ပယောဂရှိ မရှိ ဘယ်လိုသိနိုင်မလဲ

အမှန်ကတော့ သရဲဆိုတာဟာ ဆရာတော်များတရားဟောတဲ့အခါ သုံးတဲ့စကားလုံးကို ပြန်သုံး ရရင် “အတည်မကျဘဝတပါး” ဖြစ်နေကြသူတွေပါ။ အထူးသဖြင့်တော့ သူတို့မှာ ပါဝါမရှိတတ်ကြပါဘူး။ သူတို့တွေ့ကြုံနေရတာက နေစရာအတည် တကျမရှိ၊ စားစရာ မယ်မယ်ရရ မရှိတဲ့ဘဝမျိုးပါ။ ဒီလိုဖြစ်နေသူတွေကို အောက်လမ်းဆရာဆိုသူက တစ်နှစ်တစ်ကြိမ်ကျွေးပါ့မယ်စသဖြင့်တစ်မျိုးမျိုးနဲ့ ခေါ်ထားလိုက်ခြင်းကို သရဲမွေးတယ်လို့ ပြောကြတာပါ။
သရဲတိုက်၊ အစိမ်းတိုက်ဆိုတာ တစ်စုံတစ်ယောက်ရဲ့အကျိုးကို ပျက်စီးစေလိုတဲ့အတွက် သူတို့မွေးထားတဲ့သရဲကို ခိုင်းစေပြီး ဖျက်ဆီးစေတာပါ။ အင်းတိုက်လုပ်တယ်ဆိုတာကတော့ တစ်စုံတစ်ယောက်ရဲ့ နေ့၊ နာမ်ကို အင်းကွက်မှာချပြီး ထိုသူ့ အကျိုးပျက်စီးစေဖို့ အလုပ်အကိုင်၊ အစီးအပွား၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာခြောက်ချားအောင် စတာတွေ ကိုပြုလုပ်တာမျိုးပါ။
သူတို့သုံးတဲ့အင်းတွေရဲ့အစောင့်တွေဟာ အထူးသဖြင့်တော့ ဘီလူးတွေပဲဖြစ်တတ်တာမို့ ဘီလူးတိုက် အင်းတိုက်လို့ ပြောရတာပါ။ ဘီလူးဆိုရာမှာ လည်း ချပ်ဝတ်တန်ဆာနဲ့ အဆင့်မြင့်ဘီလူးမျိုး မဟုတ်ဘဲ တချို့ အတိုက်ဘီလူးတွေဟာ သရဲထက် အနည်းငယ်လောက် သာမြင့်တာမျိုးတွေ ဖြစ်နေ တတ်ပါတယ်။ ဒီလို ဘီလူး၊ သရဲမျိုးတွေကို ဧည့်ထောက်ခံပြီးစကားပြောဖို့ မလိုဘူးလို့ ထင်ပါတယ်။ သူတို့ကို ချုပ်ကိုင်ထားသူ(အောက်လမ်းဆရာ)ကိုသာ အဓိကထားပြီး ခေါ်တွေ့သင့်ရင်တွေ့၊ ပညာစက်သိမ်းခိုင်း လုပ်ရပါမယ်။
အောက်လမ်းဆရာတစ်ယောက်ယောက်က သရဲဘီလူး အစိမ်းတစ်ခုခုနဲ့ တိုက်ထားပြီဆိုရင် သိသာနိုင်မယ့်အချက်တွေကတော့ စိတ်ပိုင်းဆိုင်ရာအား ငယ်နေတာမျိုး၊ ကြောက်စိတ်တွေဖြစ်ပေါ်နေတာမျိုး၊ မပြောတဲ့အသံကိုကြား၊ မရှိတဲ့အရုပ်ကို မြင်နေတာ မျိုးတို့ ဖြစ်တတ်ပါတယ်။ ဒီဖြစ်ရပ်ဟာ စိတ်ရောဂါဆိုင်ရာလက္ခဏာတချို့နဲ့ တူနေတတ်တာမို့ စိတ်ကျန်းမာရေး ချို့ယွင်းတယ်လို့ ထင်ရတတ်ပါတယ်။ ဒါကြောင့် မိသားစုတွေက စိုးရိမ်လွန်ပြီး စိတ်ကုသမှုမျိုးလုပ်ကြလေ့ရှိပါတယ်။
အမှန်တော့ ဒီလိုလက္ခဏာမျိုး ဖြစ်လာပြီဆိုရင် စိတ်ကျန်းမာရေးပြဖို့လိုသလို ပယောဂလည်း ဖြစ်နိုင်တာမို့ ပယောဂကုသနိုင်သူတစ်ယောက် ယောက်ကိုလည်း ပြသင့်ပါတယ်။
နောက် လူကိုတိုက်တာမဟုတ်ဘဲ ဆိုင်တို့ အိမ်တို့ကိုလည်း ဘီလူးသရဲနဲ့တိုက်တာမျိုးတွေရှိပါတယ်။ ဆိုင်တစ်ဆိုင်က သိပ်ရောင်း ကောင်းနေတာ ကို မနာလိုတဲ့အခါ အပြိုင်အဆိုင်ဖြစ်တဲ့အခါမျိုးမှာ ဆိုင်ကို တိုက်တတ်ပါတယ်။
ဆိုင်ကိုတိုက်ပြီဆိုတာနဲ့ ဘီလူးသရဲရဲ့ တာဝန်က ဆိုင်ကိုလူမလာအောင်၊ ဝယ်နေကျ၊ လာနေကျဆိုရင်လည်း ဆိုင်ရှာမတွေ့အောင် ဝယ်မယ့်သူက ဆိုင်ရှေ့ရောက်နေတာတောင် ဆိုင်ရှာမတွေ့ဖြစ်နေတာမျိုးတွေရှိတတ်ပါတယ်။ အရောင်းအဝယ်ကောင်းနေရာကနေ ရုတ်တရက်ကြီး အရောင်းပါးသွားတာ မျိုး၊ ရောင်းကောင်းမယ့်အချိန်မှာ ကျန်းမာရေးတစ်ခုခု ဖြစ်တာမျိုး (ဥပမာ- ဗိုက်အောင့်လို့၊ ဝမ်းသွားလို့၊ မူးလို့)အရောင်းပါးနေချိန်မှာ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကောင်းနေတတ်တာမျိုးတွေဟာ ပယောဂ စက်ရှိနေလို့ နှောင့်ယှက်နေလို့ဖြစ်တတ်ပါတယ်။
အိမ်ကိုတိုက်တဲ့အခါမျိုးတွေမှာတော့ အိမ်မှာ သရဲခြောက်သလို အသံကြားနေတာမျိုး၊ လူရိပ်လိုလို ရိပ်ခနဲမြင်လိုက်တာမျိုးတွေ ဖြစ်တတ်ပြီး မိသားစု ကြားမှာ တစ်ယောက်မျက်နှာတစ်ယောက် မကြည့် ချင်။ တစ်ယောက်အကောင်းပြောလည်း အကောင်းမမြင် အမြဲလိုလို တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်၊ အပြစ်မြင်နေတာမျိုး၊ အိမ်မှာဘာမဟုတ်တာလေးနဲ့ စကားတွေများကြ၊ ရန်ဖြစ်ကြနဲ့ ဘာကြောင့်လဲလို့ အဖြေရှာပြန်တော့ ဘာရယ်လို့ မဟုတ်တာတွေ ဖြစ်နေတတ်ပါတယ်။ အဲဒိလက္ခဏာတွေဟာ ပညာစက်တိုက်ခံရထားတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
ဒါမျိုးတွေဖြစ်လာပြီဆိုရင် အထူးသတိထားရပါမယ်။ အိမ်မှာပဌာန်း၊ မေတ္တာသုတ်၊ အာဋာနာဋတိကသုတ်တွေ ပူဇော်သင့်ပါတယ်။ အကောင်းဆုံး ကတော့ ပယောဂဟုတ်မဟုတ် သေသေချာချာစစ်ဆေးပြီး ကုသမှုခံယူသင့်ပါတယ်။ ဘုရားရှင်ရဲ့ နှုတ်ကပါတ်တော်တွေနဲ့ ကာကွယ်သင့်ပါတယ်။
ဒါပေမယ့် ပညာစက်သုံးလေ့ရှိတဲ့ အောက်လမ်း၊ ရွာသူတွေဟာ ဘုရားရှင်ရဲ့အဆုံးအမကိုလည်း မလိုက်နာ၊ သံသရာကိုလည်း မကြောက်သူတွေမို့ ပရိတ်၊ပဌာန်းတွေကိုလည်း မကြောက်ကြပါဘူး။ ဒါ ကြောင့် လစ်တာနဲ့ တိုက်ခိုက်မှာပါပဲ။ သူတို့တိုက်ခိုက်လာတဲ့အခါ အဓိကအားဖြင့် ပိုင်ပိုင်နိုင်နိုင်ကုသနိုင် သူနဲ့ကုလိုက်မှသာလျှင် အဆင်သွားနိုင်ပါတယ်။
ပညာစက်တွေရဲ့ အရင်းခံတွေ မတူတဲ့အ တွက် ခံစားရတာတွေလည်းမတူနိုင်ပါဘူး။ တချို့ အိမ်မှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မရ ဖြစ်နေလို့ရောက်လာကြတတ်ပါတယ်။
“ဆရာရယ် အိမ်မှာလည်း ဘာတွေဖြစ်နေ မှန်းကိုမသိတော့ပါဘူး …မိသားစုတွေ အစည်းပြေ နေတယ် တစ်ယောက်နဲ့တစ်ယောက်လည်း ကြည့် မရကြ၊ တစ်ယောက်ပြောလို့လည်း တစ်ယောက် ကအကောင်းမထင်အပစ်ပဲမြင်နေကြလို့တစ်ယောက် ယောက်များ ပညာနဲ့ နှောင့်ယှက်ထားလား သိချင် လို့ပါ …” ဆိုပြီး ရောက်လာတတ်ကြပါတယ်။
ပညာစက်ကြောင့် အတိုက်အခိုက်ကြောင့် မိသားစုစိတ်ဝမ်းကွဲတာတွေ အဆင်မပြေတာတွေဖြစ် တတ်ကြပေမယ့် ကျွနု်ပ်ဆီ ရောက်လာတဲ့အခါ အ တိုက်အခိုက်ကိုပဲ အဓိကထားစစ်တာ မဟုတ်ပါဘူး။ အတိုက်အခိုက်အပြင် သိုက်ကြောင့်လား၊ ရိုးရာနတ်တွေ မကျေနပ်လို့လားဆိုတာကိုပါ စစ်ဆေးရပါ တယ်။ မိသားစုတွေ အဆင်မပြေတာမျိုး တစ် ယောက်မျက်နှာတစ်ယောက် ကြည့်မရတာမျိုးကတော့ သိုက်နဲ့ပတ်သက်တာ နည်းပါတယ်။ သူများ အတိုက်ဖြစ်ရင်ဖြစ် မဖြစ်ရင်ရိုးရာနတ်တွေကို ဗလိ နတ်စာမကျွေးလို့၊ နတ်ကိုတင်မြှောက်
ပ}သတုန်းကလုပ်ခဲ့ပြီး ခုချိန်မှာအကြောင်း အမျိုးမျိုးကြောင့် တင်မြှောက်တာလည်း မလုပ်တဲ့အပြင် စွန့်ပစ်လိုက်တာမျိုးတွေ လုပ်ထားရင်လည်း ဖြစ်တတ်ပါတယ်။
ဘာကြောင့်ပဲဖြစ်ဖြစ် စစ်ဆေးလိုက်ပြီး ကုသ လိုက်မှသာ အဆင်ပြေသွားမှာပါ။
“ဘာပဲဖြစ်ဖြစ် စစ်ဆေးကြည့်လိုက်မယ် လေ …”
သူတို့ကိုစစ်ဆေးလိုက်တော့ အောက်လမ်း ပညာစက်တွေ့ရပါတယ်။ နောက်ပြီး သူတို့မိသားစုရဲ့ ထူးခြားချက်တစ်ခုကတော့ အရင်က နတ်ကတော် တစ်ယောက်နဲ့ပတ်သက်ခဲ့ပြီးတော့ အဲဒီနတ်ကတော် ကထားခိုင်းလို့ နတ်ရုပ်တုတွေ တော်တော်စုံစုံထား ခဲ့ဖူးကြတယ်။ နောက်တော့ ဆရာတစ်ယောက်က စွန်းခိုင်းလို့ စွန့်ပစ်လိုက်ပြီး အိမ်မှာတော်တော်ဆိုး လာတာလို့ပြောပါတယ်။
အောက်လမ်းဆရာကိုခေါ်မေးလိုက်ပြန်တော့ လည်း “လူမှုရေးတွေမကျေနပ်လို့ သူတို့အိမ်ကို သရဲတိုက်ထားပါတယ်။ အိမ်ဆူပြီး တစ်ယောက်နဲ့ အဆင် မပြေအောင်လုပ်ထားတာပါ” လို့ သူလုပ်ထားတာကိုပြောပါတယ်။ အောက်လမ်းကလည်း အိမ်မှာသရဲတိုက်လုပ် ထားပြီး အိမ်ဆူအောင်လုပ် တာနဲ့ ရိုးရာကလည်းနှောက်တာနဲ့ နှစ်ခုပေါင်းပြီး အိမ်မှာ ဗြောင်းတန်ကုန်တာပါ။ ဒါကြောင့် သူများအ တိုက်တွေ ရှင်းပေးလိုက်ပြီး ရိုးရာတွေကိုလက်ဖက် တစ်ရိုးကွမ်းတစ်ယာနဲ့ ဒါနပြုပေးဖို့လမ်းညွှန်လိုက် ပါတယ်။
သူတို့မိသားစုတွေ ငြိမ်သက်ငြိမ်းချမ်းသွား ကြကြောင်း ကြားသိရလို့ဝမ်းသာရပါတယ်။

စိန္တာမယဆရာပိုင်
အမှတ်(၃၆၂)၊ ဇေယျာ(၈)လမ်း၊
(၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊
ဖုန်း-ဝ၉ ၄၂၀၇၄၄၁၁၂၊ ဝ၉ ၂၅၄၈၁၁၀ဝ၇