သည်တစ်နှစ်တာ ဘယ်အစာ ရှောင်ရမလဲ

ကိုဘိုလေး၏ မျက်နှာတစ်ပြင်လုံးကား မကြာခဏဆိုသလို ရူှုံ့လိုက်၊ မဲ့လိုက်ဖြစ်နေသည်။
“ဖဲသမားညွှန့်တင်တို့ဝိုင်းမှာ တစ်ခွက်တစ်ဖလားဆိုပြီး ဆွဲလိုက်တာ တော်တော်လေး များ သွားတယ်။ အစားတွေကလည်း အစုံပဲ။ ဒါကြောင့် မချိမဆန့်ခံစားလိုက်ရပြီး ဆေးခန်းက ပြန်လာတာပဲ ဆရာပွင့်၊ ညွန့်တင်ဆို ဒရစ်တောင် သွင်းနေရတယ်”
“ဟာဗျာ …မသေကောင်းမပျောက်ကောင်း အစားမတော် တစ်လုတ်တဲ့။ သတိလေး ဘာလေး ထားကြပါဦးတော့လား။ ဥစ္စာကံစောင့်၊ အသက်ဉာဏ် စောင့်တဲ့ ကိုဘိုလေးရ …”
“ဟုတ်ပါတယ်ဗျာ ဟုတ်ပါတယ်။ လိမ့်နေ အောင် ခံလိုက်ရပါမှပဲ မှတ်တော့တယ်။ အခုလိုမျိုး အပူရှိန် အင်မတန်ပြင်းတဲ့ ကာလမျိုးမှာ အနေအ ထိုင် အစားအသောက်ဆိုတာ အင်မတန်မှ အရေး ကြီးပေတာပဲနော်”
“မှန်တာပေါ့ ကိုဘိုလေးရာ …ခင်ဗျားလည်း အသက်ရလာပြီ။ အလကားတွယ်ရတယ်၊ ပိုက်ဆံကုန် သက်သာတယ်ဆိုပြီး နင်းကန်မစားနဲ့ ကိုယ်နဲ့ တည့်မှန်းမသိ၊ မတည့်မှန်းမသိ တန်-ဆေး-လွန်ဘေးတဲ့ဗျ”
“မှတ်လောက်သားလောက် ရှိသွားပါပြီ ဆရာပွင့်ရယ်၊ ဒါထက် ဆရာပွင့်တို့ ဗေဒင်ပညာမှာ တစ်နှစ်တာရှောင်ရမယ့် အစာကို တွက်ကြည့်လို့ ရတယ်ဆိုတာ ဟုတ်လားဟင်”
“ဟုတ်တာပေါ့ဗျာ”
“ဒါဆိုရင် လုပ်စမ်းပါ ဆရာပွင့်ရယ် … မှတ်သားချင်လို့ပါ”
သည်တော့လည်း ကိုဘိုလေးကို အခြေပြု၍ အခြားအခြားသောသူတို့ အကျိုးရှိစေခြင်းငှာ တွက်နည်းကလေးကို ဖော်ပြလိုက်ပါသည်။
ခက်ခက်ခဲခဲ မဟုတ်ပါ။
တစ်နှစ်တာ ရှောင်ကြဉ်ရမည့်အစာတို့အား သိလိုသူ ကာယကံရှင်သည် ဦးစွာ မိမိရောက်ရှိနေသော အသက်၊ မိမိ၏ မွေးနံဂြိုဟ်သက်တို့အား ပေါင်းရပါမည်။ ပြီးလျှင် ၇ ဖြင့် စားရပါမည်။ ထိုအခါ အကြွင်း ၄ ရလာပါလိမ့်မည်။ ထိုအကြွင်းအပေါ် အခြေပြု၍ ရှောင်ရန်အစာတို့ကို သိပါလိမ့်မယ်။
ဦးစွာ မွေးနံဂြိုဟ်သက်တို့ကို သိရှိထားဖို့ လိုပါသည်။

တနင်္ဂနွေနေ့သား၏ ဂြိုဟ်သက်- ၆ နှစ်
တနင်္လာနေ့သား၏ ဂြိုဟ်သက်- ၁၅ နှစ်
အင်္ဂါနေ့သား၏ ဂြိုဟ်သက်- ၈ နှစ်
ဗုဒ္ဓဟူးနေ့သား၏ ဂြိုဟ်သက်- ၁၇ နှစ်
ကြာသပတေးနေ့သား၏ ဂြိုဟ်သက်- ၁၉ နှစ်
သောကြာနေ့သား၏ ဂြိုဟ်သက်- ၂၁ နှစ်
စနေနေ့သား၏ ဂြိုဟ်သက်- ၁၀ နှစ်
ရာဟုနေ့သား၏ ဂြိုဟ်သက်- ၁၂ နှစ်
ကာယကံရှင်သည် အသက် ၂၁ နှစ်ရှိပြီး တနင်္ဂနွေသားဖြစ်ပါက –
(၂၁)+(၆)=၂၇
(၂၇)÷(၇)=၆ (အကြွင်း)

ဤတွင်
(၁) ကြွင်းပါက-အငန်စာကို ရှောင်ပါ။
(၂) ကြွင်းပါက-အဖန်စာကို ရှောင်ပါ။
(၃) ကြွင်းပါက-အခါးစာကို ရှောင်ပါ။
(၄) ကြွင်းပါက-အချဉ်စာကို ရှောင်ပါ။
(၅) ကြွင်းပါက-အဆိမ့်စာကို ရှောင်ပါ။
(၆) ကြွင်းပါက-အချိုစာကို ရှောင်ပါ။
(၇)(ဝ) ကြွင်းပါက-အစပ်စာကို ရှောင်ပါ။
(တစ်နှစ်တာကာလအတွင်းသာ ဖြစ်ပါသည်)

ဂမ္ဘီရဆရာပွင့်