Illuminati ခေါ် အလင်းတော်ဂိုဏ်းအကြောင်း

အလင်းတော်ဂိုဏ်းလို့ ပြောလိုက်တာနဲ့ လူတော်တော်များများက အမေရိကန်တစ်ဒေါ်လာတန်ပေါ်က တြိဂံချွန်ပုံ ပိရစ်မစ်နဲ့ မျက်လုံးပုံကို ပြေးမြင်မိကြမှာပါ။

သူတို့ဟာ သူတို့ကိုသူတို့ အရာအားလုံးကို မြင်နိုင်တယ်, အရာအားလုံးကို သိနိုင်တယ်, အရာအားလုံးထက် စွမ်းအားရှိပြီး အရာအားလုံးကို လိုအပ်သလို ပြောင်းလဲနိုင်တယ်လို့ သတ်မှတ်ထားကြပါတယ်။

လူတော်တော်များများက ဒီဂိုဏ်းအကြောင်းနဲ့ ပတ်သက်ရင် သို့လောသို့လော ကြားဖူးနားဝရှိဖူးတတ်ကြပေမယ့် ဒီကနေ့အထိ ဒီဂိုဏ်းနဲ့ ပတ်သက်ပြီး ယုံတမ်းလော? ဒဏ္ဍာရီလော? ဒါမဟုတ် အယူသီးမှု သက်သက်လော? ဟုဆိုကာ ဝိဝါဒများ ကွဲပြားလျက်ရှိနေကြဆဲပါ။

ဒီတော့ ဒီအသင်းကြီးနဲ့ ပတ်သက်လို့ စာအုပ်စာပေတွေမှာ ဘယ်လို ဆိုလဲဆိုတာ လေ့လာကြည့်ကြပါမယ်။

အလင်းတော်ဂိုဏ်း မပေါ်ပေါက်ခင် နှစ်တွေမှာ ဗာတီကန်ဘာသာရေးအယူအဆနဲ့ သိပ္ပံပညာဟာ တိုက်ပွဲတွေဖြစ်ခဲ့ကြပါတယ်။ တချို့က ဘုရားသခင်ကိုယုံကြည်ပြီး တချို့က သိပ္ပံပညာကိုယုံကြည်ကြတယ်။ သိပ္ပံပညာသာလျှင် ဖန်ဆင်းရှင်(God)အသစ်ဖြစ်တယ်လို့ ကြွေးကြော်လာခဲ့ကြတယ်။ အဲဒီလိုကြွေးကြော်လာကြတဲ့လူတွေဟာ ဒီလျှို့ဝှက်အဖွဲ့အစည်းကိုတည်ထောင်ခဲ့ကြပါတယ်။

ဂိုဏ်းနာမည်က “အလင်းတော်ဂိုဏ်း(Illuminiti)´´ပါတဲ့။ ဒီတော့ Illuminati အသင်းအကြောင်းကို ပိုမိုသိရှိဖို့အတွက် ဒီလျို့ဝှက်အသင်းကြီးရဲ့ မြစ်ဖျားခံရာ မူလဇစ်မြစ်ကို လေ့လာကြည့်ရအောင်လား…။

‘Order of the Illuminati’ ကို ဂျာမနီနိုင်ငံ အင်ဂိုစတက်မြို့တွင် မေလ ၁ ရက် ၁၇၇၆ ခုနှစ်တွင် ပရော်ဖက်ဆာ Adam Weishaupt မှ တည်ထောင်ခဲ့ပါတယ်တဲ့။

အသင်း၏ ရည်ရွှယ်ချက်ကတော့ အများသိကြသလိုပဲ ပြည်သူလူထု တော်လှန်ပုန်ကန်ခြင်းကို အားပေးအားမြောက်ပြုရန်နှင့် သက်ဦးဆံပိုင်ဘုရင်စနစ်ကို အဆုံးသတ်စေရန် ရည်ရွှယ်ခဲ့ကြခြင်းဖြစ်ပါတယ်။

စတင်ဖွဲ့စည်းစဉ်က အယူသည်းမှုများ ပပျောက်ရေး, လျို့ဝှက်သတင်းများ ဖော်ထုတ်ရေး တို့အတွက် ဦးတည်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ဦးတည်ချက်နဲ့ ဆန့်ကျင်မှန်း မသိဆန့်ကျင်ပြီး ကမ္ဘာ့ အလျို့ဝှက်ဆုံး အထူးဆန်းဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်သွားခဲ့ရပါတယ်။
နောက်ပြီး ဒီအသင်းကြီးဟာ လူအများသိထားကြသလို ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းတစ်ခုမဟုတ်ပဲ စတင်တည်ထောင်စဉ်ကတည်းက နိုင်ငံရေး စီးပွားရေးအပေါ်မှာ ဘာသာရေးလွှမ်းမိုးမှု မရှိစေရေး ဦးတည်ခဲ့သော အဖွဲ့အစည်းဖြစ်ပါတယ်။

အသင်းဝင် ၅ ယောက်ဖြင့်စတင်တည်ထောင်ခဲ့သော လျို့ဝှက်အသင်းကြီးဟာ ၁၇၈၀ ခုနှစ်အရောက်တွင် အသင်းသား ၆၀ ခန့်ရှိသည်အထိ တစ်ဖြေးဖြေးအင်အားကြီးမား လာခဲ့ပါသည်။

Adolph Freiherr Knigge နဲ့ ပူးပေါင်းမိချိန်မှာတော့ အသင်းဝင်ပေါင်း ၃၀၀ ကျော်အထိ ကြီးမားခဲ့ပါသည်။
ပရော်ဖက်ဆာ Weishaupt နှင့် Knigge တို့ပူးပေါင်းပြီး နောက်ပိုင်းမှာ အသင်းကြီးဟာ ပိုပိုပြီးပဟေဌိဆန်လာပြီး အဆမတန်လည်းကြီးမားလာခဲ့သလို ထိပ်သီးပုဂ္ဂိုလ်တော်တော်များများလည်း အသင်းထဲမှာ ပါဝင်လာကြပါတယ်။

အသင်းကြီးရဲ့ လျို့ဝှက်ပြုလုပ်တဲ့ အစည်းအဝေးတွေမှာလည်း ပရော်ဖက်ဆာအပါအဝင် ခေါင်းဆောင်ပိုင်းလူနည်းစုသာ တက်ရောက်ခွင့်ရကြပြီး ဝတ်ရုံရှည်ကြီးများ တစ်ကိုယ်လုံးလွှမ်းခြုံတတ်ရောက်ကြရပါတယ်။ ၁၇၈၄ ဧပြီတွင်မူ လျို့ဝှက်ကြံစည်မှုတစ်ခုအကြား ပရော်ဖက်ဆာ Weishaupt နှင့် Knigge တို့ အငြင်းပွားရာက Knigge ဟာ နှုတ်ထွက်သွားခဲ့ပါတယ်။

၁၇၈၅ ခုနှစ်၌ မြို့စားကြီး Karl Theodor မှလည်း အင်အားကြီးမားလာပြီး ၎င်းတို့၏ အုပ်ချုပ်မှုစနစ်ကို ခြိမ်းခြောက်လာသော Illuminati အဖွဲ့ကြီးကို တရားဥပဒေနှင့် ဆန့်ကျင်သော အဖွဲ့အစည်းအဖြစ်ကြေငြာပြီး တားမြစ်သုတ်သင်မှုများ စတင် ပြုလုပ်ပါတော့တယ်။

ဒီလိုနဲ့ အာဏာပိုင်တွေရဲ့တားဆီးမှု၊ အသင်းဝင်တွေရဲ့ သစ္စာဖောက်မှုတွေကြောင့် Illuminati အသင်းကြီးတည်ထောင်ပြီး ၁၃ နှစ်ခန့်အကြာ ၁၇၈၉ ခုနှစ်မှာ အသင်းကြီးကို ဖျက်သိမ်းလိုက်ကြပါတော့တယ်။

ဖျက်သိမ်းလိုက်တယ် ဆိုသော်လည်း အများစုက ခေတ္တခဏမျ ခြေရာဖျောက်သွားခြင်းသာဖြစ်ပြီး ယနေ့အချိန်အထိ လျို့ဝှက် ရှိနေကြောင်း ယုံကြည်နေကြဆဲပါ။ စာရေးသူအပါအဝင်ပေါ့။ ဘာကြောင့်လဲဆိုတော့ ၁၇၈၉ နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အဖြေမပေါ်သော နိုင်ငံရေးလုပ်ရှားမှု တော်တော်များများမှာ အသင်းတော်ရဲ့ ခြေစလက်နတွေကို တွေ့နေရလို့ပါပဲ။ ထင်ရှားတဲ့ ဖြစ်ရပ်တွေအနေနဲ့တော့ ဝါတာလူး စစ်ပွဲ၌ နာပိုလီယံ ကျဆုံးရတာနဲ့ ၁၉၆၃ ခုနှစ် အမေရိကန် သမ္မတ ဂျွန် အက်ဖ် ကနေဒီ လုပ်ကြံခံ ခဲ့ရတာတွေဟာ Illuminati ရဲ့ လက်ချက်လို့ ဆိုကြပါတယ်။

နောက်ပြီး လက်ရှိအချိန်အထိ အစိုးရအဖွဲ့ အစည်းအသီးသီးနဲ့ Vertican City, NATO, UN နှင့် ဟောလိဝုဒ် အကျော်အမော်တွေအထိ ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတော်တော်များများလည်း တွေ့နေရပါတယ်။

အရေးကြီးဆုံးကတော့ အသင်းရဲ့ အမှတ်တံဆိပ်ကိစ္စပါ။ မူလအမှတ်တံဆိပ်ဟာ အခုသိနေကြတဲ့ All-Seeing Eye တံဆိပ်မဟုတ်ပဲ ရိုမန်ဒဏ္ဏာရီမှ ‘Owl of Minerva or Owl of Athena’ ဇီးကွက်အမှတ်တံဆိပ် ဖြစ်တယ်လို့ဆိုကြပါတယ်။
အခုသိကြတဲ့ All-Seeing Eye ဆိုတဲ့ မျက်လုံးနှင့်ပိရမစ်ပုံတံဆိပ်ကတော့ နောက်ပိုင်းမှ ပြောင်းလိုက်ကြတာပါ။

“မျက်လုံး´´က“သိမြင်ခြင်း´´ဆိုတဲ့ဥာဏ်ပညာအလင်းကို ကိုယ်စားပြုပြီး မျက်လုံးနှင့် ပိရမစ်တံဆိပ်ကို(Trinacria)လို့ခေါ်ပါတယ်။ အမေရိကန်ဒေါ်လာ စက္ကူဒီဇိုင်းရေးဆွဲစဉ်က အဲဒီတံဆိပ်ကိုထည့်ဖို့ ဒုတိယသမ္မတ ဟင်နရီဝေါလေ့(စ်)က အမေရိကန်သမ္မတကြီး ရုစဗဲ့ကို တိုက်တွန်းခဲ့တယ်ဆိုပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ဦးလုံးကို အလင်းတော်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေလို့ လူအချို့က ယုံကြည်ကြတာ ဖြစ်ပါတယ်။ ဒီတော့ အလင်းတော်ဂိုဏ်းလို့ ခေါ်တဲ့ ဒီအသင်းကြီးဝါ ဒီနေ့အချိန်ထိ အမှန်တကယ်ရှိသေးလား ဒါမှမဟုတ် စိတ်ကူးယာဉ်မျသာလား ဆိုတာကတော့ ဆက်လက်အဖြေထုတ်ကြရဦးမှာပဲ ဖြစ်ပါတယ်။

တနိုင်းခ