နတ်ဟူသော မြန်မာဝေါဟာရသည် နာထဟူသော ပါဠိပုတ်မှ ရွေ့လျားပြောင်းလဲလာသော ပါဠိသက် ဝေါဟာရဖြစ်သည်။ နာထပိုဒ်ကို ထ အထက်၌ အသတ်တင်ပေးလိုက်သောအခါ (နာထ- နတ်)ဖြစ်လာသည်။ (ဥပမာ လောကနာထ-လောက နတ်)
နတ်ဟူသော ပုဒ်ကို မြန်မာ အဘိဓာန်ကျမ်း၌ ချမ်းသာရှိသော၊ တောက်ပသော၊ ကိုးကွယ်ရာ ဖြစ်သော ပုဂ္ဂိုလ်၊ (သမ္မုတိနတ်၊ ဥပပတ္တိနတ်၊ ဝိသုဒ္ဓိနတ်)ဟူ၍ သုံးမျိုးရှိသည်။ (ပါ၊ နာထ)ဟူ၍ ဖွင့်ဆိုထားသည်။
နတ်တို့အကြောင်းကို သိစေရန် ရွှေစေတီဆရာတော်ဘုရားက ကျွန်မပြောပြပြီး စာအုပ်ကို ပေးဖတ်ခိုင်းတော့ သိလိုသောစိတ်နဲ့ ဖတ်ကြည့်မိပါတယ်။ ဖတ်နေရင်းနဲ့ တခြားသောသူများကို သိစေ ချင်တဲ့စိတ်ဖြစ်လာမိပါတယ်။ နောက် သိသင့်တယ်လို့လည်း စေတနာစိတ်နဲ့ ဆရာတော်ဘုရားဆီမှာ ခွင့်ပန်ပြီး ရေးသင့်တယ်ထင်လို့ ရေးလိုက်ရပါတယ်။ ရွှေစေတီတစ်ထောင်သာသနာပြု ဆရာတော်ဘုရားက တိပိဋက ပါဠိ-မြန်မာအဘိဓာန်ကျမ်းမှ နာထပုဒ်ကို အောက်ပါအတိုင်း ဖွင့်ပြထားကြောင်း ရှင်းပြသည်။
ကိုးကွယ်အားထားမှီခိုရာဖြစ်သော –
(က) ဘုရားရှင်
(ခ) အရဟတ္တဖိုလ်
(ဂ) မင်း၊ ရှင်ဘုရင်၊
(ဃ) လင်ယောကျာ်း၊ ခင်ပွန်းသည်
(င) မိမိခန္ဓာကိုယ်(လောကီ၊ လောကုတ္တရာ တရား)
(စ) နာထကရဏတရား ၁၀ ပါးတည်းဟူ သော ဆွေမျိူး သီဟိုဠ်အဘိဓာန်ကို ကိုးကား၍ ဆရာ၊ အရှင်သခင်၊ ခေါင်းဆောင်၊ ဘုရားရှင်၊ နာထနတ် ကို မှီ၍နေအပ်သော ကြီးကဲသော၊ မြတ်သော၊ ပဓာနဖြစ်သော အရှင်ဖြစ်သော ဟူ၍ အသီးသီး ဖွင့်ဆိုကြသည်။ ကိုးကွယ်ရာ အားထားရာမှီခိုရာသည် နာထ(နတ်)ဖြစ်သည်။ လူသားသည် အမိဝမ်းမှ မွေးဖွားချိန်မှစပြီး သူတစ်ပါးကို အားကိုးရသည်။ အမိအဖ၏ မွေးမြူစောင့်ရှောက်ခြင်းကို ခံရသည်။ အမိအဖသည် သားသမီးတို့၏ အားကိုးရာဖြစ်သည်။ ကြီးပြင်းလာ၍ ပညာသင်ချိန်ရောက်သောအခါ ဆရာသည် တပည့်တို့၏အားကိုးရာဖြစ်သည်။ အိမ်ထောင်ပြုသောအခါ အိမ်ထောင်ဦးစီးသည် မိသားစုတို့၏ အားကိုးရာဖြစ်သည်။ အိုး၊ အိမ်၊ တိုက်တာနှင့် နေထိုင်လာသောအခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက်နေပြည်သူတို့၏ အားကိုးရာဖြစ်လာသည်။
ထိုမှတစ်ဆင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်၊ နိုင်ငံတော်သမ္မတတို့သည် နိုင်ငံသားအားလုံး၏ အားကိုးရာဖြစ်သည်။
၁။ ပုဗ္ဗဒေဝတာ-ရှေးဦးနတ်
အမိအဖများသည် သားသမီးများ၏ အားကိုး ရာဖြစ်သည်။ လူသားသည် မိမိတို့ မွေးဖွားချိန်မှစပြီး အားကိုးရာ၊ မှီခိုရာသည် ကိုးကွယ်ရာသည် အမိအဖများဖြစ်သည်။ ထို့ကြောင့် ပုဗ္ဗဒေဝတာ ရှေးဦးနတ်ဖြစ်သည်။ အစစအရာရာ ရှေးဦးစွာ သင်ကြားပြသပေးသောကြောင့် ပုဗ္ဗာစရိယ လက်ဦးဆရာဖြစ်သည်။
၂။ အိမ်ဦးနတ်
အရွယ်ရောက်၍ တစ်အိမ်ထူထောင်ကြ သောအခါ အိမ်ထောင်ဦးစီးသည် မိသားစုအားလုံးတို့၏ အားကိုးရာ မှီခိုရာ ကိုးကွယ်ရာ အိမ်ဦးနတ် ဖြစ်သည်။
၃။ သမ္မုတိနတ်
ကျေးရွာ၊ ရပ်ကွက်ကို အုပ်ချုပ်သူ၊ မြို့နယ်ကို အုပ်ချုပ်သူ၊ ခရိုင်နှင့် တိုင်းနယ်၊ ပြည်နယ်တို့ကို အုပ်ချုပ်သူ၊ နိုင်ငံတော်ကို အုပ်ချုပ်သူတို့သည် နိုင်ငံသူနိုင်ငံသားတို့၏ အားကိုးရာ အားထားရာ မှီခိုရာ ဖြစ်သောကြောင့် သမ္မုတိနတ်များ ဖြစ်ကြသည်။ ပညာသင်ပေးသော ဆရာ၊ ဆေးကုပေးသော ဆရာဝန်၊ အဖွဲ့အသင်းများ၏ ခေါင်းဆောင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအားလုံးတို့သည်လည်း သမ္မုတိနတ်များဖြစ်သည်ဟု ယူသော်ယူနိုင်ရပေသည်။
၄။ ဥပပတ္တိနတ်
မိခင်ဝမ်း၌ ကိုယ်ဝန်ဆောင်စရမလိုဘဲ ဗြုန်းခနဲကိုယ်ကောင်ထင်ရှား ဖြစ်ပေါ်လာသော နတ်များကို ဥပပတ္တိနတ်ဟုခေါ်ဆိုပေသည်။ တောစောင့်နတ်၊ တောင်စောင့်နတ်၊ နယ်ပိုင်နတ်၊ ကွင်းပိုင်နတ်၊ ၃၇ မင်းနတ်၊ ရိုးရာနတ်၊ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ အာကာသစိုးစသော စတုမဟာရာဇ် ဘုံသားနတ်များနှင့် နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာနှစ်ဆယ်ရှိ နတ်ဗြဟ္မာအားလုံးသည် ဥပပတ္တိနတ်များဖြစ်ကြသည်။
၅။ ဝိသုဒ္ဓိနတ်
ဖြူဖွေးစင်ကြယ်သန့်ရှင်းသည်ကို ဝိသုဒ္ဓိဟု ခေါ်သည်။ တစ်ထောင့်ငါးရာ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေး ဖြူစင်တော်မူကြသော မြတ်စွာဘုရား၊ ရှင်ပစ္စေကဗုဒ္ဓါ၊ ရဟန္တာများ၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဟူသော အရိယာပုဂ္ဂိုလ်အားလုံးတို့သည် တပည့်သာဝကများ ဝေနေယျများအားလုံးအတွက် အားထားမှီခိုရာ ကိုးကွယ်ရာဖြစ်သောကြောင့် ဝိသုဒ္ဓိနတ်များဖြစ်ကြသည်။
ဤသို့လျှင် လူသားတို့အတွက် ကိုးကွယ်ရာ အားထားရာ မှီခိုရာဖြစ်သောနတ်တို့သည် ငါးမျိုးရှိသည်။
ပုဗ္ဗဒေဝတာ-ရှေးဦးနတ်၊ အိမ်ဦးနတ်၊ သမ္မုတိနတ်၊ ဥပပတ္တိနတ်တို့သည် ယခုဘဝအတွက်သာ ကောင်းကျိုးပြုနိုင်ကြ၏။
ဝိသုဒ္ဓိနတ်ဖြစ်သော ဘုရား၊ ရဟန္တာ၊ အရိယာပုဂ္ဂိုလ်တို့အား ကိုးကွယ်အားထား မှီခိုကြသူတို့ မှာ သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာသုံးရပ်အကျင့်မြတ် တိုးပွားများအားထုတ်ကြသည်ရှိသော် ယခုဘဝမှစ၍ ဘဝအဆက်ဆက်မှာ ချမ်းသာပြီး နောက်ဆုံးတွင် (အို၊ နာ၊ သေ)ဒုက္ခခပ်သိမ်းကင်းငြိမ်းရာအမှန် ချမ်းသာစစ်ချမ်းသာမှန်ဖြစ်သော၊ အမြတ်ဆုံး ချမ်းသာဖြစ်သော မြတ်နိဗ္ဗာန်ကို ဧကန်မုချမျက် မှောက်ပြုနိုင်သည်အထိ ကောင်းကျိုးပြုလေ၏။
ပုထုဇဉ် လူသားသည် မွေးဖွားချိန်မှစပြီး ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်အထိ သူတစ်ပါးတို့ကို (လူ့အသိုက်အဝန်း)ကို အားကိုးအား ထားပြုလျက် အသက်ရှင်ကြရပေသည်။ တစ်ချိန် ထဲမှာပင် မိမိကိုယ်တိုင်၌ကလည်း သူတစ်ပါးတို့၏ အားကိုးရာ အားထားရာအဖြစ် ပါဝင်လှုပ်ရှားခဲ့ကြရ ၏။
“အတ္တာဟိ အတ္တနော နာထော”မိမိသည် မိမိ၏ အားကိုးရာဖြစ်သည်ဟူသော မြတ်စွာဘုရား စကားတော်၌ အတ္တဟူသော ပါဠိပုဒ်က တိပိဋက ပါဠိ-မြန်မာအဘိဓာန်က ဖွင့်ဆိုသည့်အတိုင်း “လောကီ လောကုတ္တရာတရား”ကို ဟောသည့် လောကီ၊ လောကုတ္တရာတရားများဖြစ်သော သမထ၊ ဝိပဿနာတရားကို ပွားများအားထုတ်ခြင်းသည် မိမိကိုယ်ကို မိမိအားကိုးခြင်းဖြစ်သည်။ တရားအား ထုတ်ရာ၌ သူတစ်ပါးကို အားကိုး၍မရ၊ ကိုယ်တိုင် အားထုတ်မှ ကိုယ့်အားကိုယ်ကိုးမှရသည်။ ထို့ကြောင့် မြတ်စွာဘုရားက အတ္တာဟိ အတ္တနော နာထော ကောဟိနာထော ပရောဗာသိယာဟု ဟောကြား တော်မူကြောင်း ဆရာဘုရားက ပြောဆိုဟောပြတော် မူသည့်အတွက် ကျွန်မတို့ရဲ့ရွှေရောင်မြေ ဓမ္မ မိတ်ဆွေများကို ဖြန့်ဝေပေးလိုက်ပါတယ်။
ဘဒ္ဓန္တဥဂ္ဂံမဟာမထေရ်၏ သြဝါဒကိုလည်း ရေးသားဖော်ပြလိုက်ပါတယ်။
- အသိပညာတိုးပွားအောင် ကြိုးစားကြပါ။
- မိမိကိုယ်ကို ယဉ်ကျေးအောင် ပြုပြင် နေထိုင်ပါ။
- မိမိကိုယ်ကို ကြီးပွားတိုးတက်အောင် ကြိုးစားပါ။
- လောကီကောင်းကျိုး ဘာသာ၊ သာသနာ အကျိုးကို ဆောင်ရွက်ပါ။
- ဘဝသံသရာအတွက် ဒါန၊ သီလ၊ ဘာဝနာ အလုပ်ကို ကြိုးစားအားထုတ်ပါ။
“စေတနာ အမှန်နဲ့ ရေးသားလိုက်ပါတယ်”