ဝဋ်ကြွေးတွေ ကြေချင်လျှင် ဇလွန်ပြည်တော်ပြန်ဘုရားကြီးမှာ ဆုတောင်းပါ

တန်ခိုးရှင်ကြီး ဆုတောင်းခိုင်းတဲ့ အချက်တွေဟာ သူတို့မှာကြုံတွေ့ ခံစားနေရတာတွေနဲ့ ကွက်တိပါပဲ။ ကျွန်တော် သူတို့ဘုရားဝတ်ပြုနေတဲ့နေရာသွားပြီး တန်ခိုးရှင်ကြီး ဆုတောင်းခိုင်းတဲ့ အချက်တွေကို ပြောပြတော့ သူတို့လည်း ဝမ်းမြောက်ဝမ်းသာ ဆုတောင်းကြပါတယ်။

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များ အတိတ်ဘဝက ဝဋ်ကြွေးတွေပါခဲ့လျှင် အနာဂတ်ဘဝတစ်ခုခုမှာ ပေးဆပ်ကြရတယ်လို့ ယုံကြည်ကြပါတယ်။ ကျွန်တော် သုံးလေးနှစ်အတွင်း ဗေဒင်ဟောတဲ့ အတွေ့အကြုံအရ လူတစ်ဦးဟာ အတိတ်ဘဝက လူတွေအပေါ်မှာသော်လည်းကောင်း၊ တိရစ္ဆာန်တွေ အပေါ်မှာသော်လည်းကောင်း တစ်စုံတစ်ရာ ပြစ်မှုကျူးလွန်ခဲ့လျှင် အဲဒီဝဋ်ကြွေးအတွက် ပေးဆပ်နေရတဲ့သူတွေ တော်တော်များများတွေ့ရပါတယ်။ ဝဋ်ကြွေးပေးဆပ်ရာမှာ ပုံစံနှစ်မျိုးတွေ့ရပါတယ်။

တစ်မျိုးက လူတစ်ဦးချင်းစီနဲ့ ပတ်သက်ပါတယ်။ ဥပမာ လူတစ်ဦးကို အတိတ်ဘဝက ရန်ဖြစ်ပြီး ရိုက်နှက်ခဲ့လို့ ခြေကျိုးလက်ကျိုးဖြစ်သွားလျှင် နောင်ဘဝတစ်ခုမှာ ၄င်းပုဂ္ဂိုလ်က နတ်ဖြစ်စေ ဘီးလူးဖြစ်စေ ဘဝရောက်နေပြီး အဲဒီနတ် သို့မဟုတ် ဘီလူးက အတိတ်ဘဝက ရန်သူကိုတွေ့လျှင် ပြန်လည် ကလဲ့စားချေတတ်ပါတယ်။ ကျူးလွန်ခဲ့တဲ့ အတိုင်းအတာလိုက် ကလဲ့စားခြေတတ်ပါတယ်။ အကယ်၍ ဒင်းတို့ကလဲ့စားခြေတာ သိရလို့ရှိလျှင် တချို့သော ပုဂ္ဂိုလ်များက အစားအသောက်နဲ့ဖြစ်စေ၊ ကုသိုလ်ကောင်းမှုပြု အမျှဝေ၍ဖြစ်စေ တောင်းပန် လျှင် ကျေနပ်လက်ခံတဲ့ ပုဂ္ဂိုလ်များရှိပါတယ်။ မကျေနပ်တဲ့ပုဂ္ဂိုလ်များလည်း တွေ့ရပါတယ်။

နောက်တစ်မျိုးကတော့ တိရစ္ဆာန်တွေအပေါ် ကျူးလွန်ခဲ့တဲ့ပြစ်မှုဖြစ်ပါတယ်။ တိရစ္ဆာန်တွေနဲ့ပတ်သက်တဲ့ ဝဋ်ကြွေးတွေကတော့ လူတွေနဲ့နီးနီးစပ်စပ်နေရတဲ့ ခွေးတို့ ကြောင်တို့ နွားတို့ ကျွဲတို့ မြင်းတို့နဲ့ ပတ်သက်ပြီးတွေ့ရတဲ့ ဝဋ်ကြွေးတွေက များပါတယ်။ တိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ ဝဋ်ကြွေးကတော့ သူတို့က တိုက်ရိုက်ပြန်ပြီး ကလဲ့စားခြေတာမျိုး မဟုတ်ဘဲ ကံတရားကြောင့်ပဲလား၊ သဘာဝတရားကြောင့်ပဲလား ကျွန်တော် မပြောတတ်ပါဘူး။ ဝဋ်ကြွေးခံရတာကတော့ အမှန်ပါပဲ။ နွားကိုရိုက်လို့ မျက်စိပျက်သွားရင် အဲဒီကျူးလွန်တဲ့လူမှာ မျက်စိထိခိုက်ဒဏ်ရာရတတ်ပါတယ်။ ခြေလက်ကျိုးအောင် ပြုလုပ်ခဲ့မိလျှင်  ခြေလက်ကျိုးတတ်ပါတယ်။ ကြက်တူရွေးလေးချစ်လို့  လှောင်အိမ်နဲ့ထည့်မွေးခဲ့ရင်လည်း မိမိလည်း အချုပ်အနှောင်ခံရတတ်ပါတယ်။ ခွေးတို့ ကြောင်တို့ လူနဲ့ နီးနီးစပ်စပ်နေလို့ မိမိအိမ်က ကြောင်ကိုတက်နင်းမိလို့ ကြောင်ခြေထောက် ကျိုးသွားလျှင် နာသွားလျှင် လမ်းကောင်းကောင်း မလျှောက်နိုင်လျှင် အဲဒီဝဋ်ကြွေးအတွက် မိမိ လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ဘ၀ ရောက်ရတတ်ပါတယ်။ အဲဒီလို တိရစ္ဆာန်တွေနဲ့ပတ်သက်ပြီး ဝဋ်ကြွေးခံစားရလျှင် ဝဋ်ကြွေးနဲ့သက်ဆိုင်တဲ့ တိရစ္ဆာန်တွေကို မွေးနေ့မှာ အနည်းဆုံး သုံးကောင် သုံးကြိမ် အစာကျွေးပြီး ဤကျွေးရတဲ့ကုသိုလ်ကြောင့် အဆိုပါ တိရစ္ဆာန်နဲ့ပတ်သက်တဲ့ ဝဋ်ကြွေးတွေကြေပါရစေ ဆုတောင်းလျှင် တွေ့ကြုံနေတဲ့ ရောဂါ ဝေဒနာမှ သက်သာပျောက်ကင်းတတ်ပါတယ်။

တချို့ပုဂ္ဂိုလ်တွေ မနက်တိုင်းငှက်ကလေးတွေ အစာကြွေးနေတာ မကြာခဏတွေ့ရပါတယ်။ ဤကဲ့သို့ကျွေးတဲ့နေရာမှာ အမှတ်တမဲ့မကျွေးဘဲ မိမိကျွေးတဲ့စာကလေးတွေ ခိုလေးတွေ ကျီးလေးတွေ စသည်ဖြင့် အတိတ်ဘဝကဝဋ်ကြွေးတွေရှိခဲ့လျှင် ကြေပါစေလို့ဆုတောင်းလျှင် အဲဒီငှက်ကလေးတွေနဲ့ပတ်သက်တဲ့ ဝဋ်ကြွေးတွေကြေစေနိုင်ပါတယ်။ ဆုမတောင်းဘဲနဲ့တော့ မကြေနိုင်ပါဘူး။ ဆုတောင်းဖို့က အလွန်အရေးကြီးပါတယ်။ အလားတူ ကြောင်တို့ ခွေးတို့ နွားတို့လည်း ဒီသဘောအတိုင်းဆောင်ရွက်လို့ရပါတယ်။ ဒါကတော့ အတိတ်ဘဝက တင်ရှိခဲ့တဲ့ ဝဋ်ကြွေးတွေကြေအောင် ဆောင်ရွက်ပုံ ဆောင်ရွက်နည်းကို တင်ပြတာပါ။

နောက်တစ်နည်းကတော့ ဘုရားကိုကပ်လှူ ဆုတောင်းခြင်းအားဖြင့် အတိတ်ဘဝကဝဋ်ကြွေးတွေ ကြေအောင် ဆုတောင်းနိုင်တဲ့ ဘုရားကြီးအကြောင်း တင်ပြချင်ပါတယ်။ ဘုရားစေတီတွေမှာ ကျွန်တော်တို့ တစ်စုံတစ်ရာ ကပ်လှူဆုတောင်းကြတာပါပဲ။ ဆုတောင်းပြည့် မပြည့်တော့မသိပါဘူး။ မြောက်ဥက္ကလာမှာ ဝဋ်ကြွေးတော်ပြေဘုရားဆိုပြီးရှိပါတယ်။ လူတော်တော်များများ သွားရောက်ဆုတောင်းကြတာ တွေ့ရပါတယ်။
ကျွန်တော် ယခုတင်ပြမည့် ဘုရားကြီးကတော့ ဇလွန်ပြည်တော်ပြန်ဘုရားကြီးအကြောင်းပါ။ ကျွန်တော် ဇလွန်ပြည်တော်ပြန်ဘုရားကြီးကို ယခင်နှစ်တွေက နှစ်ကြိမ်ဖူးခဲ့ဘူးပါတယ်။ ဇလွန်ပြည်တော်ပြန်ဘုရားကြီးရဲ့ တည်ထားပုံ နေရာအကွက်အကွင်း၊  စောင်းတန်းကြီးတွေ၊ ဘုရားရုပ်ပွားတော်ကြီးရဲ့ တန်ဆောင်းတော်ကြီးရဲ့ လက်ရာမြောက်စွာ မွမ်းမံထားရာ ဘုရားရုပ်ပွားတော်ကြီးရဲ့ ပလ္လင်တော်အနေအထားနဲ့ ရုပ်ပွားတော်ကြီးကို ဖူးမြင်ရတဲ့ ရှုကွင်းရှုကွက် စသဖြင့် အလွန်အဆင်ပြေပါတယ်။ ကြည်ညိုဖွယ်လည်း ဖြစ်ပါတယ်။ ဇလွန်မြို့က ဘုရားလူကြီးတွေရဲ့ စိတ်ကူးစိတ်သန်းကိုလည်း ချီးကျူးမိပါတယ်။

၁၉-၁-၂၀၁၇ ရက် မနက် ၅း၃၀ နာရီ မှာ ကျွန်တော်ရယ်၊ ကျွန်တော့်ဓမ္မမိတ်ဆွေ ဒေါ် စောမွန်မြတ်ရယ်၊ သူ့သမီး စောအေးမွန်ရယ်၊ ဒေါ် စောမြတ်ရဲ့ တပည့်မသီတာရယ် ဇလွန်ပြည်တော်ပြန် ဘုရားဖူးရန် ရန်ကုန်က ထွက်ခဲ့ကြပါတယ်။ ကားထွက်တာ စောတဲ့အတွက် ညောင်တုန်းမြို့နယ် ဆားမလောက်ကို မနက် ၇ နာရီလောက်ရောက်ပါတယ်။ ဆားမလောက်မှာ လက်ဖက်ရည်သောက်ကြပါတယ်။ ဆားမလောက်က ဆက်သွားတော့ အရင်က ဗိုလ်မြတ်ထွန်းတံတားကြီးကို မဖြတ်ရတော့ဘဲ ဧရာဝတီမြစ်ကူး မီးရထားလမ်းနဲ့ ဖောက်ထားတဲ့ ညောင်တုန်းတံတားသစ်ကြီးပေါ်က ဖြတ်ရပါတယ်။ မူလ ဗိုလ်မြတ်ထွန်းတံတားက ကားလမ်းပဲပါတော့ ရထားကူးချင်တာနဲ့ ဒီတံတားကြီးဆောက်ပုံရပါတယ်။ ယခုတော့ ရထားလည်း မပြေးနိုင်သေးပါဘူး။ ရထား လမ်းက ပုသိမ်နဲ့ဖောက်တော့ မပြီးသေးလို့ထင်ပါတယ်။ ယနေ့လူတွေက ရထားထက် ကားနဲ့သွားတဲ့ ခရီးသည်တွေက ပိုများပါတယ်။ အလွန်တန်ဖိုးကြီးတဲ့ ဧရာဝတီမြစ်ကူးတံတားကြီး နှစ်စင်း သုံးလေးမိုင်အကွာအတွင်း ဆောက်ရတော့ တိုင်းပြည်ဘဏ္ဍာငွေ နှမြောမိပါတယ်။ ရထားလမ်းက အခုအချိန်မှာ ဒီလောက်လည်း မလိုသေးပါဘူး။ ကားလမ်းကတော့ တော်တော်ကောင်းပါတယ်။ ကျွန်တော်တို့ ယခင်က ဟင်္သာတတို့၊ ရန်ကုန်တို့ကားနဲ့သွားတဲ့အခါ လမ်းတော်တော်ဆိုးပါတယ်။ ဖုန်တထောင်းထောင်းနဲ့ သွားခဲ့ရတာပါ။ မြေအောက်က ရေနံငွေ့ပြန်လို့ ခင်းတဲ့ ကတ္တရာက ကြာကြာမခံဘူဆိုလား ပြောကြတာ ကြားခဲ့ရပါတယ်။ ယခုတော့ ကွန်ကရစ်လမ်းမကြီးပေါ်မှာ ကတ္တရာခင်းထားတော့ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးထက်တောင် ပိုကောင်းပါတယ်။

ကျွန်တော်တို့ ဇလွန်ပြည်တော်ပြန်ဘုရားကို  နံနက် ၉း၃၀ နာရီမှာ ရောက်ပါတယ်။ ကျွန်တော်တို့ ရောက်တဲ့ အချိန်မှာတော့ ဘုရားဖူးတွေ သိပ်မများသေးပါဘူး။ ဆွမ်းကပ်နေကြတဲ့ ဘုရားဖူးတချို့တော့ တွေ့ရပါတယ်။ ကျွန်တော်တို့လည်း ဒေါ်စောမွန်မြတ် ရန်ကုန်ကယူလာတဲ့ ဆွမ်းပွဲ၊ သစ်သီးပွဲများ ကပ်လှူပါတယ်။ ကျွန်တော်ကငွေ ငါးထောင်လှူပါတယ်။ အဲဒီနောက် ဂုဏ်တော်ပုတီး ကိုးပတ်စိပ် ပါတယ်။ ဘုရားကြီးကို ဆုတောင်းရာမှာ မြန်မာပြည်သူတွေ ဆန်ရေစပါး ပေါများပါစေ။ စားရေးသောက်ရေး ပြည့်စုံပါစေ ဆုတောင်းပါတယ်။ ကျွန်တော်နဲ့ မလှမ်းမကမ်းမှာ အမျိုးသမီးတစ်ယောက်က ကချင်ပြည်နယ်ကြီး အေးငြိမ်းဖို့ ကန်တော့ပွဲကပ်ပြီး ဆုတောင်းနေတာ တွေ့ရပါတယ်။

ကျွန်တော်တောင်းတဲ့ဆု ပြည့်မပြည့် မေးလျှောက်ရန် ဇလွန်ပြည်တော်ပြန်ဘုရားကြီးတွင် ကိန်းဝပ်တော်မူနေသော တန်ခိုးရှင်ကြီးကို ပင့်လိုက်ရာ အရှင်နေမိန္ဒ တန်ခိုးရှင်ကြီး ကြွလာပါတယ်။ ဒီနေရာမှာ ဘုရားစေတီတိုင်း အတော်အသင့်ကြီးတဲ့ ရုပ်ပွားတော်တိုင်းတွင် လာရောက်ဖူးမြော်ကြည်ညိုတဲ့ဘုရားဖူးများရဲ့ တောင်းတဲ့ဆုကို ဖြည့်စွမ်းပေးရန် တန်ခိုးရှင်ကြီးများ ကိန်းဝပ်တော်မူနေတဲ့အကြောင်း ရေးသားတင်ပြဖူးပါတယ်။ ဒီဗုဒ္ဓ တန်ခိုးရှင်ကြီးများအား အာကာသထဲက ကြွရောက်လာတဲ့ တန်ခိုးရှင်ကြီးများ ဖြစ်ပါတယ်။ ကျွန်တော် အကြိမ်ကြိမ် ဖူးတွေ့ လျှောက်ထားခွင့်ရခဲ့ပါတယ်။ ယခုလည်း ဤပြည်တော်ပြန်ဘုရားရုပ်ပွားတော်ကြီးမှာ သီတင်းသုံးနေတဲ့ တန်ခိုးရှင်ကြီးကို ပင့်လျှောက်ခဲ့ရာ ယခုကဲ့သို့ ကိန်းဝပ်ရာက ကျွန်တော့် ရှေ့ကြွရောက်တော်မူလာခြင်း ဖြစ်ပါသည်။ ဘုရားရှင်ကြီးက သင်္ကန်တော် နီညိုရောင်၊ ဆံထုံးတော် ဂေါတမဘုရား ရုပ်ပွားတော်များကဲ့သို့ ဦးခေါင်းတော် အထက် အလည်လောက်မှာ ပါရှိပါတယ်။ အရပ်တော်က ငါးပေလောက်ရှိပါမယ်။ အသားအရည်ကလည်း နီညိုရောင်ဖြစ်ပါတယ်။

”အရှင်မြတ်ဘုရား တပည့်တော်တောင်းတဲ့ ဆုပြည့်ပါ့မလားဘုရား”
”ဒကာကြီး တောင်းတဲ့ဆု အပြည့်အဝရပါမည်။ ဒါ့အပြင် ဒကာကြီးလည်း ကျန်းမာရေးကောင်းစေပါမည်။ သွားလာရာမှာလည်း ဘေးဥပဒ် အန္တရာယ်ကင်းစေမည်။ လူအများရဲ့ လေးစားကြည်ညိုခြင်းလည်း ခံရမည်။ သာသနာပြုလုပ်ငန်းများလည်း အောင်မြင်ပါမည်လို့ မိန့်ပါတယ်။ ဒီဆုတွေက ကျွန်တော် ဘုရားရောက်တိုင်း တောင်းနေကြဆုတွေအပြင် အပိုပေးတဲ့ဆုတွေပါ။ ဒါ့အပြင် ရှင်နေမိန္ဒ တန်ခိုးရှင်ကြီးက –
”ဒကာကြီးနဲ့ အတူပါလာတဲ့ သူတွေကိုလည်း ဘဝအဆက်ဆက်ပါလာတဲ့ ဝဋ်ကြွေးဟူသမျှ  လွတ်မြောက်ရပါလို၏လို့ ဆုတောင်းခိုင်းပါ။ ဒေါ် စောမွန်မြတ်ကို သမီးနဲ့ပတ်သက်ပြီး စိတ်ဆင်းရဲရမည့်ကိစ္စ အားလုံး လွတ်မြောက်ရပါလို၏ ဆုတောင်ခိုင်းပါ။ သမီးဖြစ်သူ စောအေးမွန်ကို ဂျပန်နိုင်ငံနဲ့ ဆက်သွယ်ပြီး အလုပ်အကိုင်တွေ ဖြစ်ရပါလို၏။ စီးပွားဥစ္စာ ချမ်းသာရပါလို၏ ဆုတောင်းခိုင်းပါ။ မသီတာကိုတော့ ကျန်းမာရေးကောင်းဖို့ ဆုတောင်းခိုင်းပါ”လို့ မိန့်ကြားပါတယ်။

တန်ခိုးရှင်ကြီး ဆုတောင်းခိုင်းတဲ့ အချက်တွေဟာ သူတို့မှာကြုံတွေ့ ခံစားနေရတာတွေနဲ့ ကွက်တိပါပဲ။ ကျွန်တော် သူတို့ဘုရားဝတ်ပြုနေတဲ့နေရာသွားပြီး တန်ခိုးရှင်ကြီး ဆုတောင်းခိုင်းတဲ့ အချက်တွေကို ပြောပြတော့ သူတို့လည်း ဝမ်းမြောက်ဝမ်းသာ ဆုတောင်းကြပါတယ်။ တန်ခိုးရှင်ကြီး ဆုတောင်းခိုင်းတဲ့ အထဲမှာ အားလုံးကို ဘဝအဆက်ဆက် ဝဋ်ကြွေးတွေ ကြေပါရစေလို့ ဆုတောင်းခိုင်းတဲ့အချက်ဟာ အလွန်အရေးကြီးတဲ့အချက်လို့ ကျွန်တော်ယူဆပါတယ်။ အတိတ်ဘဝတွေက နားမလည်ခဲ့ရင် မပြစ်မှားသင့်တဲ့ပုဂ္ဂိုလ်ကို ပြစ်မှားခဲ့မိတာ၊ ကိုယ်ထိလက်ရောက် ပုဂ္ဂိုလ်သတ္တဝါတွေအပေါ် ကျူးလွန်ခဲ့မိတဲ့ ဝဋ်ကြွေးတွေ ကြေသွားစေနိုင်ပါတယ်။

ကျွန်တော်တို့ ဦးသီလာစာရ ရဟန္တာကြီး သီတင်းသုံးခဲ့ရာ နေရာကို သွားရောက်ကြပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ဘုရားကန်တော့ကြတော့ စောအေးမွန်ဘုရားကန်တော့တဲ့အခါ ခေါင်းမူးလာရော၊ ဘုရားကို ကန်တော့၍ မရကြောင်း ပြောပါတယ်။ ကျွန်တော်က ဘယ်ပုဂ္ဂိုလ်က နှောင့်ယှက်တာလဲလို့ အာရုံပြုကြည့်တော့ ဘီလူးကြီးတစ်ပါးက နှောင့်ယှက်နေတာ တွေ့ရပါတယ်။ ကျွန်တော်က ဘီလူးကြီးက ဘာလို့ နှောင့်ယှက်တာပါလဲ မေးတော့ လွန်ခဲ့တဲ့ နှစ်ဘဝက စောအေးမွန်က ဦးပဇင်း၊ ဘီလူးကြီးက ကိုရင်ဘဝ။ စောအေးမွန် ဦးပဥဇင်းက ဘီလူး ကိုရင်ကို စာသင်တော့ စာမရမချင်း ခေါင်းခဏခဏ ခေါက်တဲ့အတွက် မကျေနပ်၍ ကလဲ့စားချေတဲ့ အကြောင်း ပြောပါတယ်။ ကျွန်တော်က ဘီလူးကြီးကို သူက ကျွန်တော်နဲ့အတူပါလာသူဖြစ်တယ်။ မနှောင့်ယှက်ဖို့ မေတ္တာရပ်ခံတော့မှ စောအေးမွန် ထပ်မံ ဘုရားကန်တော့တဲ့အခါ ခေါင်းမမူးတော့ပါဘူး။ မသီတာကလည်း သူဘုရားကန်တော့တဲ့အခါ ခေါင်းမူးနေကြောင်း ပြောပြန်ပါတယ်။ ဒါနဲ့ ကျွန်တော် အာရုံယူကြည့်တော့ သူ့ရဲ့တစ်ခုသော ဘဝက အဘိုးနတ်သား သူ့အမေ နတ်သမီး သူ့ညီ နတ်သမီး၊ သူ့မောင်နတ်သားတို့က နှောင့်ယှက်နေတာ တွေ့ရပါတယ်။ သူတို့က မသီတာ အမျှဝေတာ ရလိုကြောင်းပြော၍ မသီတာက အမျှဝေလိုက်ပါတယ်။ အမျှဝေပြီး ကြည့်လိုက်တော့ အားလုံးနတ် ဘဝမှ ကျွတ်သွားကြပါတယ်။ မသီတာ ဘုရားကန် တော့ပြန်တော့ အနည်းငယ်မူးသေးကြောင်းပြောရာ ဘာများကျန်နေသေးသလဲ အာရုံပြုကြည့်တော့ ကြောင်တစ်ကောင်နဲ့ ခွေးတစ်ကောင် ကျန်နေတာ တွေ့ရပါတယ်။ အဲဒီကြောင်နဲ့ ခွေးကို အမျှဝေလိုက်တော့ ကျွတ်သွားကြပါတယ်။ တတိယအကြိမ် မသီတာ ဘုရားကန်တော့တဲ့အခါ လုံး၀ မမူးတော့ပါဘူး။ သူတို့လည်း သူတို့အမျိုး ဘုရားလာဖူးလို့ ရှားရှားပါးပါး အခွင့်အရေးရတဲ့အခါ အမျှဝေတာရလို့ ကျွတ်သွားကြတာ ဝမ်းမြောက်စရာပါပဲ။ ကျွန်တော်တို့လည်း ဦးသီလာစာရ ဘုရားဝင်းထဲ လှည့်လည်ဖူးမြော်ပြီး ဓနုဖြူမြို့ ကျိုက္ကလွန်ပွန်းစေတီကို ဝင်ဖူးကြပါတယ်။ ဘုရားကြီးကို လှည့်လည်ဖူးပြီး ခေတ္တထိုင်နေကြစဉ်မှာ ခြောက်နှစ်အရွယ်ကလေးမလေးတစ်ယောက်က မနေ့ညနေက ကျိုက္ကလွန်ပွန်းစေတီ ထီးတော်က ရောင်ခြည်တော် ကွန့်မြူးကြောင်း၊ တစ်နာရီခန့်ကြာကြောင်း ပြောပါတယ်။ ဒါ့အပြင် လက်တော် ခြောက်ချောင်းပါတဲ့ ရုပ်ပွားတော်ကြီး လည်း ရှိကြောင်း၊ အဲဒီ ရုပ်ပွားတော်ကြီးလက်ထဲ ပိုက်ဆံကပ်လှူပြီး ပြန်စွန့်ပါဘုရားလို့ဆိုပြီး အဲဒီ ပိုက်ဆံကို သိမ်းထားရင် ပိုက်ဆံတွေ တိုးပွားတဲ့အကြောင်း ပြောပါတယ်။ အဲဒီရုပ်ပွားတော်ကြီးကလည်း ကျွန်တော်တို့ နားတဲ့နေရာနဲ့ မဝေးတဲ့အတွက် အပြန်မှာ အဲဒီဘုရားကြီး သီတင်းသုံးတဲ့ အာရုံခံတန်ဆောင်းမှာ ဝင်ဖူးပါတယ်။ တကယ်ပဲ ညာဘက်လက်က လက်ချောင်း ခြောက်ချောင်းဖြစ်နေပါတယ်။ အဲဒီအာရုံခံတန်ဆောင်း ရုပ်ပွားတော်ကြီး သုံးဆူ အရွယ်တူရှိပါတယ်။ ထိုင်လျက်ဉာဏ်တော် လေးပေလောက် ရှိမည် ထင်ပါတယ်။ ဘုရားကြီး သုံးဆူအနက် ညာဘက်အစွန်က ရုပ်ပွားတော်ကြီးမှာသာ လက်ချောင်းက ခြောက်ချောင်းဖြစ်နေတာပါ။ ကျွန်တော်က ဒီရုပ်ပွားတော်ကြီးမှာ ကိန်းဝပ်နေတဲ့ တန်ခိုးရှင်ကြီး ပင့်လိုက်တော့ အသားဖြူ သင်္ကန်း တော်ကလည်း အဖြူရောင်နှင့် ဉာဏ်တော် ခြောက်ပေခန့်ရှိ တန်ခိုးရှင်ကြီး ပေါ်လာပါတယ်။ ဘုရားရှင်ကြီးရဲ့ ဘွဲ့တော်မှာ ”ရှင်ဝါယမ”လို့ သိရပါတယ်။

”တန်ခိုးရှင်ကြီးဘုရား ဒီဘုရားရုပ်ပွားတော်ကြီးမှာ လက်ချောင်းခြောက်ချောင်းဖြစ်နေတာ တွေ့ ရပါတယ်။ ဘယ်လောက်ကြာပါပြီလဲဘုရား။ ဒီရုပ်ပွားတော်ကြီးက ဘယ်လိုများ ထူးခြားမှုရှိပါသလဲဘုရား”
”ဒီလက်ချောင်း ခြောက်ချောင်းက ဘုရားကြီးတည်ပြီး ခြောက်နှစ်ကြာ တစ်ညမှာ လက်ချောင်းတစ်ချောင်း အလိုအလျောက် တိုးလာတာပါ။ ဒီရုပ်ပွားတော်ကြီးရဲ့လက်တော်အတွင်း ငွေလှူလို့ ငွေတိုးလာတာ မဟုတ်ပါဘူး။ ရုပ်ပွားတော်ကြီးကို ပန်းဖြစ်ဖြစ်၊ သစ်သီးဖြစ်ဖြစ်၊ ဆွမ်းဖြစ်ဖြစ် တစ်စုံတစ်ရာ ကပ်လှူပြီး ဆုတောင်းလျှင် စီးပွားရေးလုပ်ငန်း မူလက လုပ်ငန်းတစ်ခုဖြစ်လျှင် လုပ်ငန်းနှစ်ခု သုံးခု တိုးလာနိုင်ပါတယ်။ တိုးချဲ့လုပ်ကိုင်အောင်မြင်နိုင်ပါတယ်”တဲ့။ ကျွန်တော်တို့လည်း ရုပ်ပွားတော်ကြီးကို ငွေများ ကပ်လှူဆုတောင်းပြီး ဘုရားစေတီကြီးအတွင်းမှ ထွက်ခဲ့ကြပါတယ်။

သတ္တဝါများကျန်းမာချမ်းသာကြပါစေ

ဆရာဝင်း(သာကီနွယ်)