အတိုက်လား အစောင့်လား

အတိုက်လား အစောင့်လားဆိုတဲ့မေးခွန်းက ကျွန်ုပ်ဘုရားခန်းမှာ မကြာခဏမေးနေရတဲ့ မေးခွန်းမျိုး ဖြစ်ပါတယ်။
ဘာကြောင့်မေးနေရတာလဲဆိုတော့ သူများ အတိုက်လို့ထင်ပြီး ရောက်လာကြသူ တချို့ အတိုက် မဟုတ်ဘဲ ကိုယ့်အစောင့်တွေကြောင့် ကိုယ်ဖြစ်နေ တာမျိုး တွေ့နေရလို့ပါပဲ။
တစ်နေ့ရောက်လာသူ မိန်ကလေး နှစ်ယောက်မှာ ရောက်လာတာနဲ့ သူတို့ ရင်ဆိုင်တွေ့ ကြုံနေရတဲ့ အဖြစ်ဆိုးတချို့ကို ပြောပြပါတယ်။
“ဆရာ ကျွန်မတူမလေးက သူ့ယောက္ခမ အိမ်မှာ လုံးဝနေလို့မရဘူးဖြစ်နေတယ် …နောက်ပြီး သူတို့လင်မယားက ကျွန်မတို့အိမ်မှာနေရင် အားလုံး ကောင်းတယ်၊ လင်မယားလည်း တည့်တယ် … နယ်က သူ့ယောက္ခမအိမ် ရောက်သွားပြီဆိုတာနဲ့ တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ချင်ကြ တော့ဘူး …နေ့တိုင်းရန်ဖြစ်နေကြတာပဲ … ခုလည်း လွန်ခဲ့တဲ့လေးငါးရက်က လင်မယား သတ် ကြပြီး တူမက ကျွန်မတို့အိမ် ရောက်လာတာပါ”
“သူ့ယောက္ခမအိမ်က ဘာထူးခြားချက်ရှိနေလို့လဲ … သမီးကို ဆရာတွေ ဘာတွေဆီ ခေါ်သွားပြီး အပ်တာတို့၊ အဆောင်လက်ဖွဲ့ပေးတာတို့ လုပ်ထားတာမျိုး ရှိလား”
“ရှိပါတယ် ဆရာ … ကျွန်မ ငွေကြေး ကိစ္စဖြစ်လို့ သူတို့ ဆရာတစ်ယောက်ဆီ ခေါ်သွား ပေးပါတယ် …ဒီအဆောင်ပေးလိုက်တာပါ”
မိန်းကလေးက သူမ လက်ကောက်ဝတ်မှာ ဝတ်ထားတဲ့ ကြိုးကိုပြပါတယ်။ ကြိုးမှာ ကြေးပြား သုံးခု လိပ်ထားတာတွေ့ရပါတယ် …လက်ဖွဲ့ တစ်ခု ဖြစ်တာကြောင့် အစောင့်ရှိနေတာသေချာပါပြီ။
“ဒီလက်ဖွဲ့ မရောက်ခင်ကတည်းက ကျွန်မတို့ လင်မယားမတည့်ကြတာပါ ဆရာရယ် … တောက်လျှောက်ကို ဖြစ်နေတာပါ။ ပြောရရင် အိမ် ထောင်စကျကတည်းက ဖြစ်နေကြတာ။ ဘာကြောင့်မှန်းတော့ မသိပါဘူး”
“ဒါတင်မကသေးဘူး ဆရာရယ်၊ သူတို့နှစ်ယောက်ကို ကောင်လေးမိဘတွေက သဘောမတူခဲ့ကြဘူး။ ဒါပေမဲ့ သူတို့က နိုင်ငံခြားမှာ အလုပ်လုပ်ရင်း တွေ့ကြ …နောက် လက်ထပ်လိုက်ကြတာပဲ။ အဲဒီတော့ မိဘတွေက မကြည်ဖြူကြဘူးလေ … အဲဒီတော့ သူတို့ကိုကွဲအောင်များ လုပ်ထား တာလားလို့”
သူတို့ပြောနေပုံက သူတို့လင်မယား ဖြစ်တဲ့ ကိစ္စတွေမှာ အောက်လမ်းပညာနဲ့ တိုက်ထားသလို ပြောနေကြတာပါ။
“အင်း …သမီးတို့ကတော့ အောက်လမ်း ရွာသူ တိုက်ထားသယောင် ပြောနေတာပဲ … ဆရာ စစ်ဆေးကြည့်ပါဦးမယ် …စစ်ဆေးပြီးမှအဖြေ ထုတ်ကြတာပေါ့ သမီး ဘာနေ့သမီးလဲ ပြော”
“တနင်္ဂနွေသမီးပါ ဆရာ”
ထို့နောက် ကျွန်ုပ်လည်း တနင်္ဂနွေသမီးရဲ့အသက်နဲ့ခန္ဓာ အပ်ခိုင်းပြီးစစ်ဆေးလိုက်ပါတယ်။ သူမမှာ ပညာစက်တွေလည်း တွေ့တယ်။ နောက်ပြီး သိုက်ဆက်လည်းဖြစ်နေပါတယ်။ ဒီ့အပြင် သူမကိုယ်တွင်းကိုယ်ပမှာ အင်း ဆေးလက်ဖွဲ့နဲ့ ပတ်သက်တဲ့ အစောင့်ကလည်း ရှိနေပါသေးတယ်။ ဒါကြောင့် ဦးဆုံး အစောင့် ထုတ်သိမ်းလိုက်ပါတယ်။ အစောင့်ဆိုတဲ့နေရာမှာ အောက်မလွတ်တဲ့အစောင့် (တနည်း) ဘီလူး၊ သရဲ၊ အစိမ်း စတာ တွေဖြစ်နေတတ်တာကြောင့်မထုတ်လို့မရပါဘူး။ အဲဒီအစောင့်ကြောင့်လည်း ကိုယ့်အတိုက် ကိုယ်မိနေသလိုမျိုး ဖြစ်တတ်ပါတယ်။
“တနင်္ဂနွေသမီး သိလျက်နဲ့ဖြစ်စေ … မသိဘဲနဲ့ဖြစ်စေ ယူထား၊ ဆောင်ထား၊ သိမ်းထား သောက်ထား၊ ကိုယ်ပေါ်မှာထိုးနှံထားတဲ့ အင်းဆေး၊ လက်ဖွဲ့၊ ဓာတ်လုံး၊ ဓာတ်ပြာ၊ ရေစင်ရေမန်းတို့နဲ့ ပတ်သက်တဲ့ အောက်မလွတ်တဲ့ အစောင့်တွေ တစ်ယောက်ချင်း ဘုရားဦးတိုက် ထွက်ကြစေ”
အစောင့်လေးဦးလောက်ထွက်သွားပါတယ်။ အစောင့်ထုတ်ပြီးတော့ ပြန်စစ်ကြည့်တဲ့အခါ သူမ ကိုယ်ထဲမှာ ပညာစက်မရှိတော့ပါဘူး။ ကိုယ့်အတိုက် ကိုယ်မိလို့ စစ်ဆေးစဉ် ပညာစက်တွေ့ရတာပါ။
တနင်္ဂနွေသမီးနဲ့ပတ်သက်တဲ့ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေမှုအတွက် သိုက်နန်းရှင်ကို ခေါ်မေးရပါတယ်။
“ပြော ဘာသိုက်လဲ”
“နဂါးသိုက်ပါ”
“ဘယ်ကလဲ ဘယ်မှာရှိတာလဲ”
“ပြည်ကပါ”
“မောင်နှမဘယ်နှစ်ယောက်ရှိလို့ တနင်္ဂနွေ သမီးက ဘယ်နေရာကလဲ”
“မောင်နှမသုံးယောက်ပါ၊ သူကအငယ်ဆုံး”
မိန်းကလေးက သူမကိုယ်သူမ သိုက်ကလို့ အတိအကျ မသိထားပေမယ့် အိပ်မက် မက်ကြောင်း ကို ပြောပြပါတယ်။
“သိုက်ဆိုတာကိုတော့ ခုမှသိရတာပါ ဆရာ …ဒါပေမဲ့ ကျွန်မ မကြာခဏ မက်တဲ့ အိပ်မက် တစ်ခု ရှိပါတယ်။ အဲဒီအိပ်မက်ထဲမှာ ကျွန်မ မြစ်လား၊ ချောင်းလား၊ ပင်လယ်ကြီးလား မသိပါဘူး။ အဲဒီထဲကို ဆင်းလိုက်တဲ့အခါ မိချောင်းတစ်ကောင်က ကျွန်မကို လာဆွဲပါတယ်။ မိချောင်း ဆွဲလို့ ကြောက်လန့်နေ ချိန်မှာ အစိမ်းရောင် ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီး တစ်ယောက်က ကျွန်မကို ကယ်ထုတ်ပေးသွားပါ တယ် …ဒီလို အိပ်မက်မျိုး မက်လေ့ရှိတာကြောင့် ကျွန်မနဂါးသိုက်နဲ့ ပတ်သက်နေလား မသိဘူး ထင်မိပါတယ်။ ဒါပေမဲ့ ခုလိုတော့ မစစ်ဆေးခဲ့ဖူးပါဘူး”
ဆက်လက်စစ်ဆေးကြည့်တဲ့အခါ တနင်္ဂနွေ သမီး အိမ်ထောင်ပြုတာကို မကျေနပ်ကြောင်းနဲ့ သူမကိုယ်ပေါ်က အောက်မလွတ်တဲ့ အစောင့်တွေ ကြောင့် သိုက်နန်းရှင်တွေ အနားကပ်လို့ မရဘူး။ အနားကပ်မရတဲ့အခါ သိုက်က သူ့ဘဝဆက်ကို မကူညီနိုင်ဘူး။ အဲဒီအခါမှာ လာဘ်ပိတ်မယ်။ နောက် အိမ်ထောင်ရေး အဆင်မပြေနိုင်ဘူး။ အများနဲ့ တစ်ယောက် ဖြစ်လာမယ်။ ကိုယ်လုပ်တာ ကောင်းနေ၊ မှန်နေပေမယ့် သူများက ကိုယ့်ကို အကောင်း မမြင်တာမျိုးတွေ ခံစားနေရမယ်။
ဒါဟာ သိုက်နဲ့ အဆင်မပြေတဲ့အခါမျိုးမှာ ဖြစ်တတ်တဲ့ အကြောင်းတွေပါ။
“သမီးတို့ အိမ်ထောင်ကျကတည်းက ခုချိန်ထိ ရိုးရာနတ်တွေကို ပူဇော်ပသတာမျိုး၊ နတ်တင်တာတို့ ဘာတို့ မလုပ်ခဲ့ဖူးဘူး ထင်တယ်”
“အင်း မလုပ်ခဲ့ဖူးပါဘူး ဆရာ … ယောက္ခမ အိမ်ရောက်ပြန်တော့လည်း သူတို့က ဒါမျိုးတွေ မယုံဘူးတဲ့။ အဲဒါကြောင့် မလုပ်ဖူးပါဘူး”
“အင်း …သမီးတို့က ဆုံဖြစ်တယ်လို့ပဲ ပြောရတော့မှာပေါ့။ နတ်ကိစ္စ၊ သိုက်ကိစ္စနဲ့ အဆောင် လက်ဖွဲ့အစောင့်တွေ ရှုပ်နေတော့ စိတ်တွေရှုပ်ထွေး အလုပ်အဆင်မပြေ၊ လက်ထဲ ငွေမမြဲဖြစ်ရတာပေါ့။ ကိုယ်ပြောတဲ့စကားကို သူများ လက်မခံတာလည်း ဒါတွေကြောင့်ပဲပေါ့ …ခုကစလို့ ရိုးရာနတ်တွေ ကို ဆရာပေးတဲ့စာရွက်အတိုင်း လက်ဖက်တစ်ရိုး၊ ကွမ်းတစ်ယာ တင်မြှောက်ပေးလိုက်၊ သိုက်နန်းရှင်ကိုလည်း နို့ပေါက်ပေါက်နဲ့ နဂါးစာချလိုက်။ အဲဒါဆိုရင် အဆင်ပြေသွားလိမ့်မယ်”
ဒီလိုပြဿနာမျိုးတွေ မကြာခဏ လာတတ်ပါတယ်။ လာတဲ့သူတိုင်းကိုလည်း ပယောဂမဟုတ်ဘဲ ကိုယ့်အတိုက် ကိုယ်မိနေတာမျိုး သိုက်ကြောင့်၊ နတ်ကြောင့် ဖြစ်တာမျိုးတွေ ရောက်လာတတ်တာပါ။ ဒါကြောင့် ကိုယ့်မှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြောင်းတွေ ဖြစ်လာတိုင်း ပယောဂစက်တစ်ခုခု တိုက်တယ်လို့ မထင်စေချင်ပါဘူး။ တခြားကြောင့်လည်း ဖြစ်တတ်တာကို သိထားစေချင်ပါတယ်။

စိန္တာမယဆရာပိုင်
အမှတ်(၃၆၂)၊ ဇေယျာ(၈)လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ဖုန်း-ဝ၉ ၄၂၀၇၄၄၁၁၂၊ ဝ၉ ၂၅၄၈၁၁၀ဝ၇