လမိုင်းနတ်

လမိုင်းနတ်ဆိုတာကို မြန်မာတိုင်းလိုလို ကြားဖူးကြတယ်။ ပြီးတော့ လမိုင်းကပ်တယ်၊ လမိုင်း မကပ်ဘူးဆိုတဲ့ စကားတွေလည်း အမြဲလိုပြောဖြစ်ကြတယ်။ အထူးသဖြင့် လမိုင်းကပ်တယ်ဆိုတဲ့စကားကို အနုပညာအလုပ်လုပ်ကိုင်ကြတဲ့သူတွေ အများဆုံး သုံးကြတယ်။ စင်ပေါ်စကားပြောသူ၊ ကွက်စိပ်ဟောသူတွေလည်း လမိုင်းကပ်တယ်၊ မကပ်ဘူး သုံးလေ့ရှိတယ်။ လူတွေကြားထဲ အတော်များများ စိမ့်ဝင်ခဲ့ဖူးတယ်။ ဒီကနေ့ လူငယ်လောကတော့ မပြောတတ် ဘူး။ လင်းရောင်တင်တို့ကတော့ ဒီကနေ့ထိ သုံးနေ ကြားနေရဆဲပဲ။
လမိုင်းနတ်ကို ပူဇော်ပသတဲ့ ဓလေ့ဟာ ကျေးလက်ရိုးရာဓလေ့တစ်ခုပါပဲ။ လယ်သမားတွေ ထွန်ရေးငင်စအခါ၊ ထွန်တုံး၊ ထွန်းတံ၊ လှည်း၊ တံပိုး ကြီးတုတ်ဆိုတဲ့ လယ်ယာသုံးကိရိယာတန်ဆာပလာတွေကို စောင့်ရှောက်ကြည့်ရှုတယ်လို့ ယုံကြည်တဲ့ လမိုင်းနတ်ကို ပူဇော်ကြတာ ဖြစ်ပါတယ်။
အဲသလိုပဲ သစ်ခုတ်သူတွေ၊ လှေထိုးသူတွေ ငါးဖောင်ချသူတွေ၊ ရေလမ်းခရီးသွားသူတွေ၊ လှေသမ္ဗာန်သမားတွေကလည်း ထမင်းအိုးထဲက ထမင်းကိုခူးကြတဲ့အခါတိုင်းမှာ –
“တဆုတ်ကယ်နေ့တိုင်း လမိုင်းရှိပူဇော်” ဆိုပြီး လမိုင်းနတ်ကို လူတွေ ပူဇော်လေ့ရှိတဲ့အ ကြောင်း ဝန်ကြီးပဒေသရာဇ ရေးတဲ့ ပိန်းတောလှေ တျာဘွဲ့ချင်းမှာ စပ်ဆိုခဲ့တာရှိပါတယ်။ လယ်သမား၊ ချောင်းသမားတွေသာမက ရုပ်သေးလောက၊ ရုပ်ကြီး စင်လောကနဲ့ ဇာတ်သဘင်လောကတွေအထိ လမိုင်းနတ်ကို ပူဇော်ကြတဲ့ ဓလေ့ရှိခဲ့ကြတယ်။
ခုချိန်ထိ ယုံယုံကြည်ကြည်ပူဇော်နေကြသူတွေလည်း ရှိနေဆဲပါ။ ရုပ်သေးလောကဆိုရင် ဇာတ်စင်ဆောက်တဲ့နေရာမှာတောင် သစ်နဲ့ မဆောက်ဘဲ ဝါးတွေနဲ့ချည်း ဆောက်ပြီး လမိုင်းနတ်ကို ပူဇော်တဲ့အနေနဲ့ ဆောင်ရွက်ခဲ့ကြတဲ့ အစဉ်အလာလည်း ရှိပါတယ်။
ဦးစိန်ကတုံး ဇာတ်ထဲမှာကတဲ့ အပျိုတော် အမေမှုံဆိုတာရှိပါတယ်။ လမိုင်းရှင်မနတ်ကို ပူဇော်တဲ့ထဲမှာ အမေမှုံရဲ့ နတ်ကတော်အကက နာမည်ကြီးပါတယ်။ “မင်္ဂလာရယ်မှ မဏ္ဍိုင်” အစချီတဲ့ သိကြားနတ်သံနဲ့ ပူဇော်ရတဲ့အကလည်း ဖြစ်ပါတယ်။ အဲဒီနတ်ကတော် ဝတ်ရတဲ့အဝတ်အစားမှာလည်း အရေးအကြီးဆုံးက နဖူးမှာစည်းရတဲ့ ရွှေချည် ငွေချည်ထိုး နဖူးစည်းပါပဲ။ လခြမ်းကွေးလေးပုံကို ပုံဖော်ချုပ်လုပ်ထားရတာပါ။ နတ်ကတော်ဟာ နဖူးစည်းကို စည်းနှောင်ပြီး ဆံပင်ကို ဖားလားချပြီးတော့ ကရပါတယ်။
လင်းရောင်တင်တို့ ငယ်ငယ်က ဇာတ်ပွဲကြည့်တဲ့အခါ အပျိုတော်ထွက်ပြီဆိုရင် အရမ်းဝမ်းသာပါတယ်။ ဘာလို့လဲဆိုတော့ ဇာတ်ပွဲစထွက်ပြီ ကိုး။ အပျိုတော်နတ်ပွဲကိုင်ပင့်ပြီး နတ်ချင်းနဲ့ ပူဇော်ကပြပြီး ဇာတ်ပွဲကို ဖွင့်ရတာ။ လမိုင်းရှင်မလို့လည်း ခေါ်တဲ့ လမိုင်းရှင်မနတ်ကို ပူဇော်ပသကရတဲ့ပွဲပါ။ လမိုင်းနတ်ကို မပသဘဲ ဇာတ်ပွဲတွေ မထွက်ကြပါ ဘူး။
အဲဒီလမိုင်းရှင်မ ဖြစ်ပေါ်လာရတဲ့ အကြောင်း ဇာတ်ရှိပါတယ်။ ဒီဇာတ်ကြောင်းက ဟိန္ဒူအယူအဆ နဲ့လည်း နွှယ်နေတဲ့သဘောရှိပါတယ်။ ရှေးတုန်းက မဏိဉာဏလို့ အမည်ရတဲ့ ရသေ့တစ်ပါး ရှိခဲ့ပါတယ်။ အဲဒီရသေ့ဟာ ဗေဒင်ကို တစ်ဖက်ကမ်းခတ်တတ် မြောက်ထားတယ်။
အဲဒီမဏိဉာဏရသေ့ဟာ ဈာန်ပျံရသေ့လည်း ဖြစ်ပါသတဲ့။ တစ်နေ့တော့ ကောင်းကင်ခရီးနဲ့ ဈာန်ပျံသွားနေတုန်း မကြာခင်အချိန်ပိုင်းအတွင်းမှာ သူ့ ကိုယ်သူ သေဆုံးတော့မှာကို သိမြင်လိုက်တဲ့အတွက် အနားဝန်းကျင်ကို လေ့လာကြည့်ရှုလိုက်တဲ့အခါ မြေ ပြင်ပေါ်မှာ ခရီးသွားနေတဲ့ ဇနီးမောင်နှံ နှစ်ဦးကို မြင်လိုက်ရသတဲ့။ ယောကျာ်းက ကဝါလမိုင်း ဆိုတဲ့သူ ဖြစ်တယ်။ ကဝါလမိုင်းဆရာဟာ သွားရင်းလာရင်း မြွေပေါက်သေမယ့် နိမိတ်ကို ရသေ့က ကြိုပြီးမြင်တယ်။ အဲဒါနဲ့ ကောင်းကင်က ဆင်းသက်ပြီး သူတို့ လင်မယားနှစ်ယောက် အနားရောက်သွားတယ်။
အဲဒီအခိုက်အတန့်လေး အတွင်းမှာပဲ ကဝါ လမိုင်းဆရာကို ေြွမပေါက်လိုက်တဲ့အတွက် မြေမှာ လဲသွားတယ်။ ဒါနဲ့ပဲ ရသေ့ဟာ ကဝါလမိုင်းကို ဆေးကုပေးတဲ့ဟန်နဲ့ သူ့ရဲ့ အသက်ဝိညာဉ်ကို ကဝါ လမိုင်းရဲ့ ခန္ဓာထဲကို ပူးကပ်ဝင်ရောက်လိုက်တယ်။ ကဝါလမိုင်းရဲ့ ဝိညာဉ်ကတော့ ရသေ့ခန္ဓာထဲဝင် ရောက်သွားတယ်။
ရသေ့ဟာ တောထဲ တဖြည်းဖြည်းဝင်ရောက် ပြီး ပျောက်ကွယ်သွားတဲ့အချိန်မှာပဲ ကဝါလမိုင်းဟာ လူးလွန့်ပြီး အသက်ပြန်ရှင်လာတယ်။ (ဒီခေတ် ရုပ်ရှင်ကားတွေထဲမှာ ဝိညာဉ်တွေအပြန်ပြန်အလှန်လှန် ပြောင်းရွှေ့သလိုပေါ့လေ။ ပြောင်းလွန်းရွှေ့လွန်း အားကြီးလို့ ဖိလစ်ပိုင်ဝိညာဉ်ကားဆိုရင် မျက်စိတွေတောင် လည်တယ်)
ကဝါလမိုင်းအမည်နဲ့ ရသေ့စိတ်ဖြစ်နေသူဟာ ဗေဒင်ပညာတစ်ဖက်ကမ်း တတ်မြောက်လေတော့ လူတွေကို ဟောပြောကူညီရင်း အသက်မွေးနေခဲ့တယ်။ ကဝါလမိုင်းရဲ့ ဇနီးကိုလည်း ဟန်မပျက် ဆက်လက်ပြီး ပေါင်းသင်းနေရတာပေါ့။ ကဝါလမိုင်း က ဆောင်ရွက်လုပ်ကိုင်မှု ကောင်းလာတော့ နေ့ချင်း ညချင်းသတင်းကြီးသွားတယ်။ ပရိသတ်လည်း အများကြီးဖြစ်လာ ခဲ့တယ်။ (ဒီခေတ်တော့ ဆယ်လီပေါ့)
အဲသလို နာမည်ဂုဏ်သတင်း ကြီးလာတဲ့ ကဝါလမိုင်း ဆရာကြီးကို မိုးပေါ်က ဦးသက္က (သိကြားမင်း)ကတောင် စိတ် ဝင်စားလာခဲ့တယ်။ ဒီလောက် တောင်ဂုဏ်သတင်း ကျော်ကြားလှတဲ့ ကဝါလမိုင်း ဆရာကို လူ့ပြည် ဆင်းပြီး လေ့လာဦးမှပဲဆိုပြီး လူယောင် ဖန်ဆင်းရင်း ဆရာရသေ့နား ရောက်သွား ခဲ့တယ်။ ပြီးတော့ “ဆရာကြီးရယ် ခုချိန် မှာ သိကြားမင်းဘယ်ရောက်နေသလဲ။ နတ်ပြည်မှာရှိမရှိ သိချင်ပါတယ်” လို့ မေးခွန်းထုတ်တယ်။
ကဝါလမိုင်းဆရာက တွက်ချက်ကြည့်တော့ လူ့ပြည်မှာ ရောက်နေတဲ့ အကြောင်းသိရတယ်။ နောက်တစ်ဆင့် ထပ်တွက်တော့ သစ်တုံးတစ်တုံးပေါ်မှာ ခြေတစ်ဖက် ချိတ် ခြေတစ်ဖက်ချ ထိုင်နေတယ်ဆိုတာ သိရတယ်။ အဲဒါတွေကို ပါးစပ်က ပြောနေတာ တွက်ချက်ပြီး လေ့လာကြည့်လိုက်ပြီးတော့မှ “သိကြားမင်းဟာ သင်ပဲ” လို့ တပ်အပ်ပြောချလိုက်တယ်။
အဲဒီနောက် သိကြားမင်းဟာ ကဝါလမိုင်း ဆရာကို ဗေဒင်ပညာအမျိုးမျိုးစမ်းတယ်။ မေးခွန်းတွေထုတ်တိုင်း မှန်အောင်ဖြေနိုင်တဲ့အတွက် သိကြားမင်းက သိပ်ပြီး သဘောကျသွားတယ်။ နတ်ပြည်ပြန်ရောက်သွားတော့ ကဝါလမိုင်းဆရာအကြောင်း ပြောပြပြီး ချီးကျူးခန်းဖွင့်တယ်။ အဲဒီချီးကျူးစကားကို ပရမီသွာနတ်ကြီးရဲ့ သားဖြစ်တဲ့ အာသီလို့ခေါ် တဲ့ ဗြဟ္မာမင်းက ကြားသွားတော့ သိကြားမင်းနဲ့ ဗြဟ္မာမင်းနဲ့ ဗေဒင်ပညာတွေ အငြင်းအခုံဖြစ်ကြတယ်။
အငြင်းအခုံဖြစ်ရင်းနဲ့ တဖြည်းဖြည်း ပြင်းထန်လာကြတယ်။ ဒါနဲ့ပဲ အဖြေရအောင်လူ့ပြည်က ကဝါလမိုင်းဆရာဆီသွားပြီး ဒီပြဿနာကို တင်ပြ ကြမယ်။ ရှုံးတဲ့လူရဲ့လည်ကို ဖြတ်ကြေးဆိုပြီး လောင်းကြေးစားကြေးလုပ်ကြတယ်။ (လောင်းကစား ဆိုတာ ခုမှပေါ်လာတာ မဟုတ်ဘူးနော်။ သိကြားနဲ့ ဗြဟ္မာတောင် လောင်းကြေးစားကြေးလုပ်တာ)
အတိုချုံ့ပြောရရင်တော့ လောင်းကစားပွဲမှာ သိကြားမင်း ဦးမဃကနိုင်ပြီး ဗြဟ္မာမင်းအာသီရှုံး သွားခဲ့တယ်။ အဲသလိုရှုံးသွားတဲ့အတွက် ဗြဟ္မာကြီး ရဲ့ဦးခေါင်း အဖြတ်ခံခဲ့ရတယ်။ ခေါင်းပြတ်သွားတဲ့ ဗြဟ္မာကြီးရဲ့ ကိုယ်မှာ ပိင်္ဂလလို့ခေါ်တဲ့ ဆင်ပြောင် ကြီးရဲ့ ဦးခေါင်းကို ဆက်ထားလိုက်တယ်။ ဗြဟ္မာ့ ကိုယ်နဲ့ ပိင်္ဂလဆင်ခေါင်းကို ဆက်စပ်ပြီးတဲ့အခါ သိကြားမင်းက ရေစင် ဆွတ်ဖျန်းပေးလိုက်တော့ အသက်ရှင်ပြီး လှုပ်ရှား လာတော့တယ်။
ဗြဟ္မာဆို တဲ့ ပညက်ကို မဟာလို့ပြောင်း ပြီးမဟာပိင်္ဂလ ဒါမှမဟုတ် မဟာပိန္နဲ လို့ခေါ်ပြီး ပူဇော်ပွဲတွေ လုပ်ခဲ့လုပ်နေကြဆဲဖြစ်ပါ တယ်။ ပြတ်သွားတဲ့ ဗြဟ္မာ့ကြီးရဲ့ ဦးခေါင်းကိုတော့ သိကြားမင်းရဲ့ အမိန့်နဲ့ နတ်သမီးခုနစ်ယောက်ဟာ အလှည့်ကျကိုင်ထားပေးရတယ်။ ဘာကြောင့်လဲဆိုတော့ ဗြဟ္မာကြီး ဦးခေါင်းကို ကောင်းကင်မှာထားရင် မိုးခေါင်မယ်။ သမုဒ္ဒရာထဲချလိုက်ရင် ရေတွေ ခန်းခြောက်ကုန်မယ်။ လူ့ပြည်မှာထားရင် မြေကြီးတွေပူ ပြီး သစ်ပင်တွေ ခြောက်သွေ့ကုန်မယ်။ အဲဒါကို စိုးရိမ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
နတ်သမီးတွေ လက်ပြောင်းလက်လွှဲလုပ်ချိန် ဟာ တစ်နှစ်တစ်ခါဖြစ်လို့ အဲဒီကာလအကူးအပြောင်းကို သင်္ကြန်လို့ ခေါ်တယ်လို့လည်း ဆိုခဲ့ကြတယ်။ သင်္ကန္တ(ကူးပြောင်းခြင်း)ကနေ သင်္ကြန်လို့ ပြောင်းလဲလာတာလို့ မှတ်ယူကြတယ်။ ကဝါလမိုင်းဆရာ ကြီးရဲ့ဇနီးဟာ ပထမဆုံးသွားတဲ့သူနဲ့ သားလေးယောက်ရပြီး ကဝါလမိုင်းဆရာကြီးနဲ့ သမီးတစ်ယောက်ရသတဲ့။ မဟာဣန္ဒစက္ခ၊ မဟာဣန္ဒဂုတ္တ မသီလ၊ မဟာသတ္တသီလ၊ မဟာဥတ္တမပဒ၊ သားလေးယောက်နဲ့ စတုမဟာရာဇ်နတ်မင်းကြီး လေးပါး တို့ စုပေါင်းပြီး လောကီဓာတ်ကျမ်းတွေကို စီမံခဲ့ ကြတယ်လို့လည်း ဆိုပါတယ်။
သမီးကတော့ ချစ်စရာအဆင်းနဲ့ ပြည့်စုံလို့ လမင်းလို့ခေါ်ကြသတဲ့။ လမင်းရှင်မ၊ လမိုင်းရှင်မဆိုပြီး ပြောင်းလဲလာတယ်။ လဝါလမိုင်းရဲ့ သမီးမို့ လမိုင်းရှင်မလို့ ခေါ်ကြတာပါ။ ဒါဟာ လူတွေသိတဲ့ လမိုင်းရဲ့ ပုံပြင်ပေါ့။

ဇေယျတု သဗ္ဗမင်္ဂလံ

လင်းရောင်တင်

(အရာရာအောင်မြင်စေတဲ့ ရတနာဒီပံရွှေဖယောင်းတိုင်ကိစ္စ၊ အခြားကိစ္စများအတွက် ဆွေးနွေးလိုပါက တိုက်အမှတ် (၁၀၆၀)၊ ယဿဝတိ (၁၆)လမ်း၊ တောင်ဥက္ကလာ (၁၃)ရပ် ကွက်၊ ရန်ကုန်မြို့။ ဖုန်း – ဝ၉ ၄၂၀ဝ၁၄၆၁၄)