မိမိအပေါ် စိတ်ဆိုးနေသူများ စိတ်ဆိုးပြေစေဖို့

မိမိအပေါ် စိတ်ဆိုးနေသူများ စိတ်ဆိုးပြေစေမည့် အဆောင်ယတြာလေးကို ဖော်ပြလိုက်ပါ၏။ အလိုရှိက အသုံးချတော်မူကြပါကုန်။

စိတ်ဆိုးပြေအောင် ယတြာဆောင်

“ကျွန်တော့်ကို ဘယ်သူကတော့ စိတ်ဆိုးနေတယ်” “ကျွန်မကို ဘယ်ဝါကတော့ စကားတောင် ပြန်မပြောလောက်အောင် စိတ်အရမ်းဆိုးနေတယ်” “ကိုယ့်အရာရှိက ကိုယ့်ကို စိတ်အရမ်းဆိုးနေတယ်။ အရေးယူခံရမလား မသိဘူး”

လူဆိုသည်မှာ အသက်တစ်ရာ နေချင်မှနေရမည် မှန်သော်ငြား ကိစ္စများမြောင် လောကီဘောင်အတွင်းမှာတော့ဖြင့် တစ်ဦးနှင့်တစ်ဦး ကတောက်ကဆ ဖြစ်တာမျိုးတွေ၊ မခေါ်ချင်၊ မပြောချင်လောက်အောင် စိတ်ဆိုးမာန်ဆိုးဖြစ်တာမျိုးတွေ ကြုံရလိမ့်မည်ထင်ပါသည်။ ကြုံလည်း ကြုံဖူးကြပါလိမ့်မည်။ စိတ်ဆိုးခြင်းဆိုသည်မှာ နှစ်ဦးနှစ်ဖက်အတွက် ကောင်းသော လက္ခဏာ မဟုတ်ပါ။ စိတ်ဆိုးသူအနေဖြင့် အလိုမကျမှုများ ပြွမ်းတီးနေသည့်အတွက် ဒေါသကို မြစ်ဖျားခံကာ ပူလောင်နေပါလိမ့်မည်။ စိတ်ဆိုးရာ၌လည်း အတိုင်းအဆမဲ့ပြီဆိုလျှင် သတိတရား၊ ဆင်ခြင်တုံတရားတို့ ငှက် အတောင်ကျွတ်သည့်အလား အလွတ်ကြီးလွတ်ကာ မဖြစ်သင့်မဖြစ်ထိုက်တာတွေ ဖြစ်ပွားရတတ်ပါ တယ်။ သည်လိုမျိုး သာဓကတွေဆိုသည်မှာ အများကြီးပင်။

စိတ်ဆိုးခံရသူမှာလည်း ရင်တထိတ်ထိတ်နှင့် အနေကြုံ့ရပါတော့သည်။ အနာဂတ်ရေးအတွက်လည်း စိတ်မသက်မသာ ဖြစ်ရပါသည်။ သောကပူပန်ပွားရတတ်ပါသည်။ တစ်ဖက်သားမှ ထောက်ချင့် စာနာမှုမရှိဘဲ အပြစ်ဒဏ်ပေးသည်ကိုလည်း ခံချင်ခံရနိုင်သည်ဖြစ်ရာ “ကဲ… စိတ်ဆိုးခြင်း စိတ်ဆိုးခံရခြင်းတို့မှာ ဘယ်မှာလာ၍ ကောင်းနိုင်ပါမည်နည်း။”

တလောလေးဆီတုန်းက ကျွန်ုပ်ထံသို့ တပည့်ကလေး မောင်တင်ထွေး ရောက်လာ၏။ ကိစ္စက သူ့အလုပ်ရှင်ဖြစ်သူက သူ့အား စိတ်ဆိုးနေသည့် ကိစ္စ။ “ကျွန်တော်ကလည်း ကျွန်တော်ပါပဲ ဆရာရယ်၊ အလုပ်ရှင်ကို အကျိုးအကြောင်းလည်း မပြော၊ ခွင့်တွေဘာတွေလည်း မတိုင်နဲ့၊ အပေါင်းအသင်းမင်ပြီး တောင်ကြီးဘက် လိုက်သွားတာ ငါးရက်တိတိ တောင်ကြာသွားတာကိုး ဆရာရဲ့”

“အေး မင်းအလွန်ကိုတော့ မင်းသိသားပဲ”

“အဲဒါဆရာရယ်၊ ဒီကနေ့ အလုပ်ခွင်ထဲ ပြန် ရောက်သွားရင် မဆင်းနဲ့တော့ဆိုပြီး မောင်းထုတ်တာတောင် ခံရမလား မသိပါဘူး”

“မောင်းထုတ်ခံရကာမှ ခံရရော၊ ကိုယ်က မှားတဲ့လူ၊ အပြစ်ရှိတဲ့လူဆိုတော့ အောက်ကျခံပြီး သွားရမှာပဲ။ အကျိုးအကြောင်းရှင်းပြပြီး တောင်းပန်ရမှာပဲ။ လောကမှာ သစ်ပင်ပိရင်သာ သေရတာပါ။  လူပိလို့ သေစရာမရှိပါဘူး။ မောင်တင်ထွေးရာ”

“ဟုတ်ကဲ့ အဲဒီလိုသွားတဲ့အခါ ခုသာခံသာ ရှိအောင် လောကီယတြာလေး ဘာလေး လုပ်ပေးပါ ဆရာရယ်၊ အားကိုးပါတယ်”

ဖြစ်လာတော့လည်း ကျွန်ုပ်အဖို့ မျက်နှာလွဲ ၍ မနေသာတော့။ သူ့အပေါ် စိတ်ဆိုးနေသည့် အလုပ်ရှင်၏ နေ့နံကို မေးရသည်။ စနေသားဆိုပဲ။ “ဘာမှမပူပါနဲ့ကွာ၊ အလုပ်ရှင်ကို စိတ်ထဲမှာ မေတ္တာပို့ပေးပါ။ စနေသားဆိုတော့ စနေရဲ့ စတုရန်း ကျတဲ့ အင်္ဂါနံအမြစ်၊ အဲ ဆီးမြစ်ပေါ့ကွယ်၊ အဲဒါကို လက်ခလယ် ပထမဆစ်နဲ့ တိုင်းဖြတ်ပြီး ဆောင်သွားပါ။ ထူးခြားပါလိမ့်မယ်” “ဟုတ်ကဲ့ ဆရာ”

မောင်တင်ထွေးတစ်ယောက် ကျွန်ုပ်မှာသည့် အတိုင်း တစ်သဝေမတိမ်း လုပ်ဆောင်ပြီးသည့် သကာလ အလုပ်ခွင်သို့ သွား၏။ ညနေဘက် ကျွန်ုပ်ထံသို့ ဝင်လာ၏။ ပြုံးပြုံးရွှင်ရွှင်။ “အဆင်ပြေတယ်ဆရာ၊ နောက်ဒါမျိုး မဖြစ်စေနဲ့သာပြောပြီး ကြည်ကြည်သာသာပဲ ဆရာရဲ့”တဲ့။

ဤ၌ မိမိအပေါ် စိတ်ဆိုးနေသူများ စိတ်ဆိုးပြေစေမည့် အဆောင်ယတြာလေးကို ဖော်ပြလိုက်ပါ၏။ အလိုရှိက အသုံးချတော်မူကြပါကုန်။

တနင်္ဂနွေသား စိတ်ဆိုးသော်

လက်ခလယ် လက်တစ်ဆစ် ရဲယိုမြစ် ဖြတ်၍ဆောင်ပါ။

တနင်္လာသား စိတ်ဆိုးသော်

လက်ခလယ် လက်တစ်ဆစ် မဲမြစ် ဖြတ်၍ဆောင်ပါ။

အင်္ဂါသား စိတ်ဆိုးသော်

လက်ခလယ် လက်တစ်ဆစ် သီးမြစ် ဖြတ်၍ဆောင်ပါ။

ဗုဒ္ဓဟူးသား စိတ်ဆိုးသော်

လက်ခလယ် လက်တစ်ဆစ် ဒန်းမြစ် ဖြတ်၍ဆောင်ပါ။

ကြာသပတေးသား စိတ်ဆိုးသော်

လက်ခလယ် လက်တစ်ဆစ် အုန်းမြစ် ဖြတ်၍ဆောင်ပါ။

သောကြာသား စိတ်ဆိုးသော်

လက်ခလယ် လက်တစ်ဆစ် ကံ့ကော်မြစ် ဖြတ်၍ဆောင်ပါ။

စနေသား စိတ်ဆိုးသော်

လက်ခလယ် လက်တစ်ဆစ် ဆီးမြစ် ဖြတ်၍ဆောင်ပါ။

သုတေသီငြိမ်း