သူရဿတီမယ်တော်

ပိဋကတ္တယ၊ သံပုဏ္ဏံ
သဗ္ဗသိဒ္ဓိ၊ သုခါဝဟံ
ဇိဝှဂ္ဂေမေ၊ နိသိဒိတွာ
မန္ဓာရေတု၊ သူရဿတီ။
အထက် ဖော်ပြပါ ဂါထာမှာ သူရဿတီမယ်တော်အား ပူဇော်ရာတွင် ရွတ်ဆိုသော ဂါထာတစ်ပုဒ်ဖြစ်သည်။ မြန်မာလူမျိုးများသည် သူရဿတီ ဂါထာတော်အား ရွတ်ဆို၍ ပူဇော်ပါက စာပေအရာ၌ အောင်မြင်ခြင်း၊ စကားပြောရာတွင် ချောမောပြေပြစ်ခြင်း၊ လူချစ်လူခင်များခြင်း ဟူသော အကျိုးတို့ကို ခံစားရတတ်သည်ဟု အစဉ်အလာအားဖြင့် ယုံကြည်ကြသည်။
အချို့သော မြန်မာမိသားစုတို့၏ အိမ်ဦးခန်း၊ ဘုရားခန်းတို့၌ ဘိုးဘိုးအောင်၊ ဘိုးမင်းအောင်စသော ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ကြီးများ၊ နတ်များကို ယုံကြည်ကိုးကွယ်ကြလေ့ရှိသည်။ ယင်းသို့ ကိုးကွယ်လေ့ရှိကြသည့် ပုဂ္ဂိုလ်များတွင် သူရဿတီမယ်တော်သည်လည်း အပါအဝင်ဖြစ်ပေသည်။ မြန်မာလူမျိုး အချို့တို့ ကိုးကွယ်လေ့ရှိသော သူရဿတီမယ်တော်၏ ပုံကိုကြည့်လျှင် ဟင်္သာရုပ်ကို စီးထားပြီး ပိဋကတ်သုံးပုံကို ကိုင်ဆောင်ထားလေ့ရှိပေသည်။ ဟင်္သာငှက်သည် မြန်မာလူမျိုး၊ မြန်မာစာပေနှင့် အကျွမ်းတဝင် ရှိလှသည်။ မွန်လူမျိုး၊ မွန်ဒေသ၏ အမှတ်အသားဆိုလျှင်လည်း မမှားပေ။ ဇာတ်တော်များ နိပါတ်တော်များကို ဖတ်ရှုလေ့လာလျှင်လည်း ဟင်္သာငှက်သည် မပြတ်ပါတတ်လေသည်။ ပိဋကတ်သုံးပုံမှာလည်း မြန်မာလူမျိုးတို့၏ ဗုဒ္ဓဘာသာဝင်တို့၏ ရတနာသုံးပါးတွင် ဓမ္မရတနာအဖြစ် ထင်ရှားပြီးဖြစ်သည်။ ယင်းကဲ့သို့ ပိဋကတ်သုံးပုံကို ကိုင်ဆောင်ထားပြီး ဟင်္သာရုပ်ကို စီးထားသော သူရဿတီမယ်တော်၏ပုံကို မြင်တွေ့ရသောအခါ ကိုးကွယ်လိုစိတ်၊ အားထားလိုစိတ် ဖြစ်ပွားလာကြသည်မှာ အံ့ဩဖွယ်ရာ မဟုတ်ပေ။
သို့ရာတွင် ပညာရှင်အချို့၏ အဆိုအမိန့်အရမူ သူရဿတီနတ်သမီးဟူသည်မှာ ပိဋကတ်သုံးပုံစောင့်သော နတ်သမီးလည်း မဟုတ်။ ရဟန္တာမ လည်း မဟုတ်ပေ။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် ထေရဝါဒပိဋကတ်တော်များတွင် သူရဿတီဟူသော အမည်နှင့် ပိဋကတ်သုံးပုံ ဆောင်သူ၊ ရဟန္တာမသော်လည်းကောင်း၊ နတ်သမီးသော်လည်း ကောင်း ရှိကြောင်း အထောက်အထား မရှိဟု သိရပေသည်။
သူရဿတီမယ်တော်၊ သူရဿတီနတ်သမီးဟူသော အယူအဆမှာ အိန္ဒိယနိုင်ငံတွင် ထွန်းကားသော ဟိန္ဒူအယူဝါဒ(ဗြဟ္မဏဝါဒ)လာ၊ ဝေဒကျမ်း ကြီးများမှ ပေါက်ဖွားလာခြင်းဟုသာ သိရပေသည်။ ယင်းကျမ်းများတွင် သူရဿတီမယ်တော်ကြီးကို ၄င်းတို့၏ ကိုးကွယ်ရာ မဟာဗြဟ္မာကြီး၏ ကြင်ယာတော် အဖြစ် ဖော်ပြထားပေသည်။ ထိုနည်းတူ ဗိဿနိုး နတ်မင်းကြီး၏ ကြင်ဖက်တော်အဖြစ် လက်ချမီး နတ်မိဖုရားကိုလည်းကောင်း၊ သိဝနတ်မင်းကြီး၏ ကြင်ဖက်တော်အဖြစ် ပရာဝတီနတ်မိဖုရားကို လည်းကောင်း၊ ပူးတွဲဖော်ပြလေ့ရှိပေသည်။
သူရဿတီနတ်သမီး၏ မွေးဖွားလာပုံမှာ ဆန်းကျယ်လှသည်ဟု ဆိုရပေမည်။ မဟာဗြဟ္မာကြီးသည် သူ၏ လက်ကို ဆန့်တန်းလိုက်သောအခါ သူ၏ လက်ဝါးပေါ်တွင် အလွန်အမင်း လှပချောမောသည့် နတ်သမီးတစ်ယောက်သည် မတ်တပ်ရပ်လျက်ပေါ်ပေါက်လာသည်ဟုဆိုသည်။ ယင်းနတ် သမီးသည် ဗြဟ္မာကြီးအပေါ် ကြောက်လန့်ခြင်း မရှိ၊ ရဲရင့်မှုအထိ ရှိသည်။ ဗြဟ္မာကြီးအပေါ်လည်း ပြုံးခြင်း၊ ရယ်ခြင်း၊ ကခြင်း သီချင်းဆိုခြင်းကို ပြုပြလေ သည်။ ယင်းကဲ့သို့ ရဲရင့်မှုကြောင့် ဗြဟ္မာကြီးသည် ချစ်ကြည်မြတ်နိုးစွာဖြင့် “စွာရစတီ” ဟု ခေါ်ဆို လိုက်ပေသည်။ မြန်မာလူမျိုးတို့၏ အခေါ်အဝေါ် အားဖြင့် သူရဿတီပင် ဖြစ်တော့သည်။
ဟင်္သာယာဉ်မှာ မဟာဗြဟ္မာကြီးပိုင်ဆိုင်သော ယာဉ်ဖြစ်သည်ဟု ဝေဒကျမ်းများ၌ ပါရှိပေသည်။ ထို့ကြောင့် ခင်ပွန်းဖြစ်သူ မဟာဗြဟ္မာကြီး ပိုင်ဆိုင်သော ဟင်္သာယာဉ်ကို ကြင်ယာတော်ဖြစ်သူ သူရဿတီမယ်တော်ကြီးက စီးခြင်းဖြစ်ပေသည်။
သူရဿတီကိုင်ဆောင်ထားသော ကျမ်းများမှာလည်း ထေရဝါဒလာ ပိဋကတ်သုံးပုံ မဟုတ်ချေ။ ဗြဟ္မဏအယူဝါဒ ဖြစ်သည်ဟု ဝေဒကျမ်းများကို ကိုင်ဆောင်ထားခြင်းသာဟု ပညာရှင်အချို့၏ အဆိုအမိန့်တွင် တွေ့ရှိရပေသည်။ ယင်းဝေဒကျမ်းများတွင် သုတ္တဝေဒ၊ သမိတိဝေဒ၊ ဖုရာဏာဝေဒ၊ အန္တ ရဝေဒ(ဝါမတန္တရဝေဒ၊ ဒက္ခိဏတန္တရဝေဒ)ရာမယန ဝေဒ၊ မဟာသာရတဝေဒတို့သည်လည်း အပါအဝင် ဖြစ်ပေသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအနေဖြင့် သူရဿတီမယ်တော်ကို ကိုးကွယ်မှုမှာ ထေရဝါဒ ဗုဒ္ဓဘာသာအယူအဆတွင် ဟိန္ဒူအယူအဆကို ရောနှောပြီး ကိုးကွယ်ခြင်းဖြစ်နိုင်ကြောင်း ရေးသားအပ်ပေသည်။

မောင်ဉာဏ်စိန်
ကျမ်းကိုးစာရင်း ၁။ သုတေသန၊ သမ္မာမဂ္ဂင်္ဂ ပညာကျမ်း (ဦးဩဘာသာဘိဝံသ၊ ဖျာပုံတိုက်သစ် ဆရာတော်၊ သရက်တောကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး)