ရောဂါဝေဒနာဆိုးများ ကပ်ငြိလျှင်

သံသရာကို ချစ်မက်တွယ်တာကြကုန်သည့် ပုထုဇဉ်လူသားများအဖို့ အာယုဒီဃတည်းဟူသော အသက်ရှည်ခြင်းကို အလိုရှိကြကုန်၏။ ထိုအခါ အသက်ရှည်စွာ အနာမဲ့ကြောင်း နည်းလမ်းကောင်းများကို ရှာဖွေကြတော့သည်။ ရောဂါဝေဒနာဆိုးများကို အလိုမရှိ။ ကြိုတင်ကာကွယ်၍ရလျှင် ကြိုတင် ကာကွယ်ကြ၏။ ရောဂါဝေဒနာဆိုးများ ကပ်ငြိကျ ရောက်လျှင် ဆေးကောင်းဝါးကောင်း သမားတော်ကောင်း၊ နည်းလမ်းကောင်းများ ရှာဖွေကာ ပျောက်ကင်းအောင် ကုသကြ၏။ အသက်ရှည်အောင်ကြိုးပမ်းအားထုတ်ကြ၏။
သည့်အတွက် ရောဂါဝေဒနာဆိုးများ၏ နှိပ်စက်မှုအား ခံစားနေရသူများ၊ သက်သာရာ၊ သက်သာကြောင်း၊ ပျောက်ကင်းရာ ပျောက်ကင်းကြောင်း အတွက် မြန်မာ့ရိုးရာ ဗေဒင်ပညာနှင့် ဆက်နွယ် သော နည်းလမ်းကောင်းလေးတစ်ခုအား ခုနစ်ရက် သားသမီးများ၏ ဘဝတစ်သက်သာ အကျိုးငှာ ဖော်ပြလိုက်ပါသည်။
ဦးစွာ လူနာ၏ ရောက်ရှိအသက်နှင့် ရောက်ရှိကောဇာသက္ကရာဇ်တို့ကို ပေါင်းပါ။ ရလဒ်အား ၇ ဖြင့်စားပါ။ ထိုအခါ အကြွင်းရလာပါလိမ့်မည်။ ထိုအကြွင်းကို ထောက်ရှုလျက် လုပ်ဆောင်ဖွယ် လုပ်ဆောင်သင့်သည်တို့ကို လုပ်ဆောင်ပါက ခုနစ်ရက်သားသမီးများအဖို့ ကျန်းမာရွှင်လန်း၍ ဘေးဘယာ များ ဝေးကွာသွားပါလိမ့်မည်။

၁ အကြွင်း ရပါက
အဆင်သင့်ရာ ဘုရားတစ်ဆူဆူ၌ ဆီမီးပူ ဇော်ပေးပါ။

၂ ကြွင်းပါက
ရွှေကြာသင်္ကန်းကပ်လှူပါ။ ဘုရား၊ ကျောင်းကန်၊ သိမ်၊ ဇရပ်တို့တွင်ရှိကြကုန်သော ဘုရားရှင် တော်ရုပ်ပွားတော်အား လှူဒါန်းကပ်လှူပါ။
(ရွှေကြာသင်္ကန်းကပ်လှူရန် အခက်အခဲဖြစ် နေပါက ကြာပန်းနှင့် သင်္ကန်းတို့တွဲ၍ ကပ်လှူနိုင်ပါသည်)

၃ ကြွင်းပါက
ရုက္ခစိုးနတ်ကို ပူဇော်ပါ။ အကိုင်းခုနစ်ခက် အထက်ရှိသော သစ်ပင်ကြီးများ၌ ရုက္ခစိုးနတ်မင်းရှိတတ်ပါသည်။
၄င်းရုက္ခစိုးနတ်မင်းကို အဂါနေ့ နံနက်စော စောနှင့် စနေနေ့ နံနက်စောစောတို့၌ ကောက်ညှင်း ပူပူနွေးနွေး တစ်ပန်းကန်နှင့် (အုန်းသီးဆံများ၊ နှမ်းထောင်းတို့ အပါအဝင်)၊ လက်ဖက်၊ ကွမ်းယာ များဖြင့် လှူဒါန်းဆုတောင်းပေးပါက ရောဂါ ဝေဒနာ ဆိုးခံစားနေရသော လူနာများ ကျန်းမာရွှင်လန်းသွား ပါလိမ့်မယ်။

၄ ကြွင်းပါက
သေအံ့ဆဲဆဲ ငါးအရှင်အား သက်စေ့လွှတ် ပြီး လူမမာအတွက် ဆုတောင်းပေးပါ။

၅ ကြွင်းပါက
နေ့နံတူ သံဃာတော်များအား ဆွမ်းဆက် ကပ်လှူဒါန်းပါ။ သိက္ခာထပ်ပေးပါ။

၆ ကြွင်းပါက
အိပ်ရာနေရာ ပြောင်းအိပ်ပါ။
နေရာအလှည့်အပြောင်းလုပ်မည်ဆိုလျှင် နဂါးလှည့်ကိုကြည့်၍ လုပ်ဆောင်ပါ။ အခန်းပြောင်း မည်ဆိုလျှင် အပေါ်ထပ်မှ အောက်ထပ်၊ အောက် ထပ်မှ အပေါ်ထပ်သို့ ပြောင်းရွှေ့ကောင်းပါတယ်။ သို့မဟုတ်ပါက အပေါ်ထပ်သို့တိုးအိပ်ပါ။ လူနာ၏ နေရာဟောင်းကို တရော်ကင်ပွန်းတို့ဖြင့် ဆေးကြော ပါ။ နွားနို့ဖြင့် ဆေးကြောပါ။

၇ ကြွင်းပါက
လူမမာအတွက် ရည်စူး၍ တံတားခင်းခြင်း ပျက်စီးနေသည့်တံခါးတို့အား ပြုပြင်ခြင်း၊ ဗွက်ပေါက် နေသောလမ်းအား သဲခင်းခြင်း၊ ညောင်ထောက် ခြင်းတို့ကို ပြုလုပ်ပေးပါ။

ဂမ္ဘီရဆရာပွင့်