မိဘကို မစော်ကားမိပါစေနဲ့

ဒီတစ်ပတ်တော့ ပယောဂအကြောင်း၊ သိုက်အကြောင်းတွေမရေးဘဲ မိဘကို စော်ကားမိသူတချို့အကြောင်း ရေးမှာဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေဆဲ ဖြစ်ရပ်မှန်တစ်ခုပါ။
မိဘဆိုတာ မိမိကို လူ့လောကထဲရောက်အောင် အသက်တွေ၊ ဘဝတွေရင်းပြီး ဆွဲခေါ်သွင်းပေးခဲ့သူပါ။ အထူးသဖြင့် မိခင်ဆိုတာ ပိုလို့တောင် အသက်နဲ့ နီးခဲ့ရှာပါသေးတယ်။ သူတို့အသက်ကို မငဲ့ဘဲ ကိုယ့်ကို လူ့လောကထဲရောက်အောင် ခေါ်ဆောင်လာခဲ့တဲ့ မိခင်ကို စော်ကားခဲ့သူတွေဟာ သံသရာမှာတင်မက လက်ရှိဘဝမှာကို ပြန်လည်ခံစားရတာလေးကို ရေးပြချင်တာပါ။
ကျွနု်ပ်တို့အိမ်နားမှာ အသက်ရှစ်ဆယ်ကျော် အမေနဲ့အဖေ ရှိပါတယ်။ သူတို့မှာ သားသမီး သုံးယောက်ရှိပြီးတော့ သမီးအကြီး၊ သမီးအလတ်နဲ့ သားငယ်တို့ ဖြစ်ပါတယ်။ ဟိုးမှောင်ခိုခေတ်ထစဉ်တုန်းက မိခင်ဖြစ်သူက မော်လမြိုင်၊ ကျုံဒိုးစတဲ့ မြို့တွေထိ မှောင်ခိုကုန်တွေကို သွားရောက်သယ်ပြီး ရန်ကုန်မှာပြန်ရောင်းချခြင်းနဲ့ လုပ်ကျွေးခဲ့ပါတယ်။ ဒီအလုပ်ဟာ တော်တော်လေး ရေပန်းစားခဲ့သလို အမြတ်လည်း တော်တော်ကျန်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ခေတ်အခါက မကောင်းတော့ လမ်းမှာဆိုလည်း လက်နက်ကိုင်တွေရဲ့ရန် ရှိနေတတ်ပြီး မှောင်ခိုဖမ်းတဲ့ တာဝန်ရှိသူတွေကိုလည်း ရှောင်ရပါသေးတယ်။
ရန်ကုန်ဘူတာကြီးမှာ ရှာဖွေရေးတွေ ရှိတယ်လို့ သတင်းကြားရရင် သူတို့တွေ မော်လမြိုင် ရထားကို ဘူတာကြီးထိ မစီးကြတော့ဘဲ တိုး‌ကြောင်ကလေး ဘူတာလောက်မှာတင် ဆင်းကြရပါတယ်။ ဆင်းတယ်ဆိုတာ ဘူတာမှာ ရထားရပ်ပေးလို့ လွယ်လွယ်ကူကူ ဆင်းရတာတော့ မဟုတ်ပါဘူး။ အရှိန်လျှော့လိုက်တဲ့ ရထားပေါ်ကနေ အထုတ်တွေ ပစ်ချပြီး လူကပါ လိုက်ဆင်းရတာပါ။ ယောကျာ်း၊ မိန်းမအားလုံး ရှာဖွေရေးလက်က လွတ်ဖို့၊ ကိုယ့်အရင်းလေး ပြုတ်မသွားဖို့ သက်စွန့်ဆံဖျား လုပ်ကြရတဲ့အလုပ်ပါ။
ဒီလိုအလုပ်မျိုးကို လုပ်ကျွေးလာတဲ့ အမေကြီး ခုအိုတော့ လူမလေး ခွေးမခန့်ဖြစ်ရပါပြီ။ မနက်မိုးလင်းလို့မှ ကော်ဖီလေးတစ်ခွက် နံပြား၊ အီကြ ကွေးလေးတစ်ခု ဝယ်ကျွေးမယ့်သူမရှိ … ငါ့ကို ဝယ်ပေးပါလို့ခိုင်းရင် မလုပ်ပေးချင်လို့ ရှောင်သွားကြတဲ့ သားသမီးတွေ။ သားသမီးတွေ ရှောင်လို့ မြေးတွေကိုခိုင်းပြန်တော့လည်း မြေးတွေက မသိချင်ယောင်ဆောင်ကြတယ်။ ဒါကြောင့် အိမ်နီးနားချင်းကို လူကြုံမှာကာ တစ်ခါတလေ ကိုယ်တိုင် ထွက်ဝယ်ရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ အပြင်ထွက်ဖို့ ကလည်း အဆင်မပြေ ပြန်ပါဘူး။ အမေကြီး မျက်မှန်က ပါဝါ ၈၀ဝ ကျော်နဲ့ အိုးနင်းခွက်နင်း ဖြစ်ရပြန်ပါတယ်။
အမေ့ကိုသာ ဝယ်မပေးကြတာ။ သူတို့ကျတော့ ဈေးသွားရင်း လက်ဖက်ရည်ဆိုင်မှာ အကြိုက်စားနေကြလေရဲ့။
ဒီလိုနဲ့ သမီးလတ်မှာ ကြွေးတွေများတော့ ဆပ်ချင်လို့ပါဆိုပြီး အိမ်ရောင်း အမွေပေးဖို့တောင်းဆိုကြတယ်။ အမေကြီးကလည်း မရောင်းချင်ပေမယ့် သားသမီး သုံးယောက်အပြင် ယောကျာ်းကပါ ရောင်းပေးလိုက်ဆိုတာကြောင့် နောက်ဆုံး အိမ်ရောင်း ဖြစ် သွားပါတယ်။ အိမ်ရောင်းပြီးတော့ သားသမီးက သုံးယောက်၊ အဖေ၊ အမေတို့နဲ့ ငါးပုံပုံပြီး ယူလိုက်ကြတယ်။ အဖေက သမီးကြီးနဲ့ လိုက်နေလို့ရခဲ့ပေမယ့် မိခင်ကိုတော့ ခေါ်မယ့်သူ မရှိပါဘူး။
နောက်ဆုံး ပတ်ဝန်းကျင်ကပါ ပြောဆိုလာတာကြောင့် သားငယ်က မိခင်ကို ခေါ်ထားပါတယ်။ ရထားတဲ့ငွေလေးနဲ့ သုံးနေလိုက်ကြတာပေါ့။ နောက်တော့ ငွေလည်း မရှိတော့ရော မိခင်ကို မထားလိုတာကြောင့် အကြောင်းအမျိုးမျိုးနဲ့ ထွက်သွားစေပါတယ်။ လှည်းကူးအပိုင်ထဲက ရွာလေးတစ်ရွာမှာရှိတဲ့ အမေကြီးရဲ့တူမတွေက အဲဒိသတင်းကြားတော့ စိတ်မကောင်းဖြစ်လွန်းလို့ လာခေါ်သွားပါတယ်။
သားငယ်မိသားစုလည်း စိတ်ရောကိုယ်ပါ ချမ်းသာသွားကြတာပေါ့။
ရန်ကုန်မှာနေခဲ့တဲ့ အမေကြီးခမျာ တောမှာ မနေချင်ရှာဘူး။ ရန်ကုန်လာချင်လို့ပါ ဆိုတာနဲ့ သူ့ တူမတွေက လိုက်ပို့တယ်။ သားသမီးတွေရဲ့ အိမ်တွေကိုသွားပြီး နေချင်ကြောင်း ပြောပေမယ့် ဘယ်သူကမှ သူ့ကိုမထားလိုကြပါဘူး။ နောက်ဆုံး တစ်ခေါက်မှာတော့ မျက်ရည်ကျပြီးပြန်သွားရရရှာပါတယ်။
စိတ်မကောင်းစွာ ပြန်သွားရတဲ့အမေကြီး နောက်နှစ်လလောက်မှာ ဆုံးပါးကြောင်း သတင်းရတာကြောင့် ပတ်ဝန်းကျင်ကလူတွေ စိတ်မကောင်းဖြစ်ကာ ကားတွေငှားပြီး လှည်းကူးထိ လိုက်သွားကြပါတယ်။ တခြားလူတွေသာ သွားကြတာ သမီးကြီး၊ သမီးလတ်နဲ့ သားငယ်ကတော့ မိခင်ကို နောက်ဆုံးအနေနဲ့တောင် လိုက်မကြည့်ကြတော့ပါဘူး။
အမေကြီး တစ်ဇာတ်သိမ်းသွားတဲ့အခါ သူတို့အလှည့် ရောက်လာတာပါပဲ။ သမီးလတ်မှာလည်း သမီးကြီး၊ သားလတ်နဲ့ သားငယ်ဆိုတဲ့ သားသမီးသုံးယောက်ရှိပါတယ်။ သူက သမီးကြီးနဲ့လည်း အဆင်မပြေတော့ သမီးကြီးက အပြင်မှာနေမယ်ဆိုပြီး ထွက်သွားလိုက်တာ အိမ်ကို လုံးဝ ပြန်မလာတော့ပါဘူး။ အဆင်မပြေရခြင်းက သမီးကြီး ရုံးမှာ ငွေတွေ ချေးခိုင်းပြီး ပြန်မဆပ်နိုင်လို့ သမီးဖြစ်သူက သူမ လစာလေးကနေ ဖဲ့ဆပ်နေရင်း နောက်ထပ် ငွေလိုတော့ နောက်တစ်ယောက်ဆီကဆွဲရနဲ့ အကြွေးနဲ့ အတိုး သံသရာလည်တာကြောင့် သမီးဖြစ်သူ မခံစားနိုင်တော့လို့ ထွက်ပြေးသွားရတာပါ။
သားအလတ်ကျတော့ သူ့မိန်းမနဲ့ တစ်နေရာမှာ နေတာပါ။ သားလတ်ဆီသွားနေတဲ့အခါ သားလတ်ရဲ့ မိန်းမက မကြည်ဖြူတာကြောင့် နေမရ ဖြစ်ကာ ပြန်လာရတာမျိုး ရှိပါတယ်။ သားအငယ်ဆုံးကတော့ လူပျိုမို့ မိဘနဲ့အတူနေပါတယ်။ အလုပ်လုပ်ပါတယ်။ ဖခင်ဝင်ငွေနဲ့ သားငယ် ဝင်ငွေပေါင်းပြီး အိမ်ငှားနေနိုင်ကြပါတယ်။ ဒါပေမဲ့ အိမ်သာငှားနေကြတာ သူမကတော့ အဲဒီအိမ်မှာ မနေရဘဲ ရှောင်နေရတာမျိုးတွေ ကြိမ်ဖန်များစွာ ဖြစ်နေဆဲပါ။
သူများအကြွေးတွေယူပြီး ပြန်မဆပ်နိုင်တော့ ကြွေးရှင်တွေက လာတောင်း။ မပေးနိုင်တော့ အိမ်မှာမနေဘဲ ရှောင်ပြေးနေရနဲ့ တော်တော်ဒုက္ခရောက်ရှာပါတယ်။ သူမယောကျာ်းနဲ့ သားငယ်တို့ကလည်း မကြာခဏ အိမ်ပြောင်းနေကြရပါတယ်။ ပြောင်းတဲ့ နေရာတိုင်းမှာလည်း ငွေကြေးပြဿနာကြောင့် နောက်ထပ် ပြောင်းနေရတာပါ။
ဒီလို အခက်အခဲတွေဖြစ်နေရာကနေ တစ်နေ့တော့ ဆေးရုံပေါ်ရောက်နေကြောင်း သိလိုက်ရပါတယ်။ ဖြစ်နေတဲ့ရောဂါက သေလောက်တဲ့ ရောဂါကြီးပါ။ ရောဂါကြီးနေလို့ ဆေးရုံပေါ်ရောက်နေလို့ သူမပတ်ဝန်းကျင်မှာ ဘယ်သူတွေ ရှိသလဲ ကြည့်လိုက်တော့ သူ့ယောကျာ်းတစ်ယောက်ကလွဲလို့ ဘယ်သူမှ မရှိပါဘူး။ သမီးကြီးက သိတောင် မသိဘူးလို့ပြောပါတယ်။ သားလတ်ကလည်း တစ်မြို့တည်းနေတာ သိနိုင်ပါလျက် လုံးဝရောက်မလာပါ။ ယောကျာ်းက အလုပ်သွားလိုက်၊ ခဏတဖြုတ် ဝင်ကြည့်လိုက်ပါပဲ။ သားငယ်ကတော့ နယ်ကို ကားမောင်းနေရသူမို့ ရန်ကုန်ရောက်တဲ့အခါ ရောက်လာတတ်ပေမယ့် နယ်မှာ ကြာနေတတ်ပြန်ပါတယ်။ အထီးကျန်ဆန်စွာ၊ အားငယ်တွေဝေစွာနဲ့ ဆေးရုံ ခုတင်ပေါ်မှာ လဲလျောင်းနေရရှာပါတယ်။
မိခင်ကြီး သူမတို့နဲ့နေပါရစေလို့ ပြောခဲ့စဉ်က ငြင်းခဲ့မိတဲ့ သူ့အမှားကို သူ သတိရလိုက်မိရင် သိပ်ကောင်းမှာပဲလို့ တွေးလိုက်မိပေမယ့် တစ်ဖက်ကလည်း သူတို့လို လူမျိုးတွေအတွက် အမှန်တရားကို သတိရဖို့ဆိုတာ အလွယ်တကူ ဖြစ်လာနိုင်စရာ မရှိပါဘူး။
သူမ ခံစားနေရတာကလည်း မိဘအပေါ်မှာ (တစ်နည်း) ခင်ပွန်းကြီးဆယ်ပါးအပေါ်မှာ အမှားလုပ်ခဲ့မိတာကြောင့် ကာယကံ၊ ဝစီကံ၊ မနောကံတို့ ကျူးလွန်ခဲ့တာကြောင့် ခုလိုခံစားနေရတာပါ။ ဒီလို လုပ်ခဲ့ရင် ခုလိုခံကြရတတ်ကြောင်းကို ကာယကံရှင် ဘက်က တကယ်မသိတာလား မသိချင်ဟန်ဆောင်တာလားဆိုတာ မည်သူမှသိနိုင်မှာတော့ မဟုတ်ပါ ဘူး။ မည်သူမဆို မိမိတို့ဘဝကောင်းစားချင်ရင်၊ အရာရာအဆင်ပြေချင်ရင် ခင်ပွန်းကြီးဆယ်ပါးအပေါ်မှာ ကာယကံ၊ ဝစီကံ၊ မနောကံတို့နဲ့ မပြစ်မှားမိဖို့ အထူးသတိထားရပါမယ်။
နောက်ထပ် အထူးဆင်ခြင်သင့်တာကတော့ မိဘနှစ်ပါးအပေါ်မှာလည်း ဘယ်လိုနည်းနဲ့မှ မစော်ကားမိပါစေနဲ့။ စော်ကားမိသူတွေအတွက် သံသရာမှ ခံကြရမှာမဟုတ်ပါဘူး။ လက်ရှိဘဝမှာကို ခံစားရတတ်ပါတယ်။

စိန္တာမယဆရာပိုင်
အမှတ်(၃၆၂)၊ ဇေယျာ(၈)လမ်း၊
(၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊
ဖုန်း-ဝ၉ ၄၂၀၇၄၄၁၁၂၊ ဝ၉ ၂၅၄၈၁၁၀ဝ၇