မုန့်လက်ဆောင်းကို ရွှေရင်အေးဖြစ်အောင် လုပ်နိုင်ပါစေ

တစ်ခုသော နံနက်ပိုင်း၌ အဘသည် ဝတ္ထု ရှည်ကြီးတစ်ပုဒ်ကို ရေးသားနေရာမှ ခေတ္တနား၍ မုန့်ဟင်းခါးစားလေ၏။ ထို့နောက် လက်ဖက်ရည် သောက်လေ၏။ ထိုသို့ လက်ဖက်ရည်သောက်ရင်း-
“မင်းအနေနဲ့ ဘာဖြစ်ချင်တယ်ဆိုတာကို လည်းဆုံးဖြတ်ပြီးပြီ။ ဘယ်အဆင့်ထိဖြစ်ချင်တာလဲ ဆိုတာကိုလည်း သတ်မှတ်ပြီးပြီ။ အဲဒီအဆင့်ထိ ရောက်လာအောင် အချိန်ဘယ်လောက် ယူပြီး ကြိုး စားမယ်ဆိုတာကိုလည်း သတ်မှတ်ပြီးပြီ။ ဒါပေမဲ့ ဒီအတိုင်းလေး ရည်ရွယ်ရုံ၊ သတ်မှတ်ထားရုံနဲ့တော့ မပြီးသေးဘူး ကိုယ့်လူရေ … အလုပ်နဲ့ သက်သေပြ ရဦးမယ်”
ကိုယ်ဟာ ကမ္ဘာကျော် စာရေးဆရာကြီးဖြစ် ချင်တယ်ဆိုပါတော့။ ကမ္ဘာကျော်သွားတဲ့ ကိုယ်ရှေ့ က စာရေးဆရာကြီးတွေရဲ့ အကြောင်းကိုစူးစမ်း လေ့လာရမယ်ကွာ။ သူ့ကိုဘဝကို ဘယ်လိုနေထိုင် ဖြတ်သန်းသွားကြတယ်။ သူ့ကို ဘယ်လိုဘယ်လို စာအုပ်မျိုးတွေကို ဖတ်ကြတယ်။ ဘယ်လိုဖတ်ကြ တယ်။ ဘယ်လိုမှတ်ကြတယ်။ ဘယ်လိုမြင်ကြ ဘယ်လိုတွေးကြတယ်။ ဘယ်လိုရေးကြတယ်ဆိုတာ တွေကိုလည်း စူးစမ်းလေ့လာဖို့လိုတယ်ကွ၊
သူတို့ရဲ့ နည်းစနစ်တွေကို မင်းအနေနဲ့ မဟုတ်ဘူး။ မမှန်ဘူး။ မှားနေတယ်၊ လွဲနေတယ်လို့ ဝေဖန်ခွင့်ပြောခွင့်ကိုမရှိဘူး။ ဘာလို့လဲဆိုတော့ သူတို့ က အဲဒီလိုတွေလုပ်ပြီး အဲဒီလို ကမ္ဘာကျော်သွားခဲ့ ကြတယ်ဆိုတာ အသေအချာပဲလေကွာ။ အဲဒီတော့ မင်းအနေနဲ့ အဲဒီလို ကမ္ဘာကျော်ချင်ရင် အဲဒီလို လိုက်လုပ်ဖို့ပဲ ရှိတော့တာပေါ့ကွ၊
အဲဒီလိုပါပဲ။ အောင်မြင်ကျော်ကြားတဲ့ ဗေဒင် ဆရာကြီးတစ်ဆူဖြစ်ချင်တာဆိုရင်လည်း မင်းအားကျ တဲ့ မင်းလေးစားတဲ့ ဗေဒင်ပညာရှင်ကြီးတွေဟာ ဘယ်လိုဘယ်လို ကြိုးပမ်းအားထုတ်သွားခဲ့ကြသလဲ ဆိုတာကို လေ့လာပြီး နည်းယူရမယ်။ ဒီပညာရပ်နဲ့ ပတ်သက်လို့ ဗဟုသုတအဖြစ် သိထားသင့်တာတွေ ကို သိအောင်၊ အလွတ်ကျက်မှတ်ဖို့ လိုအပ်တာတွေ ကို အလွန်ရနေအောင်၊ မှတ်စုမှတ်တမ်းအဖြစ်ရှိထား သင့်တာတွေလည်း ရှိနေအောင်၊ ထိုးထွင်းတီထွင်ကြံ ဆရမှာတွေကိုလည်း ထိုးထွင်းကြံဆနိုင်အောင် အဖက်ဖက်က ပြည့်စုံနေအောင် လုပ်ထားရမယ်။ ဖြည့်ဆည်းထားရမယ်။
ဒီလိုပဲပေါ့ …သိပ္ပံပညာရှင်ကြီးဖြစ်ချင်တာပဲ ဖြစ်ဖြစ်၊ အဆိုကျော်၊ ရုပ်ရှင်မင်းသား၊ ပန်းချီဆရာ၊ သူဋ္ဌေးသြွူကယ်ဖြစ်ချင်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အဲသလို လုပ်သွားဖို့ပါပဲ။
တစ်ခုသာတာက မင်းဟာ နောက်လူဖြစ် တယ်။ သူတို့က တောကြီးမျက်မည်းကို သူတို့ဟာ သူတို့ လမ်းထွင်ပြီး ပန်းတိုင်ကို ရောက်သွားကြတာ မင်းကတော့ သူတို့ဖောက်ပြီးသား လမ်းအတိုင်း လိုက်ပြီးလျှောက်ရုံပဲဆိုတော့ သူတို့လောက် မပင်ပန်း မှာကတော့ အသေအချာပဲ။ အဲဒီတော့ သူတို့ထက် ပိုပြီး အချိန်ကုန်သက်သာမယ်။ ပိုပြီးကောင်းရာ ကောင်းကြောင်းလေးတွေ အသစ်အဆန်းလေးတွေ ကို စဉ်းစားရှာဖွေ ထီထွင်နိုင်ခွင့်ရမယ်။ ဒီတော့ မင်းအနေနဲ့ သူတို့ထက် ပိုပြီးသာဖို့၊ ကောင်းဖို့ပဲ ရှိတော့တာပေါ့။ သူတို့ထက် မသာလည်းမသာ၊ မကောင်းလည်း မကောင်းတဲ့အပြင် တန်းတူလောက် တောင် မလိုက်နိုင်ဘူးဆိုရင်တော့ မင်းညံ့လို့ပဲပေါ့”ဟု ပြောပြရာ ကျွန်ုပ်လည်း ခေါင်းတဆတ်ဆတ်ဖြင့် နားထောင်နေမိလေ၏။ ထိုအခါ၌ အဘက –

“ဒီလိုစဉ်းစားကြည့်ရအောင်ကွာ။ သူတို့ဟာ မုန့်လက်ဆောင်းဆိုတဲ့ အရာကို ထီထွင်ကြံဆသွား သူတွေ ဆိုကြပါစို့။ အဲဒီလို မုန့်လက်ဆောင်းဖြစ်လာ ဖို့ သူတို့ခမျာ တော်တော်ကြီးလုပ်ခဲ့ကြရမှာကွ။ မင်း လက်ထက်ကျတော့ မုန့်လက်ဆောင်းလုပ်နည်းဟာ အဆင်သင့်ရှိနေပြီလေကွာ။ သူတို့လုပ်တဲ့အတိုင်း ကောက်ပြီး လုပ်လိုက်ရုံပဲပေါ့။ ဒါပေမဲ့ မင်းက အဲဒီ မုန့်လက်ဆောင်းထဲမှာ အုန်းသီးဆံလေးထည့်မယ်။ သာကူလေး ထည့်မယ်။ ကျောက်ကျောလေး ထည့် မယ်။ နာနတ်ယိုလေး ဘာလေးထည့်မယ်။ ရေခဲ တုံးလေးပစ်ထည့်လိုက်မယ်ဆိုရင် မုန့်လက်ဆောင်း ထက် အသာကြီး သာသွားမှာပေါ့ကွာ၊ မူလ မုန့်လက် ဆောင်းထီထွင်သူကို မင်းပြင်ဆင်ဖြည့်စွက်ထားတဲ့ မုန့်လက်ဆောင်းသွားပြီး တိုက်မယ်ဆိုရင် သူတို့ မုန့်လက်ဆောင်းထက် ပိုပြီးကောင်းပါပေတယ်လို့ ရိုးရိုးသားသား လက်ခံကြမှာပါပဲ။

အဲဒီတော့ ရှိနှင့်ပြီးသား မုန့်လက်ဆောင်း တွေ ဘယ်လိုလုပ်ထားတယ်ဆိုတာ မင်းလေ့လာရ မယ်။ အဲဒီမုန့်လက်ဆောင်းမျိုး ကျကျနနလုပ်တတ် အောင် မင်းလေ့ကျင့်ရမယ်။ ပြီးတော့မှ ဟိုဟာလေး ဒီဟာလေး အဆာပလာလေးထည့်ပြီး ရှိနှင့်ပြီး မုန့် လက်ဆောင်းထက် ပိုကောင်းတဲ့ ရွှေရင်အေးလိုဟာ မျိုးဖြစ်သွားအောင် ကြိုးစားရလိမ့်မယ် ငါ့လူရေ။ အဲဒီတော့ ငါ့တပည့်အနေနဲ့ မုန့်လက်ဆောင်းတွေကို ကောင်းသည်ထက် ကောင်းသွားအောင် ရွှေရင်အေး ဖြစ်သွားအောင် လုပ်နိုင်ပါစေကွာ”ဟု လေးလေး နက်နက် ပြောပြပါလေတော့၏။
ကျွန်ုပ်၏ အတွေးအာရုံဝယ် အဘ၏ ထို စကားသံတို့သည် ယနေ့ထက်တိုင် ပဲ့တင်ထပ်လျက် ဆူညံရိုက်ဟည်းနေပါလေတော့သတည်း။

“မုန့်လက်ဆောင်းကို ရွှေရင်အေးဖြစ်အောင် လုပ်နိုင်ပါစေ”
“မုန့်လက်ဆောင်းကို ရွှေရင်အေးဖြစ်အောင် လုပ်နိုင်ပါစေ”
“မုန့်လက်ဆောင်းကို ရွှေရင်အေးဖြစ်အောင် လုပ်နိုင်ပါစေ”

သဗ္ဗေဓမ္မာ

ဇင်ယော်နီ