ဘေးရန်ကွာဖို့ မေတ္တာပို့ကြစို့

ဗေဒင်မေးသူ၏ ကံကြမ္မာအညံ့ကြုံလျှင် စုန်း၊ နတ်၊ ကဝေများကြောင့်ဟု ထည့်သွင်းဟော ပြောနေကြသော ဗေဒင်ဆရာ၊ ဆရာမများ ရှိနေကြပါသည်။ (ဗေဒင်ဟောသည့် အချို့သော ဘုန်းကြီး ရဟန်းများပင် ထိုသို့သော ဟောချက်များ ဟော ပြောနေကြပါ၏။)
ကျန်းမာရေးမကောင်းသောသူအား ဆေးဝါးကုသချက် ထိမိအောင် မညွှန်ပြနိုင်ဘဲ စုန်းပြုစားထားသည်။ ရိုးရာနတ်အတင်မှားသည်၊ ပညာသည် အနှောင့်အယှက် ပြုထားသည်ဟူသော စသည့် ဟောချက်များ ထုတ်လေ့ရှိပါ၏။ အလုပ်အကိုင်ကိစ္စ အဆင်မပြေဖြစ်နေကြသူများအား လုပ်ငန်းဆောင်တာ အောင်မြင်စေကြောင်း ကြီးပွားချမ်းသာကြောင်း နည်းလမ်းကောင်းများ မညွှန်ပြဘဲ စုန်း၊ ကဝေ၊ ပညာသည်၊ ရိုးရာနတ်စသည်တို့ကိုသာ ယိုးမယ်ဖွဲ့၍ အကြောင်းရှာ ဟောကြားနေကြပါသည်။ ဗုဒ္ဓ၏ အဆုံးအမ၊ ဘာသာတရားကင်းကွာပြီး ပညာမဲ့ အသိုင်းအဝန်းများတွင် ထိုဟောချက်မျိုးသည် ယုံကြည်လက်ခံမှုတစ်ရပ် ဖြစ်နေပါတော့၏။
ယုံကြည်လက်ခံသင့်သော ဆရာ၏ဟောချက်မို့၊ ဗေဒင်ဟောသောရဟန်းဝတ်များ ကိုယ်တိုင် ကပင် ဟောပြောနေသည်မို့ မျက်စိစုံမှိတ်၍ မစဉ်းစားဘဲ ယုံကြည်နေကြသူများလည်း ရှိနေကြပါသည်။ ဟောကြားသူနှင့် ယုံကြည်လက်ခံသူပါ အယူလွဲပြီး အပါယ်ငရဲရောက်စေနိုင်သည့် အယူဝါဒမျိုးပင်ဖြစ်သည်။ ထို့ကြောင့်လည်း လယ်တီဆရာတော်ကြီးက –
“နဖူးစွန်းနဲ့
ဒူးပွန်းခံကာ ကိုးကွယ်ပါလည်း
ဆရာလွဲက ငရဲအပါယ်
ဝဋ်မြဲနွှယ်သည်” ဟူ၍ ဆုံးမစာကဗျာလေး ရေးဖွဲ့ညွှန်ပြ၊ သတိပေးခဲ့ခြင်းဖြစ်သည်။
ကျွန်တော်၏ မိတ်ဆွေကြီး ဗေဒင်ဆရာ ကိုကောင်းကျော်သည် ထိုကဲ့သို့သော ဟောပြောချက်မျိုးကို ယုံကြည်လက်ခံခြင်းမရှိသလို၊ ကိုယ်တိုင်လည်း ဟောပြောခြင်း မပြုပေ။ ထို့ကြောင့်လည်း ဗီဇစရိုက်ချင်းတူသည်မို့ ကျွန်တော်နှင့် ကိုကောင်းကျော်မှာ မိတ်ဆွေအပေါင်းအသင်းဖြစ်ခဲ့ရပါ၏။
“အကြောင်းကိစ္စတစ်ရပ် ကြုံလာရင် ဖြစ်စဉ်ရဲ့အရင်းအမြစ်ကို မစဉ်းစားဘဲ စုန်းတွေ၊ နတ်တွေ၊ ကဝေတွေ ပြုစားတယ်။ နှောင့်ယှက်တယ်လို့ ဘာကြောင့် ယုံကြည်နေကြတာလဲ ကိုကောင်းကျော်” ဟု ကျွန်တော် မေးဖူးပါ၏။
“အဲဒါကတော့ကွာ၊ ယုံတဲ့သူတွေကလည်း ယုံကြည်လက်ခံနေကြသလို၊ ယုံကြည်သူအကြိုက်ကို လိုက်ပြီးအကြိုက်ဆောင် ဟောပြောနေသူတွေကလည်း ဟောပြောနေကြတာကိုး။ ကိုယ်ငယ်ငယ်တုန်းက ကြုံဖူးတာလေး ပြောပြမယ်။ အဒေါ်တစ်ယောက်ရဲ့ သားကျဝက်မကြီး နေမကောင်းလို့ ဘုန်း ကြီးဆီသွားပြီး ဗေဒင်မေးကြတယ်။ စုန်းပြုစားထား တယ်ဆိုပြီး ရွာစာချခိုင်းပါလေရော”
“အဲဒီလို ရွာစာချလိုက်တော့ နေကောင်းသွား ရောလား”
“ကောင်းသွားတာပေါ့ကွာ၊ ရွာစာချလို့တော့ မဟုတ်ဘူး။ တိရစ္ဆာန်ကုဆရာနဲ့ ထိုးထားတိုက်ထားတဲ့ အဖျားပျောက်ဆေးတွေ၊ အားဆေးတွေကြောင့် ဝက်မကြီး နေကောင်းလာတာပေါ့။ ဆေးထိုးဆေး တိုက်ထားတာတွေကြောင့်လား၊ ရွာစာချလိုက်လို့ လား ဆိုတာကို မဝေခွဲကြတော့ဘဲ စုန်းပြုစားထား တယ်ဆိုတာကိုပဲ ယုံနေကြတော့တာ”
ကိုကောင်းကျော် ပြောသကဲ့သို့ပင် စုန်း၊ နတ်၊ ကဝေများကြောင့်ဟု ဟောချက်ထုတ်နေကြပါသော ဗေဒင်ဟောပြောသူများ ရှိနေကြပါသည်။ ゞင်းတို့သည် ဗေဒင်ပညာတွင် ဂြိုဟ်ပရိယာယ်နှင့် ပတ်သက်ပြီး အပြည့်အစုံလေ့လာထားခြင်း မရှိသောကြောင့် ဂြိုဟ်တို့၏ နံစဉ်အတိုင်း အဟောထုတ်ကြ ခြင်းသာဖြစ်သည်။
တနင်္ဂနွေဂြိုဟ် ညံ့ပါက-နတ်အုန်းသီး၊ အိမ် တွင်းနတ်၊ အင်းကြောင့်အညံ့ကြုံရသည်။
တနင်္လာဂြိုဟ်ညံ့ပါက-ကွင်း၊ ကဝေ၊ ကျွဲ နတ်၊ ကိုးမြို့ရှင်ကြောင့် အညံ့ကြုံရသည်။
အင်္ဂါဂြိုဟ်ညံ့ပါက-စုန်း၊ အစာမိ၊ ဆေးမိ၊ ဆေးခတ်ခံရခြင်း၊ ရှမ်းနတ်တွေကြောင့် အညံ့ကြုံရသည်။
ဗုဒ္ဓဟူးဂြိုဟ်ညံ့ပါက-ရွာသူ၊ အောက်လမ်း၊ ရိုးရာနတ်၊ မိရိုးဖလာနတ်၊ ယဇ်ပူဇော်ခြင်း(ဝက်သတ်၍လည်းကောင်း၊ ကြက်ဖို၊ ကြက်မကိုသတ်၍လည်း ကောင်း တင်မြှောက်ခြင်း)များကြောင့် အညံ့ကြုံရသည်။
ကြာသပတေးဂြိုဟ်ညံ့ပါက-ပညာသည်၊ အနောက်မယ်တော်၊ အောက်လမ်းပညာသည်၊ မြင်း ဖြူရှင်များကြောင့် အညံ့ကြုံရသည်။
သောကြာဂြိုဟ်ညံ့ပါက-ရုက္ခစိုး၊ သိုက်၊ သိုက်ပွဲပေးရခြင်း၊ သိုက်ကြိုးဖြတ်ရမည့်ကိစ္စများကြောင့်၊ သရဲတဘက်များကြောင့် အညံ့ကြုံရသည်။
စနေဂြိုဟ်ညံ့ပါက-နဂါးသိုက်၊ ကုလားနတ်၊ တလိုင်းနတ်၊ တရုတ်နတ်များကြောင့် အညံ့ကြုံရသည်။
ထိုအယူအဆများအား ဟောပြောသူများက လည်း ဟောပြောနေကြသလို ယုံကြည်သူများကလည်း ယုံကြည်လက်ခံနေကြပါ၏။
“မောင်ရင့်ကို ပြောရဦးမယ်။ ကိုယ်ငယ်ငယ် တုန်းက ကြုံဖူးတာလေးတစ်ခုပေါ့။ အသိဗေဒင် ဆရာတစ်ယောက်ဆီမှာ အမျိုးသမီးတစ်ဦးက ဗေဒင် လာမေးတယ်။ အဖော်အမျိုးသားလည်း ပါတယ်။ ဗေဒင်ဆရာက အခုခင်ဗျားယောကျာ်း၊ ခါးနာနေတာ ကျွဲနတ်နဲ့ အတိုက်ခံထားရတာ။ အဲဒါကြောင့် ခင်ဗျား လည်း ဒီမှာမပျော်ဘဲ အရင်အိမ်ကို ပြန်ချင်နေတာ” ဟူ၍ဖြစ်လေသည်။
ဟောချက်ထုတ်နေသည့် ဗေဒင်ဆရာ၏ တွက်ပြင်စာရွက်အား ကိုကောင်းကျော်လှမ်းကြည့် လိုက်သည်။ သုံးတန်ပေါ်နိစ်တွက်နည်းဖြစ်ပြီး ၅-၆-၇ တိုင် ကြာသပတေးတန်းစီးဖြစ်နေ၏။ နိစ်ကြီး ၏ ဌာနသဘောအရ ရောက်ရှိနေသော တနင်္လာအား ကျွဲဟု ယူဆ၍ အဖြေထုတ်ခြင်းဖြစ်သည်။






တိက္ခနိစ်-၂-တနင်္လာ(ကျွဲနတ်)
ဗေဒင်မေးနေသော ဇနီးမောင်နှံမှာ အသက် ချင်းကွာလှ၏။ ဇနီးမှာယောကျာ်းထက် အသက်ကြီးလွန်း၏။ ငယ်လင်ငယ်မယားမဟုတ်၊ ခါးနာနေသော အမျိုးသားမှာ ဗေဒင်မေးသော အမျိုးသမီး၏ လင်ငယ်(နောက်အိမ်ထောင်)ဖြစ်ရသည်ဟု ကိုကောင်းကျော် သိလိုက်သည်။
“ဆရာဟောတဲ့အတိုင်း ဖြစ်လိမ့်မယ်ဆရာ၊ အရင်လူက ကျွဲနတ်နဲ့တိုက်ပြီး ကျွန်မကိုပြန်ခေါ်နေတာထင်တယ်။ ညနေစောင်းတာနဲ့ ကျွန်မအိမ်ပြန်ချင်နေတယ်။ ဒီမှာနေရတာ ဝမ်းနည်းသလိုပဲ။ အလုပ်တွေ လုပ်ရတာ စိတ်မပါဘူး။ ညနေစောင်းတိုင်း ငိုချင်သလိုလို ဖြစ်နေတယ်”
လင်ငယ်ဖြစ်သူ၏ ခါးနာခြင်းကို အကြောင်းပြု၍ ဗေဒင်မေးရာ လင်ကြီးထံပြန်လိုသည့်နိမိတ်ပြစကားတို့ဖြင့် ဗေဒင်ဆရာထံမှ အတည်ပြုချက် ယူနေ၏။ ကာလ၊ ဒေသနှင့် ပုဂ္ဂလကို နားမလည်သော ဗေဒင်ဆရာက –
“ဒါကတော့ ကျွန်တော်လည်း မဖြေနိုင်သေးဘူး။ ကျွန်တော့်ဆရာ ဘုန်းကြီးရှိတယ်။ ဘုန်းကြီးကျောင်းကို လိုက်ခဲ့။ ကျွန်တော့်ဆရာတော်က စုန်းတွေ၊ ကဝေတွေ၊ နတ်တွေရဲ့ အတိုက်အခိုက်မှန်သမျှကို ဖြေနိုင်တယ်”ဟု ပြောလျက်ဘုန်းကြီးထံသို့ ခေါ်ဆောင်သွားလေ၏။ ၄င်း၏ဆရာဘုန်းကြီးသည်လည်း ထိုကိန်းကိုပင် ချ၍ ဟောသည်ဖြစ်ရာ ကျွဲနတ်ဖြင့် တိုက်ထားသည်။ ကျွဲနတ်၏ အခတ်ခံထားရသည်မို့ ခါးနာနေရခြင်းဖြစ်သည်ဟု တစ်ပုံစံတည်းသာ အဖြေထုတ်လေတော့၏။
“ဆရာရော တပည့်ပါ သင်ထားတတ်ထားတာလေးက တစ်ပုံစံတည်းမို့ ဟောချက်တွေလည်း ထပ်တူဖြစ်နေတာ မဆန်းပါဘူးကွာ။ တနင်္လာဂြိုဟ် ညံ့တာကြည့်ပြီး ကျွဲနတ်ပဲဖြစ်ရမယ်လို့ လှေနံဓားထစ် မှတ်ထားကြတာကိုး”
“ဟုတ်ရောဟုတ်လို့လား ကိုကောင်းကျော် ကျွဲခတ်တယ် ဆိုတာ”
“ဘယ်ဟုတ်ရမှာလဲ မောင်ရင်ရယ်၊ နောက်ယူထားတဲ့ လင်ငယ်က အုတ်ခဲသည်၊ ကူလီ၊ ပျိုးနုတ်၊ ကုန်ထမ်းလုပ်နေရတဲ့ အလုပ်ကြမ်းသမားမို့ ခါးနာနေတာ။ အနားလည်း မယူနိုင်။ ထိရောက်တဲ့ ဆေးဝါး ကုသမှုလည်း မခံယူရတော့ ခါးနာတာ မပျောက်ဘဲ ပိုဆိုးလာတော့တာပေါ့။ ငွေလည်းရှာမပေးနိုင်တော့ အကြွေးတင်လာတယ်။ ပထမအိမ်ထောင်လင်ကြီး ထက်သာမယ်ထင်ပြီး လင်ငယ်နောက်လိုက်လာတာလေ။ အားမကိုးရဘဲ ကိုယ်က ပြန်ပြီးတော့ ပြုစု လုပ်ကျွေးရတော့ အဲဒီလင်ကို မပေါင်းချင်တော့ဘူး။
ပထမအိမ်ထောင်ကလည်း သတင်းတွေလွှင့်နေတာ ပြန်လာခဲ့၊ ပြန်လာရင် ခွင့်လွှတ်မယ်။ အပြစ်မလုပ်ဘဲ အရင်လိုပဲ ပေါင်းသင်းမယ်ဆိုတော့ လင်ကြီးဆီပြန်ချင်နေတာ ဘာကျွဲမှမခတ်ဘူး။ လင်ငယ်ကို ထားခဲ့ပြီး လင်ကြီးဆီပြန်သွားချင်လို့ ဗေဒင်ဆရာဆီ အတည်ပြုချက်တောင်းနေတာ။ အဲဒါကို နားမလည်တဲ့ ဗေဒင်ဆရာနဲ့ ဘုန်းကြီးက ကျွဲခတ်တယ် လုပ်တာပေါ့”
ကိုကောင်းကျော်ရှင်းပြလေသောအခါ ဆရာတပည့်နှစ်ဦး၏ ကျွဲခတ်သော ဟောချက်ကို အထင်အလင်းမြင်ခဲ့ရပါ၏။
“ဗေဒင်ဟောတယ်ဆိုတာ အတွေးအခေါ် အကြံအစည်တွေအပြင်၊ ပြင်ပဗဟုသုတတွေ အများ ကြီးလိုအပ်တယ် မောင်ရင်ရဲ့” ပြောပြလေ၏။ ဆက် ၍လည်း –
“စုန်းတွေ၊ နတ်တွေရှိသည်ဖြစ်ဖြစ်၊ မရှိဘူး ပဲဖြစ်ဖြစ်၊ အဲဒီအရာတွေက အနှောင့်အယှက်ပြုလို့ အညံ့ကြုံရသည်ဆိုတဲ့ ဥပါဒါန်အစွဲတွေ မထားသင့် ဘူး။ လောကရဲ့ မျက်မြင်ဒိဋ္ဌကိုပဲကြည့်လေ။
ဆွေမျိုးဉာတိတွေအပေါ် မေတ္တာလည်းမထား၊ ပေးကမ်းချီးမြှင့်တာလည်း မရှိဘူးဆိုရင် နတ်တွေတင်မြှောက်လည်း ဘယ်ဆွေဘယ်အမျိုးမှ ကိုယ့် ကို ကူညီစောင်မမှာ မဟုတ်ဘူး။ မိဘဆရာသမားတွေအပေါ် ကျွေးမွေးလှူဒါန်းခြင်းမရှိဘူးဆိုရင် ကျေးဇူးဆပ်ရာလည်း မရောက်နိုင်ဘူး။ ရိုးရာနတ်ကို တင် မြှောက်ရုံနဲ့ မိဘကျေးဇူးမကျေဘူး။ ခင်ပွန်းကြီး ၁၀ ပါးကို ပြစ်မှားစော်ကားလို့ အကျိုးယုတ်တာပဲရှိမယ်။ ရွာစာမချလို့၊ ရိုးရာနတ်ကို မပူဇော်လို့ အကျိုးမဲ့တာ၊ ဘာသာသာသနာ၊ စာပေတွေထဲမှာ မရှိဘူး။
ကိုယ်လုပ်တဲ့ကုသိုလ်ကောင်းမှုတွေကို အမျှဝေတယ်၊ မေတ္တာပို့တယ်ဆိုရင်တော့ အကျိုးမယုတ်ဘူး။ ကိုယ့်ကိုလည်း ဒုက္ခမပေးနိုင်ဘူးပေါ့ကွာ”
“ဘယ်လိုမေတ္တာပို့ရမှာလဲ”
ကျွန်တော် မေးလိုက်သည်။
“ဝိသုဒ္ဓိမဂ်မှာလာတဲ့ မေတ္တာပို့နည်းနဲ့ပေါ့ကွာ။ ပထမ မိမိကိုယ်ကို မေတ္တာပို့ရမယ်။ ပြီးတော့ မိဘ ဆရာသမား ဆွေမျိုးညာတိတွေကို မေတ္တာပို့ရ မယ်။ ပြီးရင် အစောင့်အရှောက်နတ်တွေ ရုက္ခစိုး၊ ဘုမ္မစိုး၊ အာကာသစိုးစတဲ့ နတ်တွေကို မေတ္တာပို့ရမယ်” ဟူ၍ မေတ္တာပို့နည်း ပါဠိသုံးပိုဒ်ကို ရေးပြ လေ၏။
၁။ အဟံ အဝေရာ ဟောမိ၊ အဗျာ ပဇ္ဇော ဟောမိ၊ အနီဃောဟောမိ၊ သုခီ အတ္တာနံ ပရိဟ ရာမိ။
၂။ မာတာပိတု အာစရိယ ညာတိ မိတ္တ သမူဟာ
အဝေရာဟောန္တု၊ အဗျာ ပဇ္ဇာ ဟောန္တု၊ အနီဃာ ဟောန္တု၊
သုခီ အတ္တာနံ ပရိဟရန္တု။
၃။ အာရက္ခ ဒေဝတာ၊ ရုက္ခဋ္ဌ ဒေဝတာ၊ ဘူမဋ္ဌ ဒေဝတာ၊ အာကာသဋ္ဌ ဒေဝတာ၊ အဝေရာ ဟောန္တု၊ အဗျာ ပဇ္ဇာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိ ဟရန္တု။
ကျွန်တော်၏ မိတ်ဆွေကြီး ဗေဒင်ဆရာ ကိုကောင်းကျော်သည် ဘေးရန်ကင်းကွာစေဖို့ မေတ္တာပို့သနည်းအား စာဖြင့် ရေးပြသလို ဌာန်က ရိုဏ်းကျအောင် ရွတ်ဖတ်ပြလေ၏။ (ကိုကောင်း‌ကျော်သည် ကိုယ်တော်လေးထံတွင် သဒ္ဒါနှင့်ဆန်း ကိုသင်ယူဖူးသည်ဖြစ်၍ ဌာန်နှင့်ကရိုဏ်းအကြောင်း ကို ကျွန်တော့်အား ရှင်းပြဖူးပါ၏)
ဤမေတ္တာပို့သနည်းအား နေ့ညမပြတ် ပွားများပါက စုန်း၊ နတ်၊ ကဝေ၊ အောက်လမ်းပညာရပ်များ၏ ရန်မှ ကင်းကွာစေကြောင်းကိုပါ ကိုကောင်းကျော်က ပြောပြခဲ့လေသတည်း။

သိဒ္ဓိစံ(မင်္ဂလာကုန်း)