနုပ် မကြားဖူးတာတစ်ခု ကြားလိုက်ရတာပါ။
ဒါပေမဲ့ တခြားမပြောချင်တာကြောင့် ကြိုးဖြုတ်ပြီး ကြိုးကအစောင့်ကို ထုတ်လိုက်ပါတယ်။ ရေယဉ်ကတော်တော့ ရောက်မလာပါဘူး။ တခြားအောက် မလွတ်တဲ့အစောင့်ပဲရောက်လာတာကြောင့် ထုတ်ပေးလိုက်ရပါတယ်။ အယုံလွယ်သူတွေအတွက် ယုံအောင်ပြောတတ်သူတွေ လုပ်ပေးလိုက်တာ …။
ဘာပဲဖြစ်ဖြစ် မကောင်းတဲ့ အစောင့်ဆိုရင်တော့ ကျွနုပ်ဆီမှာ ထုတ်ပစ်လိုက်တာပါပဲ။
အစောင့်ထုတ်ပြီးတော့ မိန်းကလေး တော်တော်လေး နေသာထိုင်သာရှိသွားပုံပါပဲ။ စကားပြန် ပြောလို့ရလာပါတယ်။ စောစောက စကားမပြောနိုင် … မျက်စိမှိတ်လိုက် … ငိုမလိုရယ်မလိုဖြစ်လိုက် … စကားပြောရင်လည်း အားမရှိတော့သယောင် တိုးတိုးလေးနဲ့ လေမဆက်ဖြစ်နေရာကနေ တော် တော်ပြောနိုင်သွားတော့မှ … “သမီး နေမကောင်းတာ နှစ်နှစ်လောက်ရှိ ပြီဆရာ … ဘာဖြစ်မှန်းမသိတာကြောင့် ဆရာတွေလည်းတော်တော်များများ ရောက်ပါတယ်။ သူတို့ပေးထားတာတွေ လုပ်ပေမယ့် သိပ်မထူးပါဘူး … ခုမှ ဂျာနယ်ဖတ်ပြီး ဆရာ့ဆီရောက်လာတာပါ”
“ခု စိတ်ထဲ ဘယ်လိုနေသေးလဲ”
“တော်တော်လေးပေါ့သွားတယ် ဆရာ … အရှင်းတော့မဟုတ်သေးဘူး”
“ငါ ညည်းကိုမကုရသေးဘူးလေ … ညည်းတို့ရဲ့ အောက်မလွတ်တဲ့အစောင့်တွေပဲ ထုတ်ပေးရသေးတာ”
သူမနဲ့ပါတ်သက်ပြီး အောက်လမ်း၊ ရွာသူ စက်ရှိ၊ မရှိစစ်ဆေးကြည့်တော့ ဘာမှမတွေ့ပါဘူး။ အထူးတွေ့လိုက်တာက သိုက်ဆက်ဖြစ်ပါတယ်။ ဒါကြောင့် သိုက်ဆက်ကိုခေါ်ပြီး လိုအပ်တာတွေ မေးလိုက်ပါတယ်။
“သိုက်နန်းရှင် ရောက်လာရင် ဘုရားကန်တော့ပါ”
ကိုယ်ထဲဝင်ရောက်ပူးကပ်လာတဲ့ သိုက်နန်းရှင် ဘုရားကန်တော့လိုက်ပါတယ်။ သူ ဘုရားကန် တော့ပြီးမှ …“ဘာတွေလဲ ပြောပါဦး”
“နဂါးတွေပါ …နဂါးသိုက်ပါ”
“ဘယ်ကလဲ”
“မော်တင်စွန်းကပါ”
“မောင်နှမဘယ်နှစ်ယောက်ရှိလဲ”
“လေးယောက်ပါ”
“လေးယောက်မှာ ဒီကလေးမက နံပါတ် ဘယ်လောက်လဲ”
“အငယ်ဆုံးပါ”
“သက်တမ်း သတ်မှတ်ချက်ရှိလား”
“ရှိပါတယ် …နှစ်ဆယ့်သုံးပါ …သူ့ကိုနှစ်ဆယ့်သုံးထဲကခေါ်နေတာပါ”
မိန်ကလေးအသက်က ၂၅ နှစ်ဆိုတော့ ခေါ်နေတာနှစ်နှစ်၊ သူမနေမကောင်းတာ နှစ်နှစ်ဆိုတော့ ကိုက်ညီနေသလိုပါပဲ။
“ကောင်းပြီလေ … ၂၃ မှပြန်ခေါ်ဖို့ မခေါ်ဖို့ ဆရာ့ဆီမှာ ကလေးမအသက် လှူဖို့ကတော့ နောက်တစ်ခါမှ ပွဲနဲ့ပြောကြတာပေါ့ …
ခုလောလောဆယ် မိန်းကလေးနေကောင်းအောင်လုပ်ပေး မင်းတို့သူ့ကို ဘာလုပ်ထားတာလဲ”
“သူ ဒါလုပ်ပါတယ် (လက်ညှိုးနှစ်ချောင်း ပူးပြပြီးပြောတာပါ) ဒါကြောင့် သူ့ကိုပြန်ခေါ်မှာပါ … သူ့နှလုံးကိုညှစ်ထားပါတယ်”
“အင်း ညည်းတို့ အပြစ်ပဲလေ … ကိုယ့်ကိုယ်ကို ဘာမှန်းမသိဘဲ လုပ်ချင်တာတွေလုပ်နေတော့ ခုလို ဖြစ်တာပေါ့ … ကဲပါ သိုက်နန်းရှင်ကို ဆရာ မေတ္တာ ရပ်ခံပါတယ် … ခုလောလောဆယ် ဒီကလေးမ အသက်ရှူရတာ အဆင်ပြေအောင် နေကောင်းအောင် လုပ်ပေးလိုက်ပါ …၊ သူ့ဘက်ကလည်း သိုက်နန်းရှင်ကို တောင်းပန်ခိုင်းပါ့မယ် …၊ ငါးရက်အတွင်း သူနေကောင်းသွားရင် ပွဲဒါနပြုခိုင်းမှာပါ …၊ အဲဒီတော့မှ သူ့ကို သတ်မှတ်ပေးလိုက်တဲ့ ၂၃ နှစ်ဆိုတဲ့သက်တမ်းကို ပယ်ပြီး ကံအလျောက် လူ့ဘဝသက်တမ်းစေ့ ဆရာ့ ဆီမှာလှူပေဖို့ပါပဲ … ခု မင်းတို့လုပ်ထားတာတွေ သိမ်းပေးပါ”
သိုက်နန်းရှင်လည်း သူလုပ်ထားသမျှတွေကို သိမ်းလိုက်ပါတယ်။ မိန်းကလေးမျက်နှာက ကြည့်နေရင်းနဲ့ကို အကြည်ဓာတ် ပေါ်လာပါတယ်။
သိုက်နန်းရှင်ရဲ့လုပ်ရပ်ကိုကြည့်ပြီး သူ့တို့ကို ဒီကြားကာလမှာ ဘာမှမလုပ်အောင် ခနချုပ်ထား လိုက်ပါတယ်။
“ရည်းစားထားတာ …အိမ်ထောင်ပြုမှာကို မတားပါဘူး … ဒါပေမယ့် ကိုယ်သိုက်ဆက်ဆိုရင်တော့ သိုက်နန်းရှင်ကိုအသိ ပေးသင့်တယ် … သတိထားရမယ် … ဒါမှသာလျှင် ကိုယ်လုပ်သမျှကို သူတို့အပြစ်တင်လို့မရမှာ”
“သမီးတို့က လက်ထပ်ကြမှာဆရာ” လို့ သူနဲ့အတူပါလာသူကို ရည်ညွှန်းပြီး ပြောလိုက်ပါတယ်။
“အေးလေ ယူတာမယူတာက အကြောင်းမဟုတ်ဘူး … သိုက်ဆက်မို့လို့ မိန်းမ မယူရဘူး … ယောကျာ်းမယူရဘူးလို့တော့ မရှိပါဘူး … ယူလို့ရ အောင် လုပ်လို့ရပါတယ် … ခုလောလောဆယ် သမီးကျန်းမာရေးကောင်းသွားတဲ့အခါ သူတို့ကို ပွဲဒါနပြုပြီး အသက်တောင်းတဲ့ကိစ္စ လုပ်ကြတာပေါ့ … နောက်ပိုင်းမှ အိမ်ထောင်ပြုဖို့ကိစ္စအတွက် ပွဲဒါနပြုပြီးတောင်းကြမယ်လေ … အဆင်ပြေသွားမှာပါ” သူတို့နှစ်ယောက် လာတုန်းကနဲ့မတူ စိတ် လက်ပေါ့ပါးစွာ ပြန်သွားကြပါတယ်။