ပြန်ရောက်စေရေး… အင်္ကျီချိတ်ဆွဲပေး

အောင်ထိုက်ကျော်သည် မိမိဘာသာ ချော်လဲသည့်ကိစ္စကိုပင် လမ်းကိုအပြစ်တင်၏။ စာမေးပွဲ မဖြေနိုင်လျှင် မေးခွန်းစာရွက်တွေကို အပြစ်တင်၏။

ကျွန်တော်၏ သူငယ်ချင်းတစ်ယောက်သည် ပြဿနာတစ်ခုကြုံတိုင်း သူတစ်ပါးကိုသာ လက်ညှိုးထိုးအပြစ်တင်တတ်သူဖြစ်၏။ ထိုသူငယ်ချင်းကြောင့် ကျွန်တော်သည် ကိုယ့်ကိုယ်ကိုယ် အပြစ်မဖြစ်အောင် နေထိုင်တတ်ခဲ့ပါ၏။ ထိုသူငယ်ချင်း၏ အမည်မှာ အောင်ထိုက်ကျော် ဖြစ်သည်။ ငယ်စဉ်ကျောင်းနေစဉ်ကတည်းက အောင်ထိုက်ကျော်သည် စာမရ၍ အရိုက်ခံရသည်ကိုပင် ဆရာ၊ ဆရာမများအား အပြစ်တင်တတ်သူဖြစ်၏။

“ဒါ ငါ့ကို ရိုက်ချင်လို့ အပြစ်ရှာတာ။ စာမရရင် ရိုက်မယ်လို့ ကြိုပြောခဲ့ရင် ညကတည်းက ရအောင် ကျက်ခဲ့တာပေါ့”ဟူ၍ ဖြစ်သည်။ အိမ်ရောက်တိုင်း စာမကျက်လျှင် မိဘဖြစ်သူများက အတန်းပိုင်ဆရာမထံသို့ တိုင်ကြားပြန်၏။ ကျောင်းသူကျောင်းသားများရှေ့တွင် ဆရာမက ခေါ်ပြီး ဆူပြန်လျှင်လည်း အောင်ကျော်ထိုက်သည် မိဘများကို အပြစ်တင်ပြန်၏။ “ငါ စာမကျက်တဲ့ကိစ္စကို ဖေဖေနဲ့မေမေက မတိုင်ရင်အခုလို အဆူခံရမှာ မဟုတ်ဘူး”

အောင်ထိုက်ကျော်သည် မိမိဘာသာ ချော်လဲသည့်ကိစ္စကိုပင် လမ်းကိုအပြစ်တင်၏။ စာမေးပွဲ မဖြေနိုင်လျှင် မေးခွန်းစာရွက်တွေကို အပြစ်တင်၏။ သူ့ကိုယ်သူ တစ်ကြိမ်တစ်ခါဖူးမျှ အပြစ်တင်ခြင်းမျိုး မရှိပေ။ သူတစ်ပါးကိုသာ အပြစ်တင်တတ်သူဖြစ်၏။ ထိုအမူအကျင့်သည် အသက်အရွယ်ရလာသည့်တိုင် အောင်ထိုက်ကျော်ထံ၌ ပျောက်ပျက်မသွားခဲ့ပါ။ အသက်ကြီးသည်အထိ လိုက်ပါလာခဲ့သော စရိုက်မျိုးဖြစ်သည်။

ကျွန်တော်၏ ဗေဒင်ဟောခန်းသို့ အောင်ထိုက်ကျော်လာမည်ဟု အကြောင်းကြားထားသဖြင့် ဟောခန်းကို ယခင်ကထက် သန့်ပြန့်အောင် စီစဉ်ထားရပါ၏။ အောင်ထိုက်ကျော် အသန့်အပြန့်ကြိုက်၍ မဟုတ်ပေ။ အပြစ်မရှိအပြစ်ရှာပြီး အပြစ်တင် ပြောဆိုနေမည်စိုး၍ ဖြစ်သည်။ တစ်ခါက အောင်ထိုက်ကျော်သည် ကျွန် တော်၏ ဗေဒင်ဟောခန်းသို့ရောက်ရှိလာပြီး ဘိုးမင်းခေါင်ပုံကို ကြည့်ပြီး ကျွန်တော့်အား – “မင်းတို့ အဘဆိုပြီး ကိုးကွယ်ယုံကြည်နေတဲ့ ဘိုးမင်းခေါင်က တကယ်ရောစွမ်းလို့လားကွာ”ဟု မေးပါလေ၏။

“စွမ်းတာပေါ့ကွာ။ အဘက သူ့ကို ယုံကြည်ကိုးကွယ်သူတွေကို ကူညီစောင်မတာပဲ” “မသိပါဘူးကွာ။ ငါ့ကိုတော့ မင်းတို့ရဲ့ အဘက မကူညီပါဘူး။ ငါ့အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နေတာ ဘိုးမင်းခေါင်ကို အာရုံပြုပူဇော်ပြီး တိုင် တည်ဆုတောင်းတယ်။ အိမ်ထောင်ရေး အဆင်ပြေအောင်ပေါ့။ အဆင်မပြေတဲ့အပြင် လင်မယားချင်း တကျက်ကျက် စကားများတယ်။ မင်းတို့ရဲ့ ဘိုးတော်က အိမ်ထောင်ကျဖူးရဲ့လား။ အိမ်ထောင်ကျဖူးရင် အိမ်ထောင်ဦးစီးရဲ့ ဒုက္ခကို စာနာနားလည်ပေးရမှာ ပေါ့ကွာ”ဟု ပြောလေ၏။

“အဘက နားလည်တာပေါ့ကွာ …ငါ ကိုးကွယ်ယုံကြည်တဲ့ ဘိုးမင်းခေါင်ဆိုတာ အင်းဝ ဘုရင်မင်းခေါင်ပဲ။ အိမ်ထောင်ရှိတယ်။ သားသမီး ရှိတယ်။ ရှင်ဘုရင်ဘဝမှာကတည်းက အင်းအတတ်ကိုပြီးတယ်။ အင်းဝိဇ္ဇာတစ်ပါးပဲ။ မြန်မာရာဇဝင် သမိုင်းကြောင်းမှာ ထင်ရှားတဲ့ ဘုရင်တစ်ပါးပဲ။ ရာဇဓိရာဇ်နဲ့ စစ်ပြိုင်ခဲ့တဲ့ ဘုရင်မင်းခေါင်၊ မင်းရဲကျော်စွာ ရဲ့ ဖခင်၊ မွန်သူရဲကောင်း သမိန်ဗရမ်းရဲ့ ယောက္ခမ ရှင်းပြီလား”ဟု ပြောလိုက်ရာ – “ရှင်းပြီ ငါသိပြီ။ ကျောင်းနေတုန်းက ဗညားနွဲ့ လို့ခေါ်တဲ့ မွန်ဘုရင် ရာဇဓိရာဇ်နဲ့ ဗျည်းနွဲ့တို့ စီးချင်းတိုက်ပွဲအကြောင်း စာမရလို့တောင် ငါအရိုက် ခံခဲ့ရသေးတယ်” “မင်းဘာသာ အပြောအဆို မဆင်ခြင်လို့ လင်မယားချင်း ခဏခဏစကားများတာ ဘိုးတော်နဲ့မဆိုင်ဘူး။ ဘိုးတော်က ကူညီမှာလည်း မဟုတ်ဘူး” ထိုသို့ပြောလိုက်သောအခါမှပင် အောင်ထိုက်ကျော်သည် ဘိုးမင်းခေါင်ရုပ်တုအား လက်အုပ်ချီလျက် ဦးညွတ်လေ၏။

“အေးကွာ …ငါ့အိမ်ထောင်ရေး အဆင်မပြေဘူးဆိုတာ ဘိုးတော်နဲ့ မဆိုင်ရင် ငါ့မိန်းမနဲ့ပဲ ဆိုင်တယ်။ မိန်းမတွေများ သားသမီးတွေတောင် ရလာ ပြီ။ နည်းနည်းလေးမှ သည်းခံစိတ်မရှိဘူး။ လုပ်ကိုင် ကျွေးမွေးနေတဲ့ ယောကျာ်းကို ကျွန်လို အစေခံလို သဘောထားချင်တယ်။ အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဘူလတို့လို အားမကျဘူးလား မသိဘူး။ ဘုရားလောင်းမဟော်သဓာရဲ့ မိန်းမ အမရာ ဒေဝီဆိုရင် အိမ်ထောင်ရှင်မတွေ ဘယ်လောက် အတုယူအားကျသင့်သလဲ။ မဟော်သဓာ အပြစ်က လွတ်အောင် ကူညီစောင်မတယ်။ ပါရမီဖြည့်ဖက် ကောင်းပီသတယ်။ မဟော်သဓာအပေါ်လည်း ချစ် မြတ်နိုးလိုက်တာ စံတင်လောက်တဲ့ ဇနီးကောင်းပဲ အိမ်က မိန်းမတွေနဲ့တော့ကွာပါ့ကွာ။

တစ်ခါတလေလေး ငါဘီယာသောက်တာကို ဆရာတော်ကြီးဆီသွားပြီး တိုင်တယ်လေ။ ကံ ကောင်းလို့ ဆရာတော်ရဲ့ ကြိမ်လုံးစာမမိတာ” ကံငါးပါးဖောက်ဖျက်သည့် ကိစ္စအား ဇနီးသည်တိုင်၍ ဆရာတော်ကြီး သိသွားသည့်အတွက် အောင်ထိုက်ကျော်သည် ဇနီးဖြစ်သူကိုသာ အပြစ်တင်လေ၏။ “မင်းက မိန်းမကို အမရာဒေဝီလို ဖြစ်စေချင်တယ်ဆိုရင် မင်းကိုယ်တိုင်က မဟော်သဓာကို အရည်အချင်းတွေ ရှိနေရတယ် သူငယ်ချင်း၊ ဒါမှ မင်းရဲ့ မိန်းမလည်း အမရာဒေဝီလို ဖြစ်မှာပေါ့။ မဟော်သဓာမှာ သူမတူတဲ့ အရည်အချင်း ၂၈ ပါးရှိတယ် သူငယ်ချင်း၊ ဘုရားအလောင်းတော် မဟော်သဓာမှာ ဘယ်သူမှ တူယှဉ်လို့မရတဲ့ ဂုဏ်အင်္ဂါ ၂၈ ပါးရှိတယ်။

၁။ ရဲစွမ်းသတ္တိ အပြည့်အဝရှိခြင်း၊ ၂။ မကောင်းမှုပြုရမည်ကို ရှက်တတ်ခြင်း ၃။ မကောင်းမှု ပြုရမည်ကို ကြောက်တတ် ခြင်း ၄။ အပေါင်းအသင်း အခြံအရံရှိခြင်း ၅။ အဆွေခင်ပွန်းကောင်းတို့နှင့် ပြည့်စုံခြင်း ၆။ ချုပ်တည်း သည်းခံစိတ်အပြည့်အဝရှိခြင်း ၇။ အကျင့်သီလတို့နှင့် ပြည့်စုံခြင်း ၈။ မှန်ကန်သော စကားကိုသာ ပြောဆိုခြင်း ၉။ စင်ကြယ်သော တရားတို့နှင့် ပြည့်စုံခြင်း ၁၀။ အမျက်ဒေါသ လုံးဝကင်းစင်ခြင်း ၁၁။ မာန်မာန လုံးဝကင်းစင်ခြင်း ၁၂။ ငြူစူစောင်းမြောင်းမှု ကင်းစင်ခြင်း ၁၃။ နိုးကြားဖျက်လတ်မှုရှိခြင်း ၁၄။ တစ်ပါးသူတို့ကိုလည်း ကြိုးစားအားထုတ်စေတတ်ခြင်း ၁၅။ ပေးကမ်းချီးမြောက်တတ်ခြင်း ၁၆။ သိမ်မွေ့ပြေပြစ်ခြင်း ၁၇။ မိမိကိုယ်ကိုယ် နှိမ့်ချတတ်ခြင်း ၁၈။ စကားဆိုရာ၌ ချိုသာသိမ်မွေ့ခြင်း ၁၉။ ခိုင်ကြည်တည်တံ့ခြင်း ၂၀။ ကောက်ကျစ်စဉ်းလဲမှုမရှိခြင်း ၂၁။ ပြည့်စုံထက်မြက်သော ပညာရှိခြင်း ၂၂။ ထုံးတမ်းစဉ်လာ နည်းဥပဒေတို့ကို နားလည်ခြင်း ၂၃။ ကျော်စောထင်ရှားခြင်း ၂၄။ အတတ်ပညာဖြင့် ပြည့်စုံခြင်း ၂၅။ အကျိုးစီးပွားကို ရှာမှီးအားထုတ်ခြင်း ၂၆။ သူတစ်ပါးတို့၏ အကျိုးစီးပွားအတွက် ရှာမှီးတတ်ခြင်း ၂၇။ သူတစ်ပါးတို့ထက် ဥစ္စာပစ္စည်းပေါ ကြွယ်ဝခြင်း ၂၈။ ပရိသတ်အခြံအရံများခြင်းတဲ့။

အဲဒီဂုဏ်အင်္ဂါ ၂၈ ပါးမှ မင်းမှာမရှိဘဲ သူလည်း အမရာဒေဝီလို ဘယ်ဖြစ်ပါ့မလဲကွာ”ဟု ရှင်းပြခဲ့ဖူးသည်။ ထိုစဉ်က အောင်ထိုက်ကျော်သည် ကျွန်တော့်အား အပြစ်မဆိုဘဲ ပြန်သွားခဲ့ပါ၏။ ယခုတွင်လည်း အပြစ်ဆိုစရာ စကားမပါလာတော့ဘဲ- “ငါ့ကို မြန်မြန်ကူညီစမ်းပါ သူငယ်ချင်းရယ် ငါ့မိန်းမ အိမ်က ဆင်းသွားလို့။ အမြန်ပြန်လာအောင် ကူညီစမ်းပါကွာ အိမ်မှာ ဝါဆိုသင်္ကန်းကပ် အလှူကိစ္စကို ရက်သတ်မှတ်ပြီးကာမှ စိတ်ဆိုးပြီး ဆင်းသွားတာ။ မြန်မြန်ပြန်လာအောင် ကူညီပေးပါကွာ”ဟု အလောတကြီး တောင်းဆိုလေ၏။

“လွယ်ပါတယ်ကွာ။ အိမ်က ထွက်သွားတဲ့သူတွေ အမြန်ပြန်လာအောင် သူတို့ဝတ်ထားတဲ့ အင်္ကျီကို ရေစွတ်ပြီး အိမ်အဝင်အဝတန်းမှာ ဇောက်ထိုးချိတ်ဆွဲထားလိုက်။ မကြာခဏ ယပ်ခပ်ပေးပြီး အမြန်ပြန်လာပါစေလို့ ဆုတောင်းပေါ့ကွာ”ဟု ပြောလိုက်ရုံရှိသေးသည် အောင်ထိုက်ကျော်မှာ နှုတ်မဆက်ဘဲ ပြန်သွားလေတော့၏။ မည်သူတစ်ဦးတစ်ယောက်ကိုမှလည်း အပြစ်တင်ပြောဆိုခြင်းမပြု၊ စောဒကတက်ခြင်းလည်း မရှိတော့ဘဲ အမြန်လာပြီး အမြန်ပြန်သွားသည့် အောင်ထိုက်ကျော်ကိုကြည့်၍ ကျွန်တော် ပြုံးရယ်မိပါတော့သည်။ သူ၏ အမူအကျင့်အတိုင်းဆိုလျှင် – “မင်းယတြာက စွမ်းပါ့မလား”ဟု မေးနိုင်ကောင်းပါ၏။

ပြန်ရောက်ရှိလာစေဖို့အတွက် အင်္ကျီကို ဇောက်ထိုးချိတ်ဆွဲသည့် ယတြာသည် အလွယ်အကူဆုံးနှင့် အစွမ်းထက်ဆုံးသော ယတြာဖြစ်ကြောင်း ကျွန်တော် ရှင်းပြရပါမည်။ အိမ်က ထွက်သွားသူ အမြန်ဆုံးပြန်ရောက်ရှိလာစေရန် ၄င်းဝတ်ဆင်ခဲ့ဖူးသော အင်္ကျီအားရေစွတ်ပြီး အိမ်ရှေ့ အဝင်အဝတန်းတွင် ဇောက်ထိုးချိတ်ဆွဲထားရမည်။ ထိုအင်္ကျီအား ယပ်တောင်ဖြင့် မကြာခဏ ယပ်ခပ်ပြီး ဆုတောင်းအာရုံပြုခြင်းဖြင့် အိမ်က ထွက်သွားသူ အမြန်ပြန်ရောက်လာစေမည်လည်း ဖြစ်ပါသည်။

ယတြာ၏ အစွမ်းထက်ပုံကို ယုံမှားသံသယဖြင့် မေးလာခဲ့သည်ရှိသော် အောင်ထိုက်ကျော်ကို ကိုယ်တွေ့ အောင်မြင်သွားကြသူများဖြင့် မိတ်ဆက် ပေးလိုက်မည်ဖြစ်ပါသတည်း။

သိဒ္ဓိစံ(မင်္ဂလာကုန်း)