စိတ်ကို စိတ်နှင့် ကုစားခြင်း

ကျွန်ုပ် တွေ့ကြုံခဲ့ရတဲ့ ပယောဂအကြောင်း တွေရေးရင်း ကျွန်ုပ်အကြောင်းလေးလည်း အနည်းငယ်ထည့်ရေးနေခဲ့တာပါ။ တကယ့်အဓိက ရေးရမှာ လေးကို မေ့နေလို့ ဒီဆောင်းပါးအစမှာ ထည့်ရေးတာပါ။

ကျွန်ုပ်ဆေးကုသမှုကို ဘုရားခန်းမှာပဲလုပ်ပါတယ်။ အချို့က ဆရာ့ဆေးခန်း၊ ဆရာ့ဓာတ်ခန်း စသဖြင့် ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။ အမှန်တော့ ဆေးခန်းလည်း မဟုတ်ပါဘူး။ ဓာတ်ခန်းလည်း မဟုတ်ပါဘူး။ ဘုရားခန်းပါပဲ။

ဆေးကုသမှုအချိန်ကတော့ နံနက် ၁၀ နာရီခွဲ- ၁၁ နာရီနောက်ပိုင်းကနေ ညနေလေးနာရီအထိပါ။ လပြည့်လကွယ်နေ့တွေမှာ ပိတ်ပါတယ်။ ပယောဂကိုပဲ အဓိကကုသတာဖြစ်ပြီး ဗေဒင်ယတြာ၊ ဓာတ်ဆင်ဓာတ်ရိုက်မလုပ်ပါဘူး။

ပယောဂကိုစစ်ဆေးပေး ကုသမှုလုပ်ပေးတာပါ။ ပယောဂဆိုတဲ့နေရာမှာ အောက်လမ်း၊ ရွာသူ၊ စုန်း၊ နတ်၊ ကဝေနဲ့ သိုက်ကိစ္စတွေကို ကုသပေးနေတာ ဖြစ်ပါတယ်။ ဗေဒင်၊ ယတြာကိစ္စတွေကတော့ ကိုယ့်လိုင်းမဟုတ်တာက တစ်ကြောင်း၊ တတ်လည်း မတတ်တာကြောင့် မလုပ်ပေးပါဘူး။ တတ် ကျွမ်းနားလည်သူထံသာ သွားစေခိုင်းပါတယ်။

ပယောဂကုသတဲ့နေရာမှာလည်း မမှန်မကန် မဟုတ်တာကို အဟုတ်လုပ်ပြီး ကုလို့မရပါဘူး။ ပယောဂမရှိသောသူကို ပယောဂရှိသည်ဟု လိမ်လည်လှည့်ဖျား ငွေယူကာ ကုမစားပါဆိုတဲ့ သစ္စာစကားဆိုပြီး ကုနေရတာမို့ ပယောဂမရှိတဲ့သူဆိုရင် ကုမပေးပါဘူး။ ဒါပေမဲ့ ကိုယ်မကုချင်ပေမယ့် သူတို့ ကိုယ်တိုင်က ကုသမှုခံယူချင်သူတွေလည်း အများကြီး ရှိပါတယ်။

တစ်နေ့ ကျွန်ုပ် ဆီကို အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။ ထိုင်မိပြီဆိုကတည်းက –

“ကျွန်မကို သူများ ပြုစားထားတယ်ဆရာ၊ ကျွန်မ ခေါင်းတွေလည်း မကောင်းဘူး၊ ထမင်းလည်း စားမဝင်၊ ညလည်း အိပ်မပျော်ဘူး ဖြစ်နေတာ အတော်ကြာပါပြီ။ အဲ့ဒါဆရာ့ဆီမှာ စစ်ဆေးချင်လို့ ပါ”ဆိုပြီး ရောက်လာပါတယ်။ နောက် သူဆက်ပြော တဲ့စကားက –

“ကျွန်မကို လုပ်ထားတာက အိမ်ခေါင်းရင်းက အဘွားကြီးပဲဆရာ။ သူတို့က ကျွန်မတို့မိသားစုကို မနာလိုနေတာလေ။ ကျွန်မသားလေးက သင်္ဘော သားဆိုတော့ လစဉ် ငွေမှန်မှန်ပို့တာကြောင့် အဆင်ပြေတယ်လေ။ ဒါကို သူက ကြည့်မရဖြစ်နေတာ။ အဲ့တာကြောင့် ကျွန်မတို့ကို ငွေကုန်ကြေးကျ များအောင်လုပ်နေတာပဲ ဖြစ်မယ်ဆရာ။ ကျွန်မတို့အိမ်မှာ ဆေးရုံ ဆေးခန်းပြတ်တယ်လို့ကို မရှိပါဘူး ဆရာရယ်”

သူ ပြောလိုက်တဲ့စကားက ကျွန်ုပ်စိတ်ကို အသိတစ်ခုပေးလိုက်ပါတယ်။ ဒီမိန်းမ စိတ်စွဲနေတာဖြစ်နိုင်ကြောင်း သတိထားမိလိုက်လို့ပါပဲ။

ဒါကြောင့် သူမကို စစ်ဆေးပေးလိုက်ပါ တယ်။ ထင်ထားတဲ့ အတိုင်းပါပဲ။ သူမမှာ ပယောဂစက် မတွေ့ပါဘူး။ အိမ်ခြံမြေမှာလည်း အိမ်တိုက် မြေတိုက် ခြံတိုက် လုံးဝမရှိပါဘူး။ ဒါပေမဲ့ –

“ဆရာ ကျွန်မမှာ သူများလုပ်ထားတာတွေ တွေ့တယ် မဟုတ်လားဟင်”သူ့မေးခွန်းကြောင့် ကျွန်ုပ်သတိရသွားတာက ဖင်ထဲဖွတ်ဝင်တဲ့ ဆေးကုသမှုကိုပါ။

တစ်ချိန်က ဆေးဆရာတစ်ယောက်ဆီကို လူနာတစ်ယောက် ရောက်လာပါတယ်။ သူက သူ့ စအိုထဲကို ဖွတ်တစ်ကောင် ဝင်သွားကြောင်း၊ ဒါကြောင့် သူနေမကောင်းကြောင်း ပြောပါတယ်တဲ့။ ဒီကိစ္စမဖြစ်နိုင်ဘူးဆိုတာ ဆေးဆရာက သိနေတယ်။ ဒါပေမဲ့ လူနာကို ဘယ်လိုပြောပြော လက်မခံဘူး။

နောက်ဆုံးတော့ ဘယ်လိုမှ မတတ်နိုင်တာကြောင့် ကုပေးမယ့် နေ့ကိုချိန်းလိုက်တယ်။ ဒီကြားထဲမှာ အဲ့ဒီဆရာက ဖွတ်တစ်ကောင် အလောတကြီး ရှာရတော့တာပေါ့။ ကုသရမယ့်နေ့ရောက်တော့ ဖွတ်ကို အဆင်သင့်ထားပြီး လူနာကို ဖွတ်ထွက်အောင် လုပ်တယ်ဆိုပြီး လုပ်ပေးလိုက်တယ်။ ပြီးတော့ သူ့အောက်ကနေ ဖွတ်ကို လွှတ်ပေးလိုက်ပါလေရော။ ဖွတ်ထွက်သွားတာကို လူနာမြင်အောင်လုပ်ပြီး လူနာစအိုထဲက ဖွတ်ထွက်သွားတဲ့သဏ္ဌာန် လုပ်လိုက်တာ လူနာလည်း သူ့ဆီမှာ ဝင်နေတဲ့ဖွတ် တကယ်ထွက်သွားတယ် ထင်တာပေါ့။ ဒါကြောင့် နေရထိုင်ရတာ ပေါ့သွားတာပဲဆရာရယ်လို့ပြောပြီး ပြန်သွားပါလေရော။ အမှန်တော့ ဖွတ်ဝင်တယ်ဆိုတာ မဟုတ်ပါ ဘူး။ ဘာမှကို ဝင်မနေလို့ သူနေလို့ရတာပါ။ ဒါပေမဲ့ လူနာကို ဘယ်လိုမှ ရှင်းပြလို့မရတာကြောင့် ဆရာလုပ်သူက ဉာဏ်ကူပြီး ကုပေးလိုက်ရတဲ့ကုကွက်ပါ။

အခု ကျွန်ုပ်ရှေ့ကို ရောက်နေတဲ့လူနာကိုလည်း ဖွတ်ထွက်အောင် ကုတဲ့နည်းနဲ့ ကုရပါတော့မယ်။ ဟိုဆရာက ဘယ်လိုဆိုတာ မသိရပေမယ့် ကျွန်ုပ်မှာက သစ္စာဆိုထားတာရှိနေတော့ လုပ်ရတာ အတော်ခက်ပါတယ်။ ဒါပေမဲ့ မလုပ်ပေးလိုက်ရင်လည်း လူနာရဲ့အစွဲကို ပျောက်သွားမှာမဟုတ်တာမို့ စိတ်ကိုစိတ်နဲ့ ကုသဖို့ပင် သင်ရပါတယ်။

ကျွန်ုပ်နည်းက မခက်ပါဘူး။

“ကောင်းပြီ …ခင်ဗျားမှာ ပယောဂစက်တွေ ရှိနေတာကြောင့် ခင်ဗျားကိုပဲ စစ်ကြည့်ရလိမ့်မယ်”

“စစ်ပါဆရာ စစ်ပါ”

ထို့နောက် သူများတွေစစ်သလို သူ့ကိုလည်း ခြေနှစ်ချောင်းစင်းပြီး စစ်ဆေးလိုက်ပါတယ်။ အသံကျယ်ကျယ်နဲ့ အောက်လမ်းလား၊ ရွာသူလားဆိုပြီး စစ်တော့ သူ့ခြေထောက်မှာ ပယောဂစက်တွေ တန်းစီပြီး တွေ့နေရပါတယ်။

“ဟုတ်ပြီ …ခင်ဗျား ခြေဆင်းလျက်ကနေ လက်အုပ်ချီလိုက်”

သူလက်အုပ်ချီပြီးတော့ ကျွန်ုပ်က –

“ပယောဂစက်တွေ ကာယကံရှင်ရဲ့ လက်ကိုစီးပြီး ရိုက်ထုတ်လိုက်စမ်း”လို့အမိန့်ပေးလိုက်တာ နဲ့ ကာယကံရှင်ရဲ့ လက်တွေ တုန်ယင်လာကာ ခေါင်း ဖျားကနေစပြီး ရိုက်ထုတ်ပါတော့တယ်။ တဖျောင်းဖျောင်းနဲ့ ရိုက်ထုတ်လိုက်ကာ အချိန်တော်တော် ကြာပါတယ်။ ကျွန်ုပ်လည်း သူ့သဘောကျ လုပ်ပါစေဆိုပြီး လွှတ်ပေးထားလိုက်ပါတယ်။

အချိန်အတော်ကြာအောင် ရိုက်ထုတ်လိုက်ပြီးတော့မှ ဦးတည်ရာကို ကန်တော့လိုက်ပါတယ်။ ထို့နောက် ကျွန်ုပ်ဘက်ကို လှည့်လိုက်ပြီး –

“ဟား အခုမှပဲ အတော်ပေါ့သွားတယ်ဆရာ ရယ် … ဒီအကောင်အတော်ကြီးမယ်နော်”လို့ ပြောလိုက်ပါသေးတယ်။

“အေးပါဗျာ ခင်ဗျားစိတ်ထဲ ပေါ့သွားရင်ပြီးတာပဲ”

“ဘယ်လောက် ကန်တော့ရမလဲဆရာ”

အဲ့ဒီမေးခွန်းက ကျွန်ုပ်အတွက် ဖြေရခက်တဲ့ မေးခွန်းပါပဲ။ ပယောဂမရှိသူကို ပယောဂရှိသည်ဟု ငွေယူကာ ကုမစားပါဆိုတဲ့ သစ္စာကြောင့် သူ့ဆီက ငွေယူလို့ မဖြစ်ပါ။

“မယူပါဘူးဗျာ … ခင်ဗျားကောင်းသွားတာကိုပဲ ဝမ်းသာလှပါပြီ”

“ဘယ်ဟုတ်ပါ့မလဲဆရာရယ် ယူပါ”ဆိုပေမယ့် ကျွန်ုပ်လုံးဝမယူဘူးငြင်းလိုက်တာကြောင့် သူ့ဘာသာ ဘုရားပွဲထဲထည့်သွားပါတယ်။ ဒါစိတ်ကိုစိတ်နဲ့ကုလိုက်တာပါ။

ခုနစ်ရက် သားသမီးများ ပယောဂပညာစက် ဘေးမှ ဝေးနိုင်ပါစေ။

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ၀၉၄၂၀၇၄၄ ၁၁၂။ ၀၉၂၅၄၈၁၁၀၀၇

မနောမယဂမ္ဘီရဂျာနယ် အမှတ် (၈၂၃)