ကျွန်တော် နေထိုင်မကောင်းဖြစ်ပြီး အိပ်ရာထက် လဲနေခဲ့ရသည်။ အကိုက်ခဲပျောက်ဆေးသောက်ထားပေမယ့် နာကျင်မှုဝေဒနာက မပျောက်နိုင်သေးပေ။ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေပြီး ခေါင်းမထူချင်လောက်သည်အထိ လဲနေခဲ့ပါ၏။ စံပယ်ပန်းခြံထဲ၌ လုပ်လက်စ ဖြစ်သော မြေဆွခြင်း၊ မြက်နုတ်ပေါင်းရှင်းခြင်း ကိစ္စများကိုပင် ရပ်နားထားရ၏။ နံနက်ပိုင်း ပန်းခူးသည့်ကိစ္စကိုပင် အလုပ် သမားများနှင့်သာ လွှဲအပ်ထားလိုက်ရပါသည်။ အလုပ်ပင်ပန်းပြီး အားနည်း၍ ဖျားနာကိုက်ခဲနေခြင်း သည် တဒင်္ဂခဏ အာဂန္တု အဖျားဟုဆိုသော်ငြား ကျွန်တော့်အတွက်ရယ်တော့ အတော်ပင် ခံရခက် လေ၏။ မကြာခင် သက်သာပျောက်ကင်းသွားလိမ့် မည်ကို သိနှင့်ထားပါသော်လည်း ဝေဒနာကို သည်းမခံနိုင်ဘဲ အော်ညည်းလိုက်ချင်ပါတော့၏။
“ဆေးသောက်ထားပြီးပြီပဲ။ စောင်ခြုံပြီးသာ အိပ်နေ။ လိုအပ်ရင်တော့ ဆေးတစ်လုံးလောက် ထိုးပေးမယ်”
သူနာပြုသင်တန်းတက်ထားသူမို့ ဇနီးသည် မှာ လက်စွမ်းပြချင်နေပုံရသည်။ ဆေးထိုးခံရမည်စိုး၍ မညည်းတွားတော့ဘဲ ကျိတ်မှိတ်၍သာ အံကျိတ် ခံလိုက်သည်။ မအိပ်ချင်ပါဘဲ အိပ်ပျော်အောင် ကြိုးစားလိုက်ရသည်။
“ဆရာရှိလား။ ဗေဒင်မေးချင်လို့ပါရှင်”
သောက်ထားသည့် ဆေးအရှိန်ကြောင့် အိပ်ပျော်ရုံရှိသေးသည် မိန်းကလေး နှစ်ဦးရောက်လာပြီး ဗေဒင်မေးရန်အတွက် စားပွဲခုံရှေ့တွင် အသင့်စောင့်နေပါတော့၏။
အိပ်ရာထက်မှ အလူးအလဲထပြီး စောင်ခြုံ ထားလျက်ပင် သူမတို့အနီး သွားရောက်ထိုင်ပြီး –
“ဘယ်သူ မေးမှာလဲ။ အမိတို့ကိုယ်တိုင်လား၊ အခြားသူအတွက်လား”ဟု မေးလိုက်သည်။
“ကျွန်မတို့ မေမေအတွက်ပါ ဆရာ”
“မေမေ နေမကောင်းလို့ ဗေဒင်လာမေးတာပါ”ဟု ဖြေကြလေ၏။
“ကျွန်တော်ကိုယ်တိုင်လည်း နေမကောင်းဘူးဗျာ။ အမိတို့ကို အားနာလို့သာ ပြန်မလွှတ်လိုက်တာ။ ကဲ ဆိုပါဦး … အမေ ဘာဖြစ်လို့တုန်း”
“မေမေ နေထိုင်မကောင်းဖြစ်နေတာ ကြာပါပြီ။ ဆရာတွေ အထူးကုဆေးခန်းတွေ စုံအောင်ပြပေမယ့် မထူးခြားလာခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဆေးရုံတက်ရတဲ့အထိပါပဲ ဆရာရယ်၊ စိုးရိမ်စရာ မရှိတော့ဘူးဆိုပြီး ဆေးရုံက ဆင်းခွင့်ရပေမယ့် အခုထက်ထိကို အိပ်ရာထဲ လဲနေတုန်းပါပဲဆရာ”
“ဆရာဝန်တွေက ဘာဖြစ်တာလို့ ပြောလဲ”
ရောဂါအခြေအနေကို သိလို၍ သေချာ အောင် ပြန်မေးလိုက်သည်။
“ရောဂါကလည်း ထွေထွေထူးထူး မရှိဘူး တဲ့။ ရိုးရိုးပဲ အင်အားနည်းပြီး ဖျားတာလို့ ပြောတာပဲ။ အမေကတော့ အခုထက်ထိ အအိပ်ပျက်အစား ပျက်ပါပဲ ဆရာ၊ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေ လည်း သောက်တာပါပဲ။ အမေ့အသက်ကို ကယ်ပါဦး ဆရာ”
လူမမာသည် မိခင်ကြီး၏ အသက်ကို ကယ် တင်ရန် ကျွန်တော့်အား တောင်းဆိုနေကြပါ၏။ ကျွန်တော်သည် အသက်ကို ကယ်ပေးနိုင်သည့် အစွမ်းသိဒ္ဓိမျိုး မရှိပေ။ ရှိခဲ့ရင်လည်း ကျွန်တော် ကိုယ်တိုင်ဖျားနေသည့် ဝေဒနာကို အရင်ဆုံး ပျောက် ကင်းအောင် ကုသရမည် ဖြစ်သည်။
“ကဲ အမိတို့ အမေရဲ့ နာမည်ရဲ့ မွေးသက္ကရာဇ်တွေကို ပြော”ဟု တောင်းလိုက်ရာ ရေးယူလာသော စာရွက်လေးကို ထုတ်ပေးလေ၏။ အမည်နာမနှင့် မွေးသက္ကရာဇ်တို့ကို စာရွက်ဘောလ်ပင်တို့ဖြင့် ချတွက်မနေတော့ဘဲ စိတ်ဖြင့်သာ ထွက်လိုက်သည်။ ကျွန်တော့်မှာ ဘောလ်ပင်ကိုင်နိုင်လောက်သည့် အခြေအနေမျိုးမရှိပေ။ အရိုးအဆစ်များနာကျင်ကာ မနည်းပင် အားယူပြီး စကားပြောနေရခြင်း ဖြစ်၏။
“ဒီနှစ်အတွင်းမှာတော့ ခင်ဗျားတို့ အမေ ခန္ဓာပျက်ကိန်း မရှိဘူး။ နာတာရှည် သဘောမျိုးသာ ဝေဒနာခံစားရပြီး ဆေးကုသချက် မထိရောက်နိုင် သေးတာပဲရှိမယ်။ ကံညံ့နေချိန်လေး ကျော်သွားရင် နေထိုင်ကောင်းမှာပါ”
ဗေဒင်ကိန်းဂဏန်၏ သဘောအရ အဖြေထုတ်ပေးလိုက်သည်။
“မြန်မြန်နေကောင်းအောင် ယတြာမရှိဘူးလား ဆရာရယ်၊ ဆေးကုသချက် ထိမိအောင်ပေါ့။ ဆေးဝါးကုသလို့ ရောဂါအမြန်ပျောက်ကင်းအောင် ကံဆိုးကံညံ့ ပြေစေမယ့် ယတြာပေါ့ရှင်”ဟု ပြောလာ၍ ခုနစ်ရက်သားသမီးများအတွက် ကျန်းမာရေး ကောင်းစေသော အာယုဂြိုဟ် ဓာတ်ကြိုက်ဖြစ်စေ သော ယတြာများကို ကျွန်တော် စဉ်းစားမိလေ၏။ ထို့ကြောင့်လည်း
“ယတြာတော့ရှိတယ်။ ကျွန်တော်တော့ ရေး မပေးနိုင်ဘူး။ အမိတို့ ကိုယ်တိုင်ပဲ ရေးမှတ်သွားပေါ့”ဟု ပြောလိုက်လျှင် –
“ကဲညီမလေး …နင်ပဲ ရေးလိုက်။ နင်က လက်ရေးလှတယ်” အစ်မဖြစ်သူက ညီမအား ရေး ခိုင်းလေတော့၏။ စာရွက်နှင့် ဘောလ်ပင်ကို ပေးလိုက်ပြီး –
“ဘယ်သူမဆို ကျန်းမာရေး မကောင်းဖြစ်နေရင် အမြန်ဆုံး နေထိုင်ကောင်းစေဖို့ ယတြာချေနည်းရှိတယ်။ အဲဒီယတြာတွေကြောင့် ဆေးဝါးကုသလို့ ထိရောက်မယ်။ ကံဆိုးကံညံ့ကြောင့် ကျန်းမာရေးညံ့ရင် ကံကောင်းမှုတွေကြုံလာပြီး အမြန်ဆုံး နေ ထိုင်ကောင်းလာမယ်”ဟု အစချီရင်း “ကဲ လိုက်ရေး ပေတော့ …”
- တနင်္ဂနွေသားသမီးများ နေထိုင်မကောင်း လျှင် စေတီတစ်ဆူဆူရဲ့ တနင်္လာထောင့်ကနေပြီး ပေါင်မုန့် ၁၉ ချပ် ဘုရားလှူဆုတောင်းရမယ်။
- တနင်္လာသားသမီးများ နေထိုင်မကောင်း လျှင် စေတီတစ်ဆူဆူရဲ့ အင်္ဂါထောင့်ကနေပြီးယပ် အဖြူ ၁၂ လက် ဘုရားလှူဆုတောင်းရမယ်။
- အင်္ဂါသားသမီးများ နေထိုင်မကောင်းလျှင် စေတီတစ်ဆူဆူရဲ့ ဗုဒ္ဓဟူးထောင့်ကနေပြီး သောက် တော်ရေ(အချိုရည်) ၂၁ ခွက် ဘုရားလှူ ဆုတောင်းရမယ်။
- ဗုဒ္ဓဟူးသားသမီးများ နေထိုင်မကောင်းလျှင် စေတီတစ်ဆူဆူရဲ့ စနေထောင့်ကနေပြီး ဆီမီး၆တိုင် ဘုရားလှူဆုတောင်းရမယ်။
- ကြာသပတေးသားသမီးများ နေထိုင်မ ကောင်းလျှင် စေတီတစ်ဆူဆူရဲ့ ရာဟုထောင့်ကနေ ပြီး ယပ်အဝါ ရှစ်လက် ဘုရားလှူဆုတောင်းရမယ်။
- သောကြာသားသမီးများ နေထိုင်မကောင်းလျှင် စေတီတစ်ဆူဆူရဲ့ တနင်္ဂနွေထောင့်ကနေပြီး ဆီမီး ၁၀ တိုင် ဘုရားလှူ ဆုတောင်းရမယ်။
- စနေသားသမီးများ နေထိုင်မကောင်းလျှင် စေတီတစ်ဆူဆူရဲ့ ကြာသပတေးထောင့်ကနေပြီး ကိတ်မုန့် ၁၅ ချပ် ဘုရားလှူဆုတောင်းရမယ်”
ခုနစ်ရက်သားသမီးများအတွက် ကျန်းမာရေး ကောင်းစေမည့် အာယုဂြိုဟ်ဓာတ်ကြိုက်ဖြစ်စေသော ယတြာချေနည်းကို ပြောပြလိုက်ပါသည်။
စာရေးမှတ်နေသော မိန်းကလေးက –
“နေမကောင်းတဲ့သူတွေကိုယ်စား အခြား လူတွေက ဒီယတြာကို ချေပေးလို့ရလား”ဟုမေးလေ၏။
“ရပါတယ်ဗျာ …လှူရမယ့် အရပ်ဌာနရယ် လှူဖွယ်ပစ္စည်းတွေရယ်ပဲ မှန်ဖို့လိုတယ်။ ဆုတောင်း တဲ့ အခါမှာတော့ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ( )နေ့သားသမီး ( ) အမြန်နေထိုင်ကောင်းပါစေလို့ ဆုတောင်းပေးရမယ်။ အဲဒါဆိုရင် ယတြာချေခြင်း ကိစ္စအဆင်ပြေအောင်မြင်ပြီလို့ မှတ်ရမယ်”ဟု ပြော ပြလိုက်ရပါသည်။
မွေးနံဂြိုဟ်မှရေတွက်လျှင် အသက်ရှည်ရာ အနာမဲ့ကြောင်းကို ဖွင့်ဆို၏။ အာယုဂြိုဟ်၏ဓာတ်သည် အာယုဂြိုဟ်ကောင်းမွန်အောင် (သို့) လူမမာ မွေးနံရှင် ကျန်းမာရေးကောင်းစေအောင် အထောက် အကူဖြစ်စေကြောင်း ဗေဒင်ကျမ်းများက ပြဆိုထားခြင်းဖြစ်၏။