အမြစ်ယတြာ ချေကြည့်ပါ

“ဆရာတို့ဗေဒင်ဝေါဟာရမှာ အညွန့်တွေ၊ အမြစ်တွေဆိုတာ ဘာလဲဟင်”

အမှန်တကယ်မသိ၍ ဗဟုသုတလိုလား၍ မေးလာသော မေးခွန်းဖြစ်သည်မို့ ရှင်းပြရပါ၏။

“အညွန့်ဆိုတာ မွေးနံတစ်ခုရဲ့ရှေ့က၊ အမြစ်ဆိုတာကတော့ မွေးနံတစ်ခုရဲ့ နောက်ကလို့ သိထားရင် လွယ်ပါတယ် မောင်ချစ်ရယ် …၊ ပိုပြီး ရှင်းရှင်းကလေး ပြောရဦးမယ်ဆိုရင် တနင်္ဂနွေသားရဲ့ အညွန့် ဟာ တနင်္လာ၊ အမြစ်ဟာ စနေပေါ့ကွယ်”

“ဒါဖြင့် တနင်္လာသား ကျွန်တော်မောင်ချစ်အတွက်ဆိုရင် အညွန့်ဟာ အင်္ဂါ၊ အမြစ်ဟာ တနင်္ဂနွေပေါ့ ဟုတ်လား ဆရာ”

“ဟုတ်တာပေါ့ မောင်ချစ်ရဲ့ …မင်းဟာ ဒုံးမဝေးပါဘူး။ တကယ့် ဝါသနာအရင်းခံနဲ့ လေ့လာလိုက်စားရင် ဗေဒင်ပညာရပ်ကို မကြာခင် တတ်ကျွမ်းလာမှာပါ”

“ဝမ်းသာလိုက်တာ ဆရာရယ်၊ သေသေချာ ချာကို လေ့လာလိုက်စားမယ်ဆရာ၊ တတ်ကျွမ်းလာပြီဆိုရင် သရဲသမိန်ကိုပြန်ပြီး ဗေဒင်ဆရာလုပ်မယ် ဆရာ”

“ကောင်းပါပေ့ကွယ်”

“ဒါထက် မေးပါရစေဦး ဆရာရေ …၊ လူ တစ်ယောက်ဟာ ဘေးအန္တရာယ်ကင်းချင်ရင်၊ ရန်သူ တွေ ကင်းချင်ရင်၊ လိုဆန္ဒတွေပြည့်ဝချင်ရင် အမြစ် ယတြာချေလို့ ရတယ်ဆိုတာ ဟုတ်သလား ဆရာ”

“ဟုတ်တာပေါ့ကွယ်၊ ချေလို့ရတာပေါ့၊ သိပ်စွမ်း၊ သိပ်ထိရောက်တဲ့ ယတြာပါပဲ”

“ဒါဆိုလည်း မှတ်သားရအောင် ရှင်းပြပေးပါလား ဆရာ”

ထိုရောအခါ၌ ပညာလိုလားသော သူရဲသမိန် ရွာသားကလေး မောင်ချစ်အား စိတ်ရှည်လက်ရှည်နှင့် ပညာပါရမီ ဖြန့်ဝေမိပါတော့၏။

“အညွန့်နဲ့ အမြစ်ကို သဘောပေါက်ပြီဆို ရင် ဗေဒင်ပရိယာယ်နဲ့ ယတြာချေလို့ရပါတယ်။ ကိုင်း ဆရာရှင်းပြမယ်။ သေသေချာချာ ခေါင်းထဲကို ရိုက်သွင်းထားပေတော့”

“ဟုတ်ကဲ့ ဆရာ”

(၁) တနင်္ဂနွေသားအတွက် အမြစ်ယတြာ
တံတားခင်းပါ။ တံတားဟောင်း၊ တံတားပျက်များကို ပြုပြင်ပါ။ နွားကို အစာကျွေးပါ။

(၂) တနင်္လာသားအတွက် အမြစ်ယတြာ
အုတ်ခဲလှူပါ။ အိုးလှူပါ။ အိမ်ပြင်ပေးပါ။ အုန်းညွန့်လှူပါ။

(၃) အင်္ဂါသားအတွက် အမြစ်ယတြာ
ငွေလှူပါ။ ကျောက်ပြားလှူပါ။ ခရေပန်း၊ ကံ့ကော်ပန်းလှူပါ။ ခွေး၊ ကြောင်၊ ကြက်၊ ခိုတို့ကို အစာကျွေးပါ။ ငါးသက်စေ့လွှတ်ပေးပါ။

(၄) ဗုဒ္ဓဟူးသားအတွက် အမြစ်ယတြာ
စိတ်ရောဂါ ဝေဒနာရှင်ကို ဆီးယိုကျွေးပါ။ ဆေးဝါးလှူဒါန်းပါ။ ဆိတ်၊ ဆင်တို့ကို အစာကျွေး ပါ။ စာကလေးများကို လွှတ်ပေးပါ။ ဇွန်ပန်းလှူပါ။

(၅) ကြာသပတေးသားအတွက် အမြစ် ယတြာ
ယပ်တောင်လှူပါ။ ရင်ပြင်တော်၌ သန့်ရှင်း ရေးလုပ်ပေးပါ။ ရေလှူပါ။ လိပ်ကိုအစာကျွေးပါ။ ရေချမ်းစင်ဆောက်ပေးပါ။

(၆) သောကြာသားအတွက် အမြစ်ယတြာ
မီးလုံးမီးချောင်းလှူပါ။ ဖယောင်းတိုင်၊ ဖရုံ ယိုလှူပါ။ မြက်နှုတ်ပါ။ မျောက် ကို အစာကျွေးပါ၊ မေမြို့ပန်း လှူပါ။

(၇) စနေသားအတွက် အမြစ်ယတြာ
ဘုရားမှာ သန့်ရှင်းရေးလုပ်ပေးပါ။ သကြားလှူ ပါ။ သပြေပန်းလှူပါ။သင်္ကန်း လှူပါ။

ထိုသို့ အမြစ်၏ သဘောတရားများကို ရှင်းပြ၍ ယတြာသဘောကို ပြောပြလေရာ တပည့်ကျော် မောင်ချစ်လည်း –
“အင်မတန်ကုသိုလ် ရတဲ့ ကောင်းမှုကုသိုလ် အလှူယတြာတွေပါပဲလား ဆရာရယ် ..” ဟု ကောက်ချက်ချသွားပါလေတော့၏။

သုတေသီဆရာငြိမ်း