ဆန်းပြားသောရောဂါများအတွက် ဆေးတစ်ခွက်

ထူးထွေဆန်းပြားသောရောဂါများ၊ ဆေးမတိုးဘဲဖြစ်နေသောရောဂါများအတွက် ထိုနည်းကလေးမှာ အထူးပင် အသုံးတည့်လိမ့်မည်ဖြစ်ပါကြောင်း

ကျွန်မတွင် အသက်အရွယ် အတော်ကြီးရင့်နေပြီဖြစ်သော ဖခင်ကြီးရှိပါသည်။ သက်ကြီးရွယ်အိုတို့၏ သဘာဝအတိုင်း ဖခင်ကြီးမှာ ကျန်းမာရေးတစ်ခုပြီးတစ်ခု ချူချာစ ပြုလာပြီဖြစ်ပါသည်။

ယခင်က လွန်စွာ သန်မာဖျတ်လတ်ခဲ့သော ဖခင်ကြီးမှာ တဖြည်းဖြည်းနှင့် လူအိုကြီးဘဝသို့ ရောက်မှန်းမသိ ရောက်လာခဲ့ပြီ ဖြစ်ပါသည်။

အအိပ်ပျက်လျှင် အစားလည်း ပျက်လာတတ်ပါသည်။ အစားပျက်လျှင် အားနည်းပြီး နာဖျား လွယ်ပါသည်။ နာဖျားလျှင်လည်း တညည်းညည်းနှင့် မအိပ်နိုင်ပြန်တတ်ပါ။ ထိုသို့လျှင် ဖခင်ကြီးမှာ ကျန်းမာရေးအညံ့ဘက်သို့ ပို၍ ရောက်လာပါသည်။

တလောတုန်းကတော့ တော်တော်လေး ဆိုးသွားပါသည်။ စိုးရိမ်ရလောက်အောင် ဖြစ်သွားပါ သည်။ ကျွန်မတို့လည်း ဆရာဝန်ကိုလည်းပြ၊ တတ်သမျှ မှတ်သမျှဖြင့် ဖခင်ကြီးကို ပြုစုကြပါသည်။

တစ်ခု ကံကောင်းသွားသည်မှာ ကျွန်မက ဆရာဇင်ယော်နီ၏ ဗေဒင်သင်တန်းသို့ တက်ရောက်၍ အဘမင်းသိင်္ခ၏ ပညာရပ်များကို သင်ယူထားပြီး စက်ချုပ်လုပ်ငန်းတစ်ဖက်ဖြင့် ဗေဒင်လေ့ကျင့်ဟော ပြောနေသူဖြစ်ပါသည်။

ထို့ကြောင့် ဖခင်ကြီး၏ ကျန်းမာရေးအတွက်လည်း ဆရာသင်ပြထားသည့်အတိုင်း တဲရော့ကတ်ပြား နံပါတ်(၈)၊ စွမ်းအားရှင်ဟူသော ကတ်ပြားကလေးကို မိတ္တူ(၈)ရွက်ကူးပြီး ဖယောင်းတိုင်တစ်တိုင်စီတွင် တစ်ရွက်စီ ကပ်ပါသည်။

တစ်ညလျှင် တစ်တိုင်နှုန်း မီးထွန်းပြီး ဖခင်ကြီးအတွက် ဆုတောင်းပေးရာ အထူးပင် သိသိသာသာ အကျိုးထူးသည်ကို လက်တွေ့သိလိုက်ရပါသည်။

ထူးထွေဆန်းပြားသောရောဂါများ၊ ဆေးမတိုးဘဲဖြစ်နေသောရောဂါများအတွက် ထိုနည်းကလေးမှာ အထူးပင် အသုံးတည့်လိမ့်မည်ဖြစ်ပါကြောင်း ကျန်းမာရေးဒါန မျှဝေလိုက်ရပါသည်ရှင် …။

မိုးသရဝဏ်ခိုင်(အယူတော်မင်္ဂလာ)

(အင်းစိန်)