ချစ်ခြင်းစကား ညွှန်းဖွဲ့ပွားလျှင်

လွှမ်းမိုး၏ မအေးကိုချစ်လို့ပါ သီချင်းကို ကျွန်တော်ငယ်စဉ်က လွန်စွာမှပင် ကြိုက်နှစ်သက်ခဲ့ဖူး၏။ ကျွန်တော်ချစ်သော မိန်းကလေးတစ်ဦး၏ နာမည်တွင် အေးဟု ပါဝင်သောကြောင့်လည်း ဖြစ် သည်။ ဂီတာကို အသံထွက်အောင် တီးဖြစ်ရုံ သင်ဖူးသည်မို့လည်း မအေးကိုချစ်လို့ပါ သီချင်းသည် ကျွန်တော့်အတွက် အလွမ်းဖြေစရာ ဖြစ်လာခဲ့ပါ သည်။ ကီးမကိုက်သော အသံနှင့် သံစဉ်မမှန်သော လက်ကွက်များသည် နားဝင်ဆိုးလှမည်ဖြစ်သော် လည်း ကိုယ့်ခံစားချက်ဖြင့် ကိုယ် ဟုတ်နေခဲ့ပါ၏။
စကားပြောခွင့်မကြုံ၍ ရည်းစားစာရေးပြီး မအေးကို ပေးခဲ့ဖူးပါသည်။ စာနှစ်စောင်ပေးမိသည် မှ ကျွန်တော့်အပေါ် တုံ့ပြန်ချစ်ချင်း မရှိနိုင်ကြောင်း သိလိုက်သည်နှင့် ရည်းစားစာပေါင်း အစောင်ရေ ၅၀ ထက်မက ထပ်မံ၍ ပေးမိလိုက်သည်။ နှလုံးသား ရေးရာကိစ္စအား နောက်ပြောင်စရာလို သဘောထား မိသကဲ့သို့ မအေးသည်လည်း ကျွန်တော်ပေးသော စာများကို အပျင်းပြေသဘောသာ ဖတ်ရှုခဲ့ပါ၏။
ပေးပို့သည့် ရည်းစားစာများကို တစ်စောင် နှင့်တစ်စောင် ရေးပုံခြင်းမတူရအောင် ကြိုးစားရလေ ၏။ စာသားများ၊ အကြောင်းအရာများ၊ ဝါကျများတစ် စောင်နှင့်တစ်စောင် မတူ၊ မထပ်ရလေအောင် သတိ ထားပြီး ရေးရလေ၏။ စကားပြောနှင့် ရေးဖြစ်သလို စကားပြေဖြင့်လည်း ရေးသားခဲ့သည်။ အချစ်ဝတ္ထု များ၊ သီချင်းစာသားများထဲက ပြေပြစ်လှသော စကားလုံးများ၊ စာသားများကို ကိုယ်ပိုင်ဟန်အဖြစ် ဖန်တီး၍ ရည်းစားစာဖြစ်အောင် အသုံးပြုခဲ့ပါ၏။ မအေးကို ရည်းစားစာတွေပေးမိရာမှ စာရေးဆရာ ဖြစ်စေဖို့အတွက် အလေ့အကျင့်ကောင်းတွေရရှိခဲ့ပါ သည်။
သို့သော် မအေးထံက မည်သို့သော တုံ့ပြန် မှုမျိုးကိုမှ မရရှိခဲ့ပါ။ နှလုံးသားရေးရာကို နောက်စရာ ပြောင်စရာလောက်သာ သဘောထားမိသည်မို့ လွှမ်းမိုး ၏ မအေးကိုချစ်လို့ပါ သီချင်းသည်လည်း ကျွန်တော့် ထံ၌ ကာလအပိုင်းအခြားတစ်ခုတွင် တိတ်ဆိတ်သွား ခဲ့ရပါသည်။
တစ်နေ့သ၌ ကျွန်တော်၏ ဗေဒင်လက္ခဏာ ဟောခန်းသို့ အသက်ငါးဆယ်ကျော်ခန့်ရှိမည်ထင်ရ သော အမျိုးသမီးတစ်ဦး ရောက်ရှိလာ၏။ သူမသည် ကျွန်တော့်အား တွေ့မြင်လိုက်ရသည်နှင့် တင်းမာ သော မျက်နှာထားဖြင့် အစိမ်းလိုက်ဝါးစားတော့မည့် ဟန်ဖြစ်နေ၏။ အတိတ်ကာလ၏ ဘဝတစ်ခုခုတွင် ကျွန်တော်နှင့် ကမ္ဘာမကျေရန်ဘက်တွေများ ဖြစ်ဖူးခဲ့ ရော့သလားဟုပင် တွေးထင်မိလိုက်ပါ၏။ ဗေဒင်မေး ရန် မဟုတ်သော အရိပ်အယောင်များကြောင့် ကိုယ် ကပင် မျက်နှာထားတင်းတင်း ထားလိုက်ရပါ၏။

“ရှင့်နာမည် သိဒ္ဓိစံ ဟုတ်ပါတယ်နော်”
“ဟုတ်ပါတယ် တစ်ခုတော့ရှိတယ်။ အဘရဲ့ တပည့် သိဒ္ဓိစံတွေ အများကြီးပဲရှိတယ်။ ကျွန်တော် က သိဒ္ဓိစံ(မင်္ဂလာကုန်း)ပါ”
တိကျသေချာအောင် ပြောလိုက်သည်။
“ရှင့်ဘာသာ မင်္ဂလာပဲဖြစ်ဖြစ်၊ အမင်္ဂလာပဲ ဖြစ်ဖြစ်၊ ကျွန်မ ဂရုမစိုက်ဘူး။ ရှင်မောင်သက်ထွန်း ဆိုတဲ့ ကောင်လေးကို သိမှာပါ။ ရှင့်ဆီမှာ ဗေဒင် လာမေးပြီး ယတြာတောင်းဖူးတယ်”
“ဒီမှာ အဒေါ်ကြီး …ခင်ဗျား လူဝင်မှုကြီး ကြပ်ရေးကလား။ ကျွန်တော့်ဆီမှာ သန်းခေါင်စာရင်း လာစစ်ရအောင် ဒုက္ခသည်စခန်းမှတ်နေလား ဗေဒင် ဆရာဗျ။ မေးသူကိုဟောတယ်။ တောင်းသူကို ယတြာပေးတယ်။ သက်ထွန်းဆိုတဲ့အကောင်တွေ အများကြီးပဲ။ ဘယ်သက်ထွန်းကို သိချင်ရတာလဲ”
“အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ ကောင်လေးပါ။ အသက်နှစ်ဆယ်လောက်ပဲ ရှိဦးမယ်။ ရှင်ယတြာ ပေးလိုက်လို့ ကျွန်မတူမလေး သက်ထွန်းနောက်ကို ပါသွားပြီ။ သက်ထွန်းနဲ့ ခိုးရာလိုက်ပြေးသွားပြီ။ လူကြီးမိဘတွေရဲ့ စကားကိုတောင် နားမထောင် တော့ဘဲ သူကိုယ်တိုင် အမုန်းကြီးမုန်းပါတယ်ဆိုတဲ့ သက်ထွန်းကို ချစ်သွားပြီလေ။ အဲဒါရှင့်ယတြာကြောင့်ပဲ”
တူမဖြစ်သူ လင်နောက်လိုက်သွားသည့် ကိစ္စနှင့် ပတ်သက်ပြီး မဆီမဆိုင် ဗေဒင်ဆရာကို ရန် လာတွေ့နေပါတော့၏။
“ဒါဆိုရင် ကျွန်တော့်ယတြာက သိပ်စွမ်းနေလို့ပေါ့နော် …မုန်းနေပါတယ်ဆိုတဲ့ သူကိုတောင် လာပြီး သတင်းပေးတဲ့အတွက်လည်း ကျေးဇူးပဲ အဒေါ်ကြီး”ဟု ပြောလိုက်ရာ –
“ရှင် ကျွန်မကို မမှတ်မိဘူးလား။ ရှင် ရည်းစားစာတွေပေးခဲ့တဲ့ မအေးလေ”ဟု ပြောလေမှ-
“အသက်တွေ ကြီးလာတော့ အမြင်အာရုံတွေမကောင်းတော့ဘူးဗျာ။ မအေးဆိုလည်း မအေး ပေါ့ဗျာ။ ဒါနဲ့ ကျွန်တော် ပေးခဲ့ဖူးတဲ့စာတွေ ရှိသေးရင် ပြန်ပေးပါလား။ စာရေးဖို့ ကုန်ကြမ်းတွေ လိုနေလို့ပါ”
“မရှိတော့ဘူး မီးရှို့ပစ်လိုက်ပြီ။ ရှင့်ရဲ့ ယတြ က ဒီလောက်တောင် စွမ်းနေရင် အဲဒီတုန်းကလည်း ရှင်ကိုယ်တိုင် ယတြာမချေခဲ့ဘူးလား”ဟုမေးလေ ၏။
“အချစ်ရေးနဲ့ ပတ်သက်တဲ့ ယတြာဓာတ် ဆင်တဲ့အခါတွေမှာ မေတ္တာစစ်၊ မေတ္တာမှန်ဖို့လိုတယ်။ သစ္စာရှိရမယ်၊ ဒါမှအောင်မြင်မယ်။ သက် ထွန်းဆိုတဲ့ကောင်လေးလည်း ခင်ဗျားတူမကို မေတ္တာ စစ်၊ မေတ္တာမှန်ထားလို့ ယတြာစွမ်းသွားတာဖြစ်မယ်”ဟု ပြောလိုက်သည်။
ထိုအခါမှပင် မအေးသည် နှုတ်ဆက်ဖော် မရဘဲ ပြန်ထွက်သွားလေတော့၏။ မောင်သက်ထွန်းနှင့် ပတ်သက်ပြီး ယတြာအကြောင်းကို ပြန်စဉ်းစား ကြည့်မိသောအခါ မောင်သက်ထွန်းသည် ကျွန်တော့်ထံ ရောက်ရှိလာပြီး ယတြာတောင်းဖူးလေ၏။
“ကျွန်တော်ချစ်တဲ့ ကောင်မလေးက ကျွန် တော့်ကို အမုန်းကြီး မုန်းနေတယ် ဆရာ၊ စာပေးလည်းမရ၊ စကားပြောလည်း လက်မခံဘဲ အမြဲငြင်းဆန်နေတယ် ဆရာ …သူ့ကို ကျွန်တော်တကယ် ချစ်တာပါ။ တစ်သက်လုံးလည်း ချစ်နေပါ့မယ်။ သူ့ဆီက တုံ့ပြန်တဲ့ ချစ်ချင်းတွေပြန်ရအောင် ကျွန်တော် ဘယ်လိုလုပ်ရမလဲဆရာ”ဟု အကူအညီ တောင်းလေသောကြောင့် အောက်ပါယတြာများကို ပေးခဲ့ပါသည်။
(၁) တနင်္ဂနွေသားသမီးတစ်ဦးဦးက မိမိ အပေါ် မေတ္တာ စိတ်ဝင်လာစေရန် ကံ့ကော်ပန်းကို ဆောင်ပြီး အရှေ့တောင်အရပ်ဆီသို့ ခေတ္တသွား၍ တောင်ဘက်သို့ မျက်နှာမူပြီး စကားပြောဆိုပါက ကိုယ်ပြောသည့်စကားအောင်မြင်လိမ့်မည်။
(၂) တနင်္လာသားသမီးတစ်ဦးဦးက မိမိ အပေါ် မေတ္တာစိတ်ဝင်လာစေရန် ညောင်ရွက်ကို ဆောင်ပြီး တောင်အရပ်ဆီသို့ ခေတ္တသွား၍ အနောက် ဘက်သို့ မျက်နှာမူပြီး စကားပြောဆိုပါက ကိုယ်ပြော သည့်စကား အောင်မြင်လိမ့်မည်။
(၃) အင်္ဂါသားသမီးတစ်ဦးဦးက မိမိအပေါ် မေတ္တာ စိတ်ဝင်လာစေရန် ရွက်လှပန်းကို ဆောင်ပြီး အနောက်အရပ်ဆီသို့ ခေတ္တသွား၍ မြောက်ဘက်သို့ မျက်နှာမူပြီး စကားပြောဆိုပါက ကိုယ်ပြောသည့် စကားအောင်မြင်လိမ့်မည်။
(၄) ဗုဒ္ဓဟူးသားသမီးတစ်ဦးဦးက မိမိအပေါ် မေတ္တာစိတ်ဝင်လာစေရန် မေမြို့(သို့) ပိန်းပန်းကို ဆောင်ပြီး မြောက်အရပ်ဆီသို့ ခေတ္တသွား၍ အနောက် တောင်ဘက်သို့ မျက်နှာမူပြီး စကားပြောဆိုပါက ကိုယ်ပြောသည့်စကား အောင်မြင်လိမ့်မည်။
(၅) ကြာသပတေးသားသမီးတစ်ဦးဦးက မိမိအပေါ် မေတ္တာ စိတ်ဝင်လာစေရန် သပြေညွန့် (သို့) သီဟိုဠ်ညွန့်ကို ဆောင်ပြီး အနောက်တောင် အရပ်ဆီသို့ ခေတ္တသွား၍ အရှေ့မြောက်ဘက်သို့ မျက်နှာမူပြီး စကားပြောဆိုပါက ကိုယ်ပြောသည့် စကား အောင်မြင်လိမ့်မည်။
(၆) သောကြာသားသမီးတစ်ဦးဦးက မိမိအပေါ် မေတ္တာ စိတ်ဝင်လာစေရန် နှင်းဆီ(သို့) ဒေါနပန်းကို ဆောင်ပြီး အရှေ့မြောက်အရပ်ဆီသို့ ခေတ္တသွား၍ အရှေ့ဘက်သို့ မျက်နှာမူပြီး စကား ပြောဆိုပါက ကိုယ်ပြောသည့်စကား အောင်မြင်လိမ့် မည်။
(၇) စနေသားသမီးတစ်ဦးဦးက မိမိအပေါ် မေတ္တာ စိတ်ဝင်လာစေရန် အုန်းညွန့်ကို ဆောင် ပြီး အရှေ့အရပ်ဆီသို့ ခေတ္တသွား၍ အရှေ့တောင် ဘက်သို့ မျက်နှာမူပြီး စကားပြောဆိုပါက ကိုယ် ပြောသည့်စကား အောင်မြင်လိမ့်မည်။
အထက်ပါအတိုင်း မောင်သက်ထွန်းအား အချစ်ရေးကိစ္စ အဆင်ပြေစေမည့် ယတြာများ အစီ အရင်နည်းကို ပြောပြခဲ့ပါသည်။ အညွန့်နံပန်းကိုအ ဆောင်ပြု၍ တြိရန်းအရပ်သို့သွားပြီးမှ စတုရန်း အရပ် သို့ မျက်နှာမူသော နဝင်းယတြာလည်းဖြစ်သည်။ အညွန့်၂+တြိရန်း၃+စတုရန်း၄=၉=နဝင်းကိုက် ယတြာမျိုးဖြစ်သည်။ ဌာနသဘောအရ နဝင်းမိသော အစီအရင်ယတြာများမို့ အစွမ်းထက်ခြင်းလည်းဖြစ် သည်။
အဘဆရာကြီး မင်းသိင်္ခ၏ ပညာဒါန လက်ဆောင်စကားတစ်ခုတွင် အချစ်ရေးကိစ္စ အဆင်ပြေ စေရန်အတွက် လိုလာဟု (၁၂)ကြိမ်ရွတ်ဆိုပြီး စကား ပြောဆိုပါက အောင်မြင်စေရမည်ဟူသောကြောင့် လိုလာ မန္တန်အား (၁၂)ကြိမ်ရွတ်ဆိုရန်အတွက်ပါ မှာလိုက်ပါသေးသည်။
မောင်သက်ထွန်းတစ်ယောက် ချစ်သူ မိန်းကလေးထံက တုံ့ပြန်ချစ်ချင်းအား ရရှိခဲ့သည်မှာ ယတြာအစီအရင်များအပြင် မေတ္တာစစ်၊ မေတ္တာမှန် ထားရှိသောကြောင့်လည်း ဖြစ်ပေသည်။ ချစ်ရသူ အပေါ်ထားရှိသော သစ္စာတရားသည်လည်း အစွမ်း ထက်ဆုံးသော အဆောင်ယတြာပင်ဖြစ်သည်။
နှလုံးသားရေးရာကို နောက်စရာ ပြောင်စ ရာလောက် သဘောထားခဲ့မိသော ကျွန်တော်သည် ရည်းစားစာပေါင်းများစွာကို ရေးခဲ့ဖူးပါ၏။ ပေးခဲ့ဖူး ပါ၏။ သို့အတွက်ကြောင့်လည်း စာရေးသော အလေ့ အကျင့်ကောင်းများကို ရရှိခဲ့ပါသတည်း။

သိဒ္ဓိစံ(မင်္ဂလာကုန်း)