နောက်ဖေး အပင်မှာ အတိုက်လုပ်ထားတာပါ။

အထူးသဖြင့် အစိမ်းတိုက်၊ သရဲတိုက်လိုမျိုးနဲ့ ကြုံရတဲ့အခါမှာ အောက်လမ်း ဆရာတွေ ခိုင်းထားတဲ့ အစိမ်း၊ သရဲတွေက မိသားစုကို ပုံစံမျိုးစုံနဲ့ နှောင့်ယှက်တတ်ပါတယ်။

ပယောဂဝေဒနာသည်တွေကို နေ့စဉ်နဲ့အမျှ ကုသမှုတွေ ပြုလုပ်ပေးရတာ တာဝန်တစ်ခုကို ထမ်း ဆောင်နေရသလို ခံစားနေရပါတယ်။ ဘာကြောင့် ဒီအလုပ်ကို လုပ်ခွင့်ရနေတယ်ဆိုတာ သေချာ ဂဃဏန မသိပေမယ့် မှန်းခြေနဲ့ ပြောရရင်တော့ ဘဝအဆက်ဆက်က ပြုခဲ့ဖူးတဲ့ အကြောင်းတရားတွေရဲ့ အကျိုးဆက်တွေပဲလို့ မှတ်ယူပါတယ်။

ငယ်စဉ်ကာလ ဘုမသိဘမသိနဲ့ အဓိဌာန်ဝင်၊ ဂုဏ်တော် ပုတီးစိတ်၊ ပဌာန်းရွတ် စသဖြင့် ကောင်းရာကောင်းကြောင်းတွေကို လုပ်နေပေမယ့် စိတ်ပိုင်းဖြတ်မှုအားကတော့ အလွန်နည်းပါးပါသေးတယ်။ သူများတွေ ဝိဇ္ဇာအကြောင်း၊ ပဋ္ဌာန်းဆက်အကြောင်း ပြောကြတာကို နံဘေးက နားထောင်းရင်း ငါလုပ်နေတာတွေ အရာမှထင်ရဲ့လားလို့ မကြာခဏတွေးမိပြီး မကြာခဏ စိတ်ဓာတ်ကျခဲ့ဖူးပါတယ်။

သူများတွေက လုပ်သလောက် အရာထင်ပြီး ငါကတော့ လုပ်သလောက်မှ အရာထင်ရဲ့လား၊ ပုဂ္ဂိုလ်တွေကရော ငါလုပ်နေတာကို သိမှသိကြရဲ့ လား၊ အသိအမှတ်ကော ပြုကြရဲ့လား၊ ငါလုပ်တာ အရာထင်ရဲ့လား၊ ငါ့မှာ ဘဝဆက်၊ ပဋ္ဌာန်းဆက် ဆိုတာ ရှိရောရှိရဲ့လားလို့ နေ့စဉ်နဲ့အမျှတွေးမိနေတတ်ပါတယ်။ ခုတော့လည်း အဲဒီအကြောင်းတွေရဲ့ အကျိုးနဲ့ ဘဝဆက်၊ ပဋ္ဌာန်းဆက်၊ သိုက်ဆက်နဲ့ ပါရမီဆက်တွေကိုလည်း သိသင့်သလောက် သိနေပါပြီ။

ငယ်စဉ်က ပယောဂကုသဖို့ (ပယောဂ တစ်ယောက် ကိုယ့်ဆီရောက်လာဖို့) ကာလတော်တော် ကြာအောင် စောင့်နေရတာပါ။ အဲဒီလို အချိန်မျိုးမှာ အားငယ်စိတ်နဲ့ တွေးလိုက်မိတာက “ငါ့မှာ ပညာမှ ရှိသေးရဲ့လား… ပယောဂကို ကုလို့မှရပါ့မလား”လို့ တွေးမိတတ်ပါတယ်။ အချိန်တော်တော်ကြာအောင် တွေးမိလိုက်ပြီဆိုတာနဲ့ အိပ်မက်ထဲမှာ ပယောဂကုရတော့တာပါပဲ။ ဆိုလိုတာက မင်းမှာ ပညာတွေ ရှိပါသေးတယ်။ မစိုးရိမ်ပါနဲ့လို့ ပြောလိုက်သလိုပါပဲ။

ခုတော့ ပယောဂကို နေ့စဉ် ၁၀ ယောက် ဝန်းကျင်လောက် ကုသနေရပါပြီ။

တစ်နေ့ ကျွန်ုပ်ဆီကို ရောက်လာတဲ့ မိသားစုတစ်ခုအကြောင်း ပြောပါ့မယ်။ သူတို့မိသားစုလေးက အေးချမ်းစွာ နေနေကြသူတွေပါ။ ကြမ္မာဆိုး သူတို့ဆီ ရောက်လာတာကတော့ သူတို့မိခင်ကြီး အိမ်အနောက်ဘက်မှာ ချော်လဲရာက စတာပါပဲ။ အသက်ကြီးသူတွေ ချော်လဲတာ မကောင်းဘူးလို့ လူကြီးသူမတွေ ပြောသလိုပါ။ ချော်လဲလိုက်ပြီးတာနဲ့ အရိုးမကောင်းဖြစ်ပြီး အိပ်ရာထဲ လဲပါတယ်။ ဆေးကုသမှုတွေ လုပ်ပေမယ့် သက်သာလိုက်၊ ပြန်ဖြစ်လိုက် ဖြစ်နေတာမို့ သူတို့မိသားစုလေး ငွေကုန်ကြေးကျ များနေရပါတယ်။

ဒီထက် ဆိုးလာတာက တစ်နေ့ နေဝင်ရီ တရောမှာ နောက်ဖေးဘက်ကိုထွက်သွားတဲ့ သောကြာသားက နောက်ဖေးက သရက်ပင်အောက်မှာ လူတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ပါတယ်။ အိမ်ပေါ်က တစ်ယောက်ယောက်ကိုခေါ်ဖို့ အိမ်ဘက် တစ်ချက်လှည့်ကြည့်ပြီး သရက်ပင်အောက်ကို ပြန်ကြည့်တဲ့အခါ ဘာမှမရှိတော့ပါဘူး။

“ကျွန်တော် ကြောက်လိုက်တာ ဆရာရယ်။ ခေါင်းတွေဘာတွေ ကြီးသွားတယ်။ ချက်ချင်းပဲ အိမ်ထဲကို ပြေးဝင်သွားပြီး အစ်ကိုကြီးကို ပြန်ပြောပြတော့ အစ်ကိုကြီးက မယုံပါဘူး”

“မင်းကွာ ငါတို့တစ်သက် ဒီအိမ်မှာ နေလာတာ ဘာတွေ့ခဲ့ရဖူးလို့လဲ… မင်းဘာသာ အိပ်ရေးတွေပျက် အမြင်တွေ မှားနေတာဖြစ်ပါလိမ့်မယ်”လို့ ပြန်ပြောလာပါတယ်။ သောကြာသားလည်း အခြေအတင် မငြင်းတော့ဘဲ ငြိမ်နေလိုက်ရပါတယ်။

နောက်တစ်လကျော်လောက်ကြာတော့ အစ်ကိုကြီးတစ်ယောက်ထဲ ညဘက်နောက်ဖေးဆင်းလိုက်တာ “အောင်မလေးဗျ”လို့အော်ပြီး အိမ်ပေါ်ပြေးတက်လာတာကြောင့် မိသားစုက ဝိုင်းမေးပေမယ့် ဘာပြန်ပြောရမှန်းမသိအောင် ကြောင် တောင်တောင်ကြီး ဖြစ်နေပါတယ်။ ဘုရားသောက်တော်ရေကို ခွက်တစ်ခုထဲ ပြောင်းထည့်ပြီး တိုက်လိုက်တော့မှ နည်းနည်းအသိဝင်လာပြီး သက်ပြင်းရှည်ကြီးချပြီး ဘာမှမပြောဘဲ နေပါတော့တယ်။

ဟိုပြဒီပြတွေပြပြီး ဘာမှမထူးတဲ့အဆုံးမှာ သူတို့မိတ်ဆွေ လမ်းညွှန်လိုက်တာကြောင့် ကျွန်ုပ်ဆီ ရောက်လာရတာပါ။

“အင်း မင်းတို့ပြောသလိုဆိုရင် မင်းတို့အိမ်မှာ သရဲရှိတယ်လို့ ဆိုလိုချင်တာပေါ့… နောက်တစ်ခုက မင်းတို့တစ်သက်နေခဲ့တဲ့အိမ်မှာ ခုတလောမှ သရဲတွေ့ရတယ်ဆိုတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူး။ အတိုက်အခိုက်တစ်ခုကြောင့်ဖြစ်မယ်… သရဲတိုက် အစိမ်းတိုက်ဆိုတာ ရှိတတ်တယ်။ နောက်တစ်ချက်ကတော့ မကျွတ်မလွတ်ရှိနေတာကို မင်းတို့က မသိလို့ အမျှအတန်းမပေးမိတဲ့အခါမျိုးမှာလည်း သူတို့က အမျှလိုချင်လို့ ပြတာမျိုးလည်း ရှိတတ်တယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် စစ်ဆေးကြည့်လိုက်ရင် အဖြေ ထွက်လာမှာပါ”

ကျွန်ုပ် စစ်ဆေးကြည့်လိုက်တဲ့အခါ အဓိကခေါင်သူကြီးက အောက်လမ်းဖြစ်နေပါတယ်။ နောက်သရဲတိုက်၊ အစိမ်းတိုက်လည်း ပါနေပါတယ်။ အဓိက တရားခံ အောက်လမ်းဆရာကို ခေါ် သွင်းပြီး စစ်ဆေးလိုက်ပါတယ်။

“ပြော မင်း ဘာကောင်လဲ” “ဆရာ …အောက်လမ်းဆရာပါ” “ဘာတွေလုပ်ထားတာလဲ အမှန်ပြောနော်” “သူတို့အိမ်ကို မကျေနပ်လို့ အတိုက်လုပ်ထားတာပါ” “ဘာနဲ့ တိုက်ထားတာလဲ” “အစိမ်းတိုက်ပါ … အစိမ်းနှစ်ကောင်သုံး ထားပါတယ်” “ဘယ်နေရာတွေမှာ ထားတာလဲ” “အိမ်ရှေ့မှာ တစ်ကောင်နဲ့ နောက်ဖေး သရက်ပင်မှာ တစ်ကောင်ထားပါတယ် … သူတို့ကို စိတ်ခြောက်ခြားအောင်၊ စီးပွားရေး မကောင်းအောင် ငွေကုန်ကြေးကျများအောင် လုပ်ထားတာပါ”

သူတို့ ဘာကြောင့်လုပ်တယ်၊ ဘယ်သူက ခိုင်းလို့လုပ်တယ်ဆိုတာတွေကို မေးမြန်းပြီး “သူတို့ အမေချော်လဲတာ မင်းရဲ့ အစိမ်းကောင်တွေ လက်ချက်ပေါ့ ဟုတ်လား”လို့မေးတော့ ခေါင်းညိတ်ပြပါတယ်။

ထုံးစံအတိုင်း အပြစ်နဲ့ လိုက်လျောမယ့် ဒဏ်ခတ်ဆုံးမပြီးတော့မှ သူ့ပညာတွေကို ထုတ်သိမ်းသွားပါတယ်။ ပညာစက်သိမ်း၊ သစ္စာဆိုခိုင်းပြီးတော့ ပြန်လွှတ်လိုက်ပါတယ်။ သူများအတိုက် အထူးသဖြင့် အစိမ်းတိုက်၊ သရဲတိုက်လိုမျိုးနဲ့ ကြုံရတဲ့အခါမှာ အောက်လမ်း ဆရာတွေ ခိုင်းထားတဲ့ အစိမ်း၊ သရဲတွေက မိသားစုကို ပုံစံမျိုးစုံနဲ့ နှောင့်ယှက်တတ်ပါတယ်။ ဒါကို ခြေ ခြေမြစ်မြစ် မစစ်ဆေးဘဲနဲ့ သရဲခြောက်တယ်ဆိုပြီး အကြောက်ကြီးခဲ့ရင် ပိုမိုဆိုးဝါးတဲ့ ပြဿနာမျိုးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

ဒါကြောင့် မိမိတို့အိမ်မှာ၊ ခြံမှာ သရဲခြောက် သလိုမျိုးတွေ ဖြစ်လာခဲ့ရင် သူတို့ဘာသာ ရှိရင်းစွဲ သရဲလား … သူများက ကိုယ့်မိသားစုတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတာတွေကို ဖျက်လိုဖျက်စီး နှောင့်ယှက်ချင်လို့ အတိုက်လုပ်ထားတာ မျိုးလားဆိုတာ စိစစ်ပိုင်းခြားသင့်ပါတယ်။

ခုနစ်ရက်သားသမီးအပေါင်း ပယောဂအ တိုက်ဘေးမှ ကင်းဝေးကြပါစေ…

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇