သိုက်နန်းရှင်တွေရဲ့ တာဝန်တချို့

သိုက်နန်းရှင်တို့ရဲ့တာဝန်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒုတိယတစ်ပုဒ် ထပ်ရေးပါရစေ …။
သိုက်နန်းရှင်တို့မည်သည် လူတွေလိုပါပဲ။ တာဝန်ကိုယ်စီ ထမ်းဆောင်နေကြရပါတယ်။ ဘယ်လိုတာဝန်တွေလဲဆိုတော့ ပြီးခဲ့တဲ့အပတ်က ရေးခဲ့သလို တိုင်းရေးပြည်ရာ၊ စစ်မက်ရေးရာ၊ ဘာသာသာသနာဆိုင်ရာ၊ တန်ခိုးကြီးဘုရားပုထိုးစေတီများရဲ့ သန့်ရှင်းရေး၊ လုံခြုံရေး အစရှိသဖြင့် လိုအပ်တဲ့နေရာမှာ လိုသလို ဖြည့်စွက်နေကြရသူတွေပါ။
တစ်ခါတလေ ကျွန်ုပ် သိုက်ကိုခေါ်တဲ့အခါ သိုက်ချုပ်ဘိုးတော်ကြီးကို အဓိကထားခေါ်လေ့မရှိဘဲ သိုက်နန်းရှိ လုပ်ပိုင်ခွင့်ရှိသူ၊ ပြောရေးဆိုခွင့် ဆုံးဖြတ်ခွင့်ရှိသူ လာပါလို့ ခေါ်လေ့ရှိပါတယ်။ သိပ်လို အပ်လာမှ သိုက်ချုပ်ဘိုးတော်ကြီးကို ခေါ်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သိုက်ချုပ်ဘိုးတော် ဆိုတာ သိုက်နန်းတစ်ခုလုံးနဲ့ပတ်သက်ပြီး တာဝန်အပြည့်ဝရှိသူပါ။ ပတ်သက်လာသမျှ၊ သက်ဆိုင်နေသမျှကို သူရှင်းနေရတာပါ။ ရေသာခိုလို့မရပါဘူး။ နောက်ဆုတ်နေလို့လည်း မရပါဘူး။ ဒါကြောင့် သူတို့ခမျာ အလုပ်အလွန်များပါတယ်။ ကိုယ်ချင်းစာ နားလည်စွာနဲ့ ဘိုးတော်ကို မခေါ်ရခြင်းပါ။
တစ်နေ့ မိန်းကလေးတစ်ယောက် သူ့ မိသားစုနဲ့ရောက်လာပါတယ်။ သူမကျန်းမာရေးမကောင်းလို့ စစ်ဆေးပေးပါဆိုတဲ့အတွက် ကျွန်ုပ်စစ်ဆေး ကြည့်လိုက်တဲ့အခါမှာ သူမမှာ တခြားအတိုက်အခိုက် မတွေ့ရပါဘူး။ သိုက်ဆက်တွေ နှောင့်နေတာလို့ သိလိုက်ရပါတယ်။ သိုက်နဲ့တွေ့ဖို့ လိုအပ်လာပြီမို့ ကျွန်ုပ် သိုက်နန်းရှင်ကို ခေါ်လိုက်ပါတယ်။
သိုက်နန်းရှင် ရောက်လာပြီး ဘုရားဝတ်ပြု ပါတယ်။
“ပြောပါ ဘာသိုက်တွေလဲ”
“နဂါးသိုက်ပါ …”
“ဘယ်ကပါလဲ …”
“ဟိုးအဝေးကြီးကပါ …”
“မောင်နှမဘယ်နှစ်ယောက်ရှိပါသလဲ …”
“ငါးယောက်ပါ …သူက အငယ်ဆုံးပါ”
“သူနဲ့ပတ်သက်ပြီး ဘာတွေမကျေနပ်လို့ ဘာတွေလုပ်ထားလဲ ပြောပေးပါ”
“သူအိမ်ထောင်ပြုမယ်ဆိုလို့ ပြန်ခေါ်ဖို့ လုပ်နေတာပါ …”
“သူ့ကို သက်တမ်းသတ်မှတ်ချက်နဲ့ လွှတ်လိုက်တာလား”
“မဟုတ်ပါဘူး …ကျုပ်တို့က ခုရွှေတိဂုံမှာပါ”
“ဟင် ခုနပြောတော့ အဝေးကြီးကဆို ဘာ ဖြစ်တာလဲ”
“ဟုတ်ပါတယ် …ကျုပ်တို့သိုက်က ဝေးပါတယ် …ဒါပေမဲ့ ကျုပ်တို့တွေလွန်ခဲ့တဲ့ သုံးရက် လောက်ကမှ ရွှေတိဂုံ ဌာပနာလုံခြုံရေးအတွက် စောင့်ကြပ်ဖို့ ရောက်လာကြတာပါ … သူသွားချင်တယ်ဆိုလို့ လွှတ်ပေးလိုက်တာပါ …ကျုပ်တို့အတွက် ဘာမှလုပ်မပေးပါဘူး …ခု အိမ်ထောင်ပြုတော့မယ်ဆိုလို့ မထားတော့ပါဘူး …”
သိုက်နန်းရှင်ဘက်ကပေးတဲ့အလီဘိုင်ပါ။ ပြန်ခေါ်ဖို့အတွက် ပြည့်စုံနေပါတယ်။ ဒါပေမဲ့  ကျွန်ုပ်လုပ်ဆောင်ရမယ့်အလုပ်က ခုနစ်ရက် ားသမီးတွေရဲ့ ကိုယ်တွင်းကိုယ်ပ၊ အိမ်တွင်းအိမ်ပ၊ လုပ်ငန်း အစရှိတာတွေမှာ မမြင်အပ်၊မြင်အပ် နှောင့်ယှက်လာသူ စုန်း၊ နတ်၊ ကဝေ၊ သိုက် အစရှိတာတွေကို ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။
“အင်း မင်းပြောလိုက်တာ အရမ်းသဘာဝကျပါတယ်။ ဒါပေမဲ့ သူ့ခမျာ လူ့လောကကိုရောက်လာပြီး ထုံးစံအတိုင်း အိမ်ထောင်ရက်သားပြုမယ် …သူဟာ မင်းတို့နဲ့ဆက်သွယ်မှု ရှိနေတယ်ဆိုတာ မသိလို့ လုပ်တာနေမှာပေါ့ … မင်းတို့ဘက်က သူ့ကို အသိပေးရဲ့လား”
“ပေးပါတယ် … သူ့ကို အိပ်မက်တွေ ပေးပါတယ် …အနားမှာ အရိပ်အယောင်တွေလည်း ပြပါတယ် …”
“ကဲ သူကတော့ တာဝန်ကျေတယ်ချည်း ပြောနေတယ် …မင်းဘာလို့ သတိမထားမိတာလဲ။ သူတို့အတွက် ကုသိုလ်ကောင်းမှုလုပ်ပေးရမယ်၊ အမျှအတန်းပေးဝေရမယ် … ဒါမှလည်း မင်းကို လူ့ပြည်လွှတ်ရကျိုးနပ်မှာပေါ့ …အဲဒိတော့ သိုက်နန်းရှင်ကို ပြောချင်တာက ခုမင်းတို့နဲ့ သူဘယ်လို ဆက်သွယ်နေတယ်ဆိုတာ သူကိုယ်တိုင်လည်း သိသွားပြီ …ခုချိန်ကစလို့ သူ့ကိုမင်းတို့အတွက် တာဝန်ကျေအောင်လုပ်ခိုင်းပေးတယ် မင်းတို့ဘက်က ဒီမိန်းကလေးလူ့ဘဝသက်တမ်းစေ့နေနိုင်ဖို့ ဆရာ့ကိုလှူခဲ့ပေးပါ”
သိုက်နန်းရှင်က မလှူချင်လို့ မကျေမနပ်တွေ ပြောနေပါတယ်။ ဒါကြောင့် သိုက်ချုပ်ဘိုးတော်ကိုခေါ်ပြီး မိန်းကလေး ကိုယ်တွင်းကိုယ်ပမှာ သူတို့ လုပ်ထားသမျှကို ပြန်သိမ်းခိုင်း၊ ဘိုးတော်ဆီက အသက်အလှူခံလိုက်လို့ ဘိုးတော်ကလည်း လှူခဲ့ပါတယ်။ သူတို့တွေမှာ တာဝန်ကိုယ်စီရှိကြပြီးတော့ သူတို့တာဝန်ဟာ ရွှေတိဂုံဘုရား ဌာပနာကို အသက်နဲ့ရင်းပြီး စောင့်ရှောက်နေရတာပါ။ ဒီကာလတိုကလေး (သူတို့အတွက် ကာလတိုဖြစ်ပေမယ့် ကျွန်ုပ်တို့အတွက် လူ့သုံးသက်လောက် ရှိတတ်ပါတယ်)မှာ လူ့ပြည်ကို လာချင်တဲ့ သူတို့ညီမငယ်လေးအတွက် သူတို့အနစ်နာခံပြီး လွှတ်လိုက်တာ ဖြစ်ပါတယ်။
လူ့ဘဝကိုရောက်လာရသူက မေ့ပင်အောက် ရောက်ရသလို အရာရာကို မေ့လျော့တွေဝေပြီး လူ့ဘဝမှာ ပျော်နေပါးနေကြလို့ သူတို့က သတိပေးတဲ့အနေနဲ့ ကျန်းမာရေး၊ လူမှုရေး၊ အိမ်ထောင်ရေး အစရှိတာတွေကို တစ်နည်းမဟုတ် တစ်နည်းနဲ့ အခက်အခဲဖြစ်အောင် လုပ်ပြီး အသိပေးလိုက်ခြင်းပါပဲ။ ဒီအသိကို လက်ကိုင်ထားပြီး ရှေ့လျှောက် မိမိအတွက် တစ်ခုတည်းမလုပ်ဘဲ …ဘဝဆက်က ဆွေမျိုးတွေအတွက်ပါ အသိအမှတ်ပြု လုပ်ကိုင်ပေးမယ်ဆိုရင် သူမ ဘဝတစ်လျှောက်လုံး အားလုံးအဆင်ပြေသွားနိုင်ပါတယ်။
မိန်းကလေးအတွက်ကတော့ သူမဘဝဆက် သိုက်တွေကို နဂါးစာချဖို့၊ လုပ်သမျှ ကောင်းမှုကုသိုလ်တွေရဲ့ အဖို့ဘာဂတွေကို သိုက်နန်းရှင်တွေအတွက် အမျှပေးဝေဖို့ …မိန်းကလေး ကိုယ်တွင်းကိုယ်ပမှာ ဖြစ်ပျက်ခံစားနေရတဲ့ ရောဂါဝေဒနာတွေ တစ်ပတ်အတွင်းပျောက်ခဲ့ရင် သိုက်ကိုပွဲတစ်ပွဲ ပေးဖို့ မှာကြားလိုက်ရပါတယ်။ အထူးအနေနဲ့ကတော့ မိန်းကလေးဟာ ဘာသာတရားကို ကျောခိုင်းထားလို့ မရတော့ပါဘူး။ ဘုရားရှိခိုး ပုတီးစိပ်၊ တရားထိုင်၊ ပရိတ်၊ ပဋ္ဌာန်းရွတ် စတဲ့ ဘာသာရေးဆိုင်ရာတွေ လုပ်ဖို့ကိုလည်း သတိပေးလိုက်ပါတယ်။
တစ်ပတ်လောက်အကြာမှာ သူတို့ပြန်ရောက်လာကြပြီး သိုက်နန်းရှင်အတွက် ပွဲတစ်ပွဲပေးပါတယ်။ မိန်းကလေး ကျန်းမာရေး ထူးထူးခြားခြား ကောင်းသွားလို့ လာပေးကြတာပါ။ ကိုယ့်ဘက်က မှန်ကန်တဲ့ လုပ်ရပ်လုပ်ရင် သူတို့ကလည်း ကိုယ့်ကို မှန်မှန်ကန်ကန် စောင့်ရှောက်ကြမှာပါ။

ခုနစ်ရက်သားသမီးများ ပယောဂစက်ဘေးမှ ကင်းဝေးနိုင်ကြပါစေ …
စိန္တာမယဆရာပိုင်
အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇