ဘုန်းကြီးကျောင်းသားနှင့် သူခိုးရန်ကာကွယ်နည်း

ဘုန်းကြီးကျောင်းတွင်နေ၍ ကျွန်တော် ကျောင်းတက်ခဲ့စဉ်တုန်းက ဖြစ်သည်။ ကျောင်းဖွင့်သည့် တစ်နေ့သ၌ ကျောင်းတက်ခေါင်းလောင်းထိုး၍ နိုင်ငံတော်သီချင်းဆိုပြီးသည်နှင့် အတန်းပိုင်ဆရာမ ရောက်ရှိလာ၏။
“မင်္ဂလာပါ ဆရာမ”
“မင်္ဂလာပါ တပည့်တို့”
ဆရာနှင့် တပည့်များ အပြန်အလှန် နှုတ်ဆက်ကြပြီးနောက် –
“ထိုင်ကြ ထိုင်ကြ တပည့်တို့ … တပည့်တို့ကို ဆရာမရဲ့ ကိုယ်တွေ့အဖြစ် အပျက်လေးတစ်ခု ပြောပြမယ်”
ဆရာမပြောလာမည့် အကြောင်းအရာတစ်ခု အား ကျွန်တော်အပါအဝင် တစ်ခန်းလုံးရှိ ကျောင်းသူကျောင်းသားများသည် အာရုံစိုက်၍ နားစွင့်နေကြပါ၏။ အပ်ကျသံပင် ကြားနိုင်လောက်သည်အထိ တစ်ခန်းလုံး ခေတ္တမျှ ငြိမ် သက်သွားကြပါသည်။ တိတ်ဆိတ်မှုအား တည်ငြိမ်အေးချမ်းသော ဆရာမ၏ စကားသံက စတင်၍ ဖြိုခွင်းလိုက်ပါသည်။
“လူသားတိုင်း အမြဲစောင့်ထိန်း သင့်တဲ့ ငါးပါးသီလဆိုတာကို တပည့်တို့ သိကြလား”
“သိပါတယ် ဆရာမ”
တစ်ခန်းလုံးက သံပြိုင်၍ ဖြေလိုက်ကြသည်။
“ဟုတ်ပြီ ငါးပါးသီလမှာပါတဲ့ အဒိန္ဒာဒါန ဆိုတဲ့ သီလသိက္ခာပုဒ်ကို ဝေရာမဏိ ရှောင်ကြဉ်ရမယ်ဆိုတာရော သိကြလား”
အမေးစကား၏ အနောက်တွင် –
“သိပါတယ်ဆရာမ”ဟု ပြိုင်တူဖြေနေကြ သော်လည်း ပြည့်စုံမှုရှိစေရန်အတွက် မတ်တပ်ရပ် ၍ လက်ကိုပိုက်ပြီးနောက် ကျွန်တော်သည် –
“သူတစ်ပါးက မပေးဘဲ ခွင့်မပြုဘဲ သူတစ်ပါးပစ္စည်းအား ယူဆောင်ခြင်း၊ ခိုးယူခြင်းဆိုတာကို ပြောတာပါ ဆရာမ”ဟု ဖြေဆိုလိုက်ပါသည်။
“သိပ်တော်တာပဲ … မောင်ခိုင်မင်းဇော်က ကံငါးပါးအကြောင်းကို တော်တော်လေးသိနေတာပဲ။ ငါ့တပည့်က ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး တော်တော် နှံ့စပ်တာပဲ။ သားအတွက် ဆရာမဂုဏ်ယူပါတယ်ကွယ်”
တစ်ခန်းလုံး ကျောင်းသား ကျောင်းသူများသည် ဗုဒ္ဓဘာသာဝင်များသာ ဖြစ်၏။ သို့သော် ဘာသာတရားနှင့် ထိတွေ့ဆက်ဆံမှု နည်းသောကြောင့် ဘာသာရေးအခြေခံကို အကြမ်းဖျဉ်း သဘောမျှသာ သိကြပါသည်။
ကျွန်တော်တစ်ဦးတည်းသာ ဘုန်းကြီးကျောင်း နေပြီး ကျောင်းတက်နေခဲ့သူမို့ ဗုဒ္ဓဘာသာ၏ သိက္ခာ သုံးရပ်ဖြစ်သော သီလ၊ သမာဓိ၊ ပညာကို လေ့လာ ကျက်မှတ်ခဲ့ဖူးခြင်း ဖြစ်သည်။ ဘုန်းကြီးကျောင်း တွင် ကျွန်တော့်ကဲ့သို့ပင် နေထိုင်သော ကျောင်း သားအိုကြီးဖြစ်သည့် ကပ္ပိယကြီး ဦးဘုန်းဝေလည်း ရှိပါသည်။ ကပ္ပိယကြီးဦးဘုန်းဝေသည် သူကိုယ်တိုင် လေ့လာ ဆည်းပူးခဲ့သမျှသော လောကီလောကုတ္တရာ ဆိုင်ရာ သိဖွယ်မှတ်ရာ ဗဟုသုတ ဖြစ်ဖွယ်ရာများကို ကျွန်တော့်အား သင်ကြားပေးနေ၍လည်း ဖြစ်ပါ၏။
ထို့ကြောင့်လည်း စာသင်ခန်းတွင် ဆရာ၊ ဆရာမ မေးလိုက်သည့် ဘာသာရေးနှင့် ပတ်သက် သမျှသော မေးခွန်းတိုင်းကို ကျွန်တော်ဖြေဆိုနိုင် ပြီးဖြစ်နေ၏။
“ညတုန်းက ဆရာမရဲ့ အိမ်ကို သူခိုးဝင် တယ်။ ဆရာမ စီးနေကျ စက်ဘီးလေးကို ခိုးသွားတယ်လေ”
“စိတ်မကောင်းပါဘူး ဆရာမ”
ဆရာမ၏ စက်ဘီး လူခိုးအခိုးခံရသည်ဆို၍ စိတ်မကောင်းဖြစ်ကြရပါသည်။
“အမှုဖွင့်ပြီး သက်ဆိုင်ရာကို တိုင်ကြား လိုက်တော့ မနက်မိုးလင်းလင်းချင်းပဲ သူခိုးကို ဖမ်း မိတယ်။ စက်ဘီးလည်းပြန်ရတယ်”ဟု ပြောလေ၍-
“ဝမ်းသာလိုက်တာ”
သူခိုးကိုမိပြီး စက်ဘီးကိုပါပြန်ရသည်ဆို၍ အားလုံးက ဝမ်းသာကြပါသည်။ ဝမ်းသာမှုအား ပြန် လည်ဝေမျှနေသော ဆရာမကိုယ်တိုင်မှာတော့ ဝမ်း သာနိုင်ခြင်း မရှိပေ။ ဆရာမ၏ မျက်နှာပြင်တွင် ဝမ်းသာမှု အနေအထား လုံးဝမရှိ။ ဝမ်းနည်းခြင်း အရိပ်အယောင်များသာ အထင်အရှားပေါ်လွင်နေပါ ၏။ ထို့အပြင် မျက်ရည်များပင် ရစ်ဝဲနေပါသေး၏။ သူခိုးကိုမိပြီး စက်ဘီးပြန်ရပေမယ့် ဝမ်းနည်းစရာ အကြောင်းများ ရှိနေလိမ့်မည်ဟု ကျွန်တော်ခန့်မှန်း မိပါသည်။
“ဆရာမရဲ့ စက်ဘီးကို ခိုးတဲ့သူကတော့ အခြားသူ မဟုတ်ပါဘူး။ ဆရာမ စာသင်ပေးခဲ့ဖူးတဲ့ တပည့်လေးတစ်ယောက်ပါပဲ။ သူ့ရဲ့ကလေး နေ မကောင်းဖြစ်နေတော့ ဆေးခန်းပြစရာ ငွေမရှိလို့ ကြံမိကြံရာကြံပြီး ဆရာမရဲ့ စက်ဘီးကို ခိုးမိတာလေ။ သူ့ကို ဘယ်လိုလုပ်ပြီး အရေးယူအပြစ်ပေးရပါ့မလဲ ကလေးတို့ရယ်၊ မလွှဲသာလို့ တစ်ကြိမ်တစ်ခါ မိုက်မဲ မိတဲ့ တပည့်ကို ဘယ်ဆရာ၊ ဆရာမက ကြီးလေး တဲ့ အပြစ်ပေးရက်ပါ့မလဲ”
ဝမ်းနည်းမှုအပူလား၊ ကရုဏာတရား လားတော့ မသိပေ။ ထိုခံစားမှုမျိုးကား ကူး စက်လွယ်သည်ဟု ကပ္ပိယကြီး ဦးဘုန်းဝေက ပြောပြဖူးပါ၏။ တကယ့်လက်တွေ့ အခြေအ နေတွင်လည်း ကျွန်တော် အပါအဝင်ကျောင်းသူကျောင်း သားအချို့ မျက်ရည်များ ရစ် ဝဲခဲ့ကြပါသည်။
“တပည့်တွေအပေါ် စာနာစိတ်မရှိတဲ့ ဆရာဆိုတာ လောကမှာ မရှိဘူးကလေးတို့ ရယ်၊ စက်ဘီးခိုးတဲ့ တပည့်လေးကို အပြစ်က ကျေအေးပေးလိုက်ပြီး နောက်တစ်ခါ အပြစ် မကျူးလွန်ဖို့ ဆုံးမလိုက်တယ်။ မကျန်းမမာ ဖြစ်နေတဲ့ ကလေးလေးကိုလည်း ဆရာမကိုယ်တိုင် ဆေး ခန်း ပို့ပေးလိုက် တယ်။ လိုအပ်တဲ့ ဆေးကုသစရိတ်ကိုလည်း ဆရာမ ပဲ လှူလိုက်တယ်လေ။
စက်ဘီးခိုးမိတဲ့ တပည့်ကို စာနာစိတ်မထား ဘဲ အရေးယူ အပြစ်ပေးလိုက်မယ်ဆိုရင် သူနဲ့ သူ့ မိသားစု ဘဝရေစုန်မျောပြီပေါ့။ လောကမှာ စာနာ စိတ်ထားပြီး ပြုမူနေထိုင်ရင် ရုံးတွေ၊ ဂါတ်တွေ၊ အချုပ်တွေ၊ ထောင်တွေ ရှိလာမှာ မဟုတ်ဘူးလေ”
အဲဒါကြောင့် ကိုယ်ချင်းစာနာစိတ် ဆိုတာ တပည့်တို့လည်း ရှိနေရမယ်နော်”
ကျောင်းစာသာမကဘဲ ဘာသာရေးနှင့် ပတ် သက်သော အသိပညာများ၊ လူမှုရေး နယ်ပယ်က ဘာသာရေးနှင့် ပတ်သက်သော အသိပညာများ၊ လူမှုရေးနယ်ပယ်က ဝတ္တရားများကိုပါ သင်ပြ၍ ညွှန် ကြားပေးလေသော ဆရာမကို လက်အုပ်ချီ၍ ဦးညွှတ် ကန်တော့လိုက်ပါ၏။
“စက်ဘီးခိုးတာက ကိုယ့်ရဲ့ တပည့်လေး မို့ ဆရာမက စာနာသနားစိတ်နဲ့ ခွင့်လွှတ်ကျေအေး ပေးလိုက်တာလေ။ အခြားသူတစ်ဦးတစ်ယောက်ဆို ရင်တော့ သူတောင်ကိုယ်ချင်းမစာဘဲ ခိုးသေးတာ။ ကိုယ်လည်း ဘယ်သနားပါ့မလဲ။ အမှုဖွင့်အရေးယူ ပစ်မှာပေါ့။ အဲဒီလိုလည်း မဖြစ်သင့်ဘူးနော်၊ ဘယ် သူမဆို၊ ဘယ်သူက ဘယ်သူ့ကိုပဲဖြစ်ဖြစ် စာနာ စိတ်ဆိုတာ လူသားတိုင်း ရှိနေရမယ်လို့ ပြောပြချင် တာပါ” ဟုပြောရင်း စကားကို နိဂုံးချုပ်လေ၏။
ညနေကျောင်းဆင်း၍ ဘုန်းကြီးကျောင်းသို့ ပြန်ရောက်ချိန်ထိတိုင် ဆရာမ ပြောပြသော စာနာ စိတ်ဆိုသည်မှာ ကျွန်တော့်ရင်ထဲ စွဲထင်နေပါ၏။ ထို့ကြောင့်လည်း ကပ္ပိယကြီးဦးဘုန်းဝေအား စာနာ စိတ်နှင့် ပတ်သက်သော ကိုယ်ချင်းတရားကို မေး ကြည့်မိပါသည်။ ကပ္ပိယကြီး ဦးဘုန်းဝေက –
“ကိုယ်ချင်းစာနာစိတ် ထားနိုင်ရင် ခုဘဝ လည်းကောင်းမယ်၊ နောင်ဘဝလည်း ကောင်းမယ်၊ ဆောင်ပုဒ်လေးကတော့ ခုနောင်ကောင်းဖို့ ချမ်းသာ ဖို့ ကိုယ်ချင်းစာတရားထားကြစို့တဲ့။ မှတ်ထားပေါ့ ကွာ၊ ကိုယ်ချင်းစာတရားနဲ့ ပတ်သက်ပြီး မဟာဝဂ္ဂ သံယုတ်၊ ဝေဠုဒွါရသုတ်မှာ မြတ်စွာဘုရားရှင် ဟော ကြားထားတာ အထင်အရှားရှိနေတာပဲ။
အခါတစ်ပါးမှာ မြတ်စွာဘုရားရှင် ကိုယ်တော် မြတ်ကြီးကို ဝေဠုဒွါရ ရွာသားများက မေးလျှောက် တယ်။
မြတ်စွာဘုရား …တပည့်တော်တို့အား ယခု ဘဝမှာလည်း မိသားစုနဲ့ ပျော်ရွှင်စွာနေရပြီး နောင် ဘဝမှာလည်း ကောင်းရာသုဂတိသို့ ရောက်စေနိုင် သော တရားမျိုးကို ဟောကြားပါဘုရားတဲ့။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက-
“ဒါယကာတို့ အောက်ပါကိုယ်ချင်းစာတရား ခုနစ်ပါးကို ကိုယ်တိုင်လည်း ကျင့်သုံး၊ သူတစ်ပါး ကိုလည်း ကျင့်သုံးခိုင်းပြီး၊ ထိုကျင့်သုံးခြင်းရဲ့ ဂုဏ် ကျေးဇူးကို ပြောဆိုကြမည်ဆိုလျှင် သင်တို့ရဲ့ ဆန္ဒ အတိုင်း ခုဘဝမှာလည်း မိသားစုနဲ့ ပျော်ရွှင်စွာ နေ ထိုင်နိုင်ပြီး နောင်ဘဝမှာလည်း ကောင်းရာ သုဂတိ သို့ ရောက်ကြလိမ့်မယ်”လို့ ဟောကြားတော်မူ ခဲ့တယ်။
အဲဒီကိုယ်ချင်းစာတရား ခုနစ်ပါးကတော့-
(၁) သူ့အသက်အား သတ်လိုငြား စဉ်းစား ကိုယ်ချင်းစာ
(၂) သူ့ဥစ္စာများ ခိုးလိုငြား စဉ်းစားကိုယ်ချင်း စာ
(၃) သူ့များမယား မှားလိုငြား စဉ်းစားကိုယ် ချင်းစာ
(၄) လိမ်ညာစကား ပြောလိုငြား စဉ်းစား ကိုယ်ချင်းစာ
(၅) ကုန်းချောစကား ပြောလိုငြား စဉ်းစား ကိုယ်ချင်းစာ
၆။ ဆဲရေးစကား ပြောလိုငြား စဉ်းစားကိုယ်ချင်းစာ
(၇) တင်းဖျင်းစကား ပြောလိုငြား စဉ်းစား ကိုယ်ချင်းစာ
ကိုယ်ချင်းစာတရား ခုနစ်ပါး ဟောကြားမြတ် ဗုဒ္ဓါ။
လိုက်နာကျင့်လျှင် မျက်မှောက်တွင် ပျော်ရွှင် ချမ်းသာရာ။
သေပြန်လျှင်လည်း မှန်မလွဲရမြဲ နတ်ချမ်း သာ။
ချမ်းသာကိုရှာ များသူငှာ လိုက်နာကျင့်အပ် စွာ။
ကပ္ပိယကြီး ဦးဘုန်းဝေသည် ကိုယ်ချင်းစာ တရား ခုနစ်ပါးနှင့် အကျိုးကျေးဇူးတရားပါဝင်သော သံပေါက်ကဗျာလေးကို ရွတ်ဆိုပြပါ၏။ မြတ်စွာ ဘုရားရှင်ဟောကြားတော်မူခဲ့သည်လည်း ဖြစ်ပြီးဆို လို ရွတ်လို့ပါကောင်းသော ထိုသံပေါက်ကဗျာလေး ကို မှတ်စုစာအုပ်ထဲ၌ ကျွန်တော်ရေးမှတ်ထားလိုက် ပါသည်။ ထိုသို့ ရေးနေရင်းမှ ကိုယ်ချင်းစာနာစိတ် ထားရှိရန် ညွှန်ကြားသင်ပြပေးခဲ့သော ဆရာမကို လည်း မြင်ယောင်လာမိ၏။ ထို့အတူ ဆရာမအိမ် သို့ သူခိုးဝင်သည့် အကြောင်းကိုပါ ကပ္ပိယကြီး ဦးဘုန်းဝေအား ပြန်လည်၍ ပြောပြမိရာ-
“သူခိုးရန်ဘေး ကင်းစင်ဝေးအောင် လုပ် ဆောင်ရတာ လွယ်လွယ်လေးပါ ကောင်လေးရယ်၊ ခြံစည်းရိုးထောင့်လေးထောင့်မှာ မနက်စောစော ကျီး မနိုးခင် ဘယ်သူမှမသိအောင် ကြက်သွန်ဥ တစ်ဥစီ လိုက်မြှုပ်ထားရမယ်။ ကြက်သွန်ဆိုတာ ဗေဒင် နည်းအရ(၂-၆)အတွဲပေါ့။ သူခိုး (၆-၂)ရဲ့ ဓာတ် ပြန်သဘောပဲ။ အဲဒါကြောင့် ခြံထောင့်လေးထောင့် မှာ ကြက်သွန်ဥတစ်ဥစီ လိုက်မြှုပ်ရတယ်။ တစ်ခုမြှုပ် တိုင်း သူခိုးရန်ကင်းဝေးပြီး သူခိုးပြေးစေတဲ့ မန္တန်ကို ခုနစ်ခေါက်ရွတ်ရတယ်။ အဲဒီ မန္တန်ကတော့ စူဠပန္ထက ကတ္ထေယ ဇာတ်တော်မှာလာတဲ့ ဃဋ္ဋေသိ ကိံကရဏ ဃဋ္ဋေသိ ကိံ ကရဏာ ဃဋ္ဋေသိ အဟမ္ပိ ထံ ဇာနာမိ ဇာနာမိ”
အဓိပ္ပာယ်ကတော့ကွာ “ချုပ်ချယ်ပြစ်မှား ခြင်း မပြုနဲ့၊ ချုပ်ချယ်ပြစ်မှားခြင်း မပြုနဲ့၊ ချုပ်ချယ် ပြစ်မှားတဲ့ အကြောင်းကို ငါသိတယ်၊ ငါသိတယ်”လို့ ဆိုတာပေါ့ကွာ။
ကပ္ပိယယကြီး ဦးဘုန်းဝေပြောပြသော သူခိုး ပြေးစေနည်းနှင့် သူခိုးရန်ကင်းဝေးစေသော ဓာတ် ဆင်နည်းကိုပါ မှတ်စုစာအုပ်ထဲတွင် ကျွန်တော် ရေး မှတ်လိုက်ပြန်၏။
“ဒီလိုယတြာစီရင်နည်းတွေ ဂါထာမန္တန်တွေ ကို ကပ္ပိယကြီး ဘယ်လိုတတ်မြောက်ထားတာလဲ၊ ကျွန်တော်လည်း တတ်ချင်လိုက်တာဗျာ”
ဟု ပြောလိုက်မိရာ ကပ္ပိယကြီး ဦးဘုန်းဝေ က –
“မင်းတကယ် တတ်ချင်လို့လား ကောင် လေး …”
“တကယ်ပေါ့ဗျ”
“တကယ်တတ်ချင်ရင် ဆရာကြီး မင်းသိင်္ခ ရဲ့ ဗေဒင်လက္ခဏာ ဆရာဖြစ် သင်တန်းကိုသွား အဲဒီမှာ ဗေဒင်ယတြာတွေအပြင် အစွမ်းထက်တဲ့ ဂမ္ဘီရပညာရပ်တွေကိုပါ သင်ကြားပေးနေတယ်”ဟူ ၍ တိုက်တွန်းကာ လမ်းညွှန်ခဲ့လေ၏။
သို့ပါသောကြောင့် ကျွန်တော်သည် ဆရာ သိဒ္ဓိစံ(မင်္ဂလာကုန်း)အဖြစ် ဂမ္ဘီရနာမည်ရရှိခဲ့ပြီး ကလောင်တစ်လက်ကိုပါ ပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်ပါ သတည်း။

သိဒ္ဓိစံ(မင်္ဂလာကုန်း)