အောင်မြင်မှုဘာကြောင့်ရသလဲ – ကျော်ဌေး (ဘီအေစီ) –

 

တစ်ခါတုန်းက လူတစ်ယောက်ဟာ ပျော်ပွဲရွှင်ပွဲ ကျင်းပတဲ့နေရာတွေမှာ ရောင်စုံမိုးပျံ ဘောလုံးတွေ လိုက်လံရောင်းချပြီး အသက်မွေးဝမ်းကျောင်းပြုသည်။ ရောင်စုံဘောလုံးတွေထဲမှာ အနီ၊ အပြာ၊ အဝါ၊ အစိမ်း စသဖြင့် ပါရှိသည်။ တစ်ခါတစ်ရံ ရောင်းမကောင်းတဲ့အခါ လေထဲကို တစ်လုံး၊ နှစ်လုံး လွှတ်တင်လိုက်ရင် ကလေးတွေ စိတ်ဝင်စားပြီး သူ့ဆီမှာ မိုးပျံဘောလုံးတွေ လာဝယ်ကြသည်။ ကလေးတွေ ဘောလုံးတွေဝယ်ကြတဲ့အခါ ဘောလုံးတွေ ရောင်းကောင်းတဲ့အတွက် သူစိတ်ချမ်းသာရသည်။ တစ်နေ့ သူဘောလုံးရောင်းနေစဉ် သူ့အင်္ကျီကို နောက်က တစ်ယောက်ယောက်က ဆွဲထားတဲ့အတွက် လှည့်ကြည့်လိုက် တဲ့အခါ ချာတိတ်လေးတစ်ယောက်ကို တွေ့ရသည်။ ချာတိတ်လေးက –

‘အနက်ရောင်ဘောလုံးကို လေထဲလွှတ်တင်လိုက်ရင်ကော အပေါ်ကို တက်မှာလား . . .’လို့ မေးသည်။ ချာတိတ် လေးရဲ့ သိချင်စိတ်ကို အကောင်းဆုံး နမူနာပေးရန် စိတ်ကူးရပြီး -‘ဒီမှာ ကလေးရဲ့ . . .၊ ဘောလုံးရဲ့အရောင်ကြောင့် ကောင်းကင်ကို တက်သွားတာ မဟုတ်ဘူး။ ဘောလုံးထဲမှာပါတဲ့ ဓာတ်ငွေ့ကြောင့် ကောင်းကင်ကို တက်သွားတာဖြစ်တယ် . . .’လို့ ပြန်ပြောလိုက်သည်။

x x x

ကျွန်တော်တို့ရဲ့ဘဝတွေမှာလည်း ဒီအတိုင်းပဲဖြစ်ပါတယ်။ အပြင်ပန်းက အရောင်အဆင်းကြောင့် မဟုတ်ပါဘူး။ အတွင်းမှာ ရှိတဲ့ အဇ္ဈတ္တကြောင့် ကိုယ်နှုတ်အမူအရာတွေနဲ့ လုပ်ဆောင်ချက်တွေကို မြင်စေပါတယ်။ တွေးမိကြပါရဲ့လား၊ တချို့လူတွေ၊ အဖွဲ့အစည်းတွေ ဒါမှမဟုတ် နိုင်ငံတွေဟာ တခြားလူတွေ အဖွဲ့အစည်းတွေ ဒါမှမဟုတ် နိုင်ငံတွေထက် ဘာကြောင့် ပိုမိုထွန်းပေါက် အောင်မြင်နေကြတာလဲ။ ဒါဟာ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ဒီလူတွေဟာ ရိုးရိုးလေးစဉ်းစားပြီး လုပ်စရာရှိတာကို ထိရောက် အောင်မြင်အောင် လုပ်ကြလို့ပဲ ဖြစ်ပါတယ်။ အောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတာ နားလည်သဘောပေါက်ကြပြီး တန်ဖိုးရှိတဲ့ အရင်းအနှီးကို မြှုပ်နှံကြလို့ပါပဲ။ ဒါကတော့ လူသားအရင်းအမြစ်ပါ၊ အောင်မြင်မှုရတယ်ဆိုတာ အပေါ်ယံ အပြင်ပန်းကြောင့် မဟုတ်ဘဲ လူတွေရဲ့ အရည်အချင်းကြောင့်ဖြစ်တယ်လို့ အတွေးရပါတယ်။

ကျော်ဌေး(ဘီအေစီ)