အဘမင်းသိင်္ခပြောပြတဲ့ ဂဏန်းဗေဒင်ထဲက မူလ (၂) ဂဏန်းသမားများ

ဒီလိုရှိတယ်ကွ…။ အင်္ဂလိပ်လရဲ့ ဘယ်လမှာပဲ ဖြစ်ဖြစ် ၂-ရက်၊ ၁၁-ရက်၊ ၂၀-ရက် ၊ ၂၉-ရက်တွေမှာ မွေးတဲ့ လူတွေကို ဂဏန်းဗေဒင် ပညာအရ ၂- ဂဏန်းသမားလို့ ခေါ်ရမှာပဲ။ ဒီလူတွေဟာ အနုပညာဘက်မှာ ချွန်တတ်တယ်။ စိတ်နေစိတ်ထား သိမ်မွေ့တတ်တယ်။ အတွေးအခေါ် စိတ်ကူး ကောင်းတတ်တယ်။ ဒါပေမယ့် သူတို့ စိတ်ကူးကို အကောင်အထည် ဖော်ဖို့တော့ နှောင့်နှေးတတ်တယ်။

ခရီးသွား ရတဲ့ အလုပ်တွေမှာလည်း အောင်မြင် တတ်တယ်။ ခရီးတောင်မှ ရေလမ်းခရီးနဲ့ ကုန်းလမ်းခရီး မတူဘူး။ ရေလမ်းခရီးကို ပိုပြီး နှစ်သက်တတ်တယ်။ သူတို့ ရုပ်ရည်နဲ့ ပတ်သက်လို့ သိသာတာက မျက်နှာဝိုင်းပြီး မျက်ခုံး မျက်လုံး ကောင်းတတ်တယ်။ ခြေဆံ လက်ဆံ ရှည်တတ်တယ်။ စကားပြောတဲ့အခါမှာ ပါးစပ်တစ်ခုတည်းက ပြောတတ်တာ မဟုတ်ဘူး။ လက်ရော မျက်လုံးရော မျက်ခုံးရောပါအောင် ပြောတတ်တယ်။

၂-ဂဏန်းသမားတွေအတွက် အရေးကြီးတဲ့ အလုပ်တွေကို လုပ်တဲ့အခါမှာ အင်္ဂလိပ်လ ဘယ်လမဆို ၂-ရက် (၇)ရက် ၊ (၁၁)ရက် (၂၀)ရက် (၂၅)ရက် (၂၉)ရက် စတာတွေ ပေါင်းလိုက်ရင် ၂-ဂဏန်းဖြစ်နေတဲ့ ရက်တွေ ၇-ဂဏန်းဖြစ်နေတဲ့ ရက်တွေမှာလုပ်သင့်တယ်။ ဒါပေမယ့် ၁၆-ရက်ကို ပေါင်းလိုက်ရင် ၇-ကျနေပေမယ့်အသုံး မပြုသင့်ဘူး။ ရှောင်သင့်တယ်။

နောက်တစ်ခုက ၂-ဂဏန်းသမားတွေဟာ အလုပ်တွေကို အရမ်းလုပ်ပြီး ခြေကုန်လက်ပန်း ကျသွားတဲ့ ရောဂါမျိုး အဆစ်အမြစ် ကိုက်ခဲတဲ့ ရောဂါမျိုးတွေ ဖြစ်တတ်တယ်။ ဂဏန်းဗေဒင်စာအုပ်တွေမှာတော့ ဓာတ်စာတွေ အများကြီး ညွန်းထားပါတယ်။ ဒါပေမယ့် တစ်ကယ်လက်တွေ့ အသုံးဝင်တာကတော့ ရှောက်သီးပဲ။ ညအိပ်ယာ ဝင်ခါနီးတိုင်း စားပွဲဇွန်းနဲ့ တစ်ဇွန်းတစ်ဇွန်း သောက်သင့်တယ်။

၂-ဂဏန်းသမားအတွက် ကံကောင်းတဲ့ အရောင်ကတော့ အဖြူရောင်နဲ့ အစိမ်းရောင်တွေပါပဲ။

၂-ဂဏန်းသမား ဝတ်ဆင်သင့်တဲ့ ကျောက်မျက်ရတနာကတော့ ပုလဲရယ် ၊ မွန်းစတုံးခေါ်တဲ့ လကျောက်ရယ် ဖြစ်တယ်။

၂-ဂဏန်းသမားတွေဟာ ဘယ်နေရာမှာ ဘယ်လို အလုပ်မျိုးတွေကို လုပ်ရလုပ်ရ သူတို့ရဲ့ လုပ်ငန်းကို အနုပညာဆန်အောင် လုပ်ကိုင်လေ့ရှိတယ်။ ပြီးတော့ ၂-ဂဏန်းသမားဟာ ဘဝမှာ အလုပ်နှစ်ခါ ပြောင်းရတတ်တယ်။ အိမ်ထောင်လည်း နှစ်ဆက် ဖြစ်တတ်တယ်။

အဘမင်းသိင်္ခပြောပြတဲ့ ဂဏန်းဗေဒင်ထဲက မူလ (၁) ဂဏန်းသမားများ

အဘမင်းသိင်္ခပြောပြတဲ့ ဂဏန်းဗေဒင်ထဲက မူလ (၃) ဂဏန်းသမားများ