ရသေ့ကြီး ဦးခန္တီ ပုတီးစိပ် (သို့) သရဏဂုံ (၃၀) မန္တာန်တော်ကြီး

ဤသရဏဂုံ သုံးဆယ် မန္တာန်တော်ကြီးကို တနေ့လျှင် ပုတီး(၉)ပတ်စိပ်၍ (၉)ရက် အဓိဋ္ဌာန်ဝင်ခဲ့ရာ အဓိဋ္ဌာန်(၉)ကြိမ် ပြည့်သောနေ့ရက်တွင် ထူးထူးခြားခြား လာဘ်သပ္ပကာ ဝင်ခဲ့ဖူးကြောင်း သူတော်ကောင်းတို့ သိရှိပွားများ အကျိုးတရား ရနိုင်စေရန် တင်ပြလိုက်ခြင်း ဖြစ်သည်။

ရသေ့ကြီး ဦးခန္တီကား မြန်မာနိုင်ငံတဝန်းရှိ သာသာနာရေးဆိုင်ရာ အဆောက်အဦးများစွာကို ဦးစီးပြီး ဆောင်ရွက်တည်ထောင်ပေးသော ပြုပြင်ထိန်းသိမ်းပေးသော သာသနာ့ဟိတဓဇ နာယက ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တဦး ဖြစ်၏။

ရသေ့ကြီး ဦးခန္တီသည် မန္တလေးတောင်တော် အပါအဝင် မြန်မာနိုင်ငံ အရပ်ရပ်ရှိ မြို့ပေါင်း ၂၁၊ ဌာနပေါင်း ၄၇-ဌာနတို့၌ သာသနာရေးဆိုင်ရာ အဆောက်အဦးအမျိုးမျိုးတို့ကို အခိုင်အခန့် ပြုပြင်တည်ဆောက်ခဲ့သည်။ ရသေ့ကြီး ဦးခန္တီ ပြုပြင်တည်ဆောက်ခဲ့သော မြန်မာနိုင်ငံတဝှမ်းရှိ သာသနာရေးဆိုင်ရာ အဆောက်အဦများ၏ ရှေးခေတ်တန်ဖိုးမှာ ကုဋေ(၅၀)မျှ ရှိမည်ဟု ခန့်မှန်းကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ဒဏ်ကြောင့် ပျက်စီးသွားသော သာသနာ့အဆောက်အဦ အချို့၏ တန်ဖိုးမှာ သိန်း(၂၀)ကျော် ဖြစ်သည်ဟု မှတ်သားသိရှိရ၏။

သေသောသူ ကြာလျှင်မေ့ ဟူသော စကားရှိ၏။ သို့သော် မမေ့သင့် မမေ့ထိုက် မမေ့အပ်သော ပုဂ္ဂိုလ်များကို မမေ့ကောင်းဟု ကျွန်ုပ်ထင်၏။ ထို့အတွက်ကြောင့် သာသနပြုရသေ့ကြီး ဦးခန္တီအကြောင်းနှင့် သူ၏ လူသိနည်းသော အစွမ်းထက်မြက်သည့် ပုတီးစိပ်အကြောင်းကို ကျွန်ုပ်သည် သုတေသနပြု လေ့လာပြီး ဓမ္မမိတ်ဆွေ သူတော်စင်တို့အတွက် တင်ပြအပ်ပါသည်။

ဇာတိမျိုးရိုး

ရသေ့ကြီး ဦးခန္တီကို အဖ ဦးရွှေလှ+အမိ ဒေါ်ခိုဥ-တို့မှ ရမည်းစင်းမြို့နယ် အနောက်တောင် ရွာသာရွာ နိဂုံး၌ (၁၂၂၉)ခုနှစ် ဝါခေါင်လပြည့်ကျော်(၅)ရက် တနင်္လာနေ့တွင် ဖွားမြင်၏။ အချို့က ရသေ့ကြီး ဦးခန္တီ၏ အမိဖြစ်သူမှာ ဒေါ်ကန်-ဟု အမှတ်အသား ပြုကြသည်။

ရသေ့ကြီး ဦးခန္တီ၏ ငယ်နာမည်မှာ မောင်ဖိုးမောင်-ဖြစ်သည်။ (၁၂၄၉)ခုနှစ်တွင် ရဟန်းအဖြစ်သို့ ရောက်သည်။ ရဟန်းဝါ (၁၂)ဝါတိုင်တိုင် စာပေကျမ်းဂန်များကို မပြတ်သင်ကြားခဲ့ပြီးနောက် (၁၂၆၁)ခုနှစ်တွင် သိက္ခာချလျက် ရသေ့အသွင်သို့ ကူးပြောင်းသွားခဲ့ပြီးနောက် ရသေ့ဘဝဖြင့် မန္တလေးမြို့ သာခိုတောင် ရွှေမြင်တင်တောင်များ၌ ကမ္မဋ္ဌာန်းတရားများကို အားထုတ်နေသည်။

ရမည်းသင်း ရွှေမြင်တင်တောင်

ရသေ့ကြီးဦးခန္တီသည် ရမည်းသင်း အရှေ့ဘက် ရွှေမြင်တင်တောင်မှ အစပြု၍ သာသနာပြုခရီး စတင်ခဲ့သည်။ (၁၂၆၉) ခုနှစ်တွင် မန္တလေးတောင်တော်သို့ ကြွရောက်လာခဲ့သည်။ ရသေ့ကြီးဦးခန္တီ သာသနာပြုခဲ့သော မြို့ပေါင်း (၂၀) ဌာနပေါင်း (၄၇)ဌာန ရှိခဲ့၏။

၁။ မန္တလေးမြို့  = မန္တလေးတောင်၊ ရန်ကင်းတောင်၊ မယ်ခဲ့တောင်၊ အာနန္ဒာ၊ နန်းတွင်းတောရ၊ ရွှေစာရံ၊
ကျောက်တော်ကြီး၊ စန္ဒာမုမိ ကုသိုလ်တော်၊ သကျသီဟ၊ တောင်ပြုံး၊ ဆုတောင်းပြည့်၊
ဆုတောင်းရ။
၂။ ပြင်ဦးလွင် = ဉာဏ်တော် မဟာမြတ်မုနိ၊ ရေဝင်တောင်။
၃။ နမ္မတူ = ရွှေမြင်သာတောင်။
၄။ သီပေါ = ဘော်ကြိုဘုရား။
၅။ စစ်ကိုင်း = ဆင်များရှင်၊ ရှင်ဖြူရှင်လှ။
၆။ မိုးကောင်း = မန်းဦးတောင်။
၇။ တောင်ကြီး = ရပ်တော်မူဘုရား။
၈။ ပင်းတယ = ရွှေဥမင်ဘုရား၊ လိုဏ်ဂူ။
၉။ ရမည်းသင်း = ရွှေမြင်တင်၊ တောင်ပခြုပ်၊ ရွှေယင်ကျော် ၊ ရွှေယင်အိ၊ ရွှေယင်ဖုံး၊ မင်းသမီး၊ မဟာမြတ်မုနိ၊ ပျော်ရွာ၊ ပိတောက်ကုန်း(ညောင်လွန်)
၁၀။ နေပြည်တော် ပျဉ်းမနား = ဆင်ဖြူတောင်၊ စူဠာမဏိ(ဓမ္မိကတောင်)
၁၁။ နေပြည်တော် လယ်ဝေး = ရွှေလက်လှဘုရား။
၁၂။ ပဲခူး = ရွှေဟင်္သာကုန်း၊ နောင်တော်ကြီး။
၁၃။ သထုံ = မဟာမြတ်မုနိ၊ ရဟန္တာကျောင်း၊ ဓာတ်တော်စေတီ၊ ရွှေစာရံကျောက်စာ။
၁၄။ မော်လမြိုင် = အလံတင်တော်(ဦးခန္တီ)ဘုရား။
၁၅။ ချောင်းဆုံ = မြင်းမိုရ်တောင်။
၁၆။ ပုပ္ပါး = ရွှေသာလျောင်း။
၁၇။ ကျောက်ဆည် = ရွှေဆပ်သွား။
၁၈။ မိုးကုတ် = ထီးတောင်။
၁၉။ အင်း၀ (တံတားဦး) = မင်္ဂလာစေတီ။
၂၀။ မင်းဘူး =  မန်းစက်တော်၊ ကျောင်းတော်ရာ(ဆယ်တော်)၊ မဟာမြတ်မုနိ တို့ဖြစ်၏။

ခြွင်းချက်မရှိ ယုံကြည်ခြင်း

သာမန်လူတို့ စိတ်ကူးဖြင့် ပြုလုပ်ရန်ပင် မဝံ့သည့် သာသနိက အဆောက်အဦကြီးများကို တောင်ထပ်များ ပေါ်၌ တည်ဆောက်ရသည့် တာဝန်မှာ ကြီးလေးလှပါဘိ၏။ ထူးခြားသော ရသေ့ကြီး ဦးခန္တီ၏ စိတ်၊ စေတနာ၊ သဒ္ဓါ၊ အစွမ်းသတတိ၊ ပါရမီ တန်ခိုးသတ္တိတို့ကြောင့် လွယ်ကူစွာဖြင့် ပြီးစီးအောင်မြင်ခဲ့သည်သာ ဖြစ်သည်။

ရသေ့ကြီး ဦးခန္တီ၏ ဘာသာရေး၊ သာသနာရေး လုပ်ရပ်တို့ကို မြန်မာနိုင်ငံတဝန်းလုံးရှိ ဗုဒ္ဓဘာသာဝင် အပေါင်းတို့က နှစ်သက်ကြည်ဖြူကြသည်။ အနယ်နယ် အရပ်ရပ်မှ စေတနာရှင်များကလည်း အလှူငွေများစွာဖြင့် ထည့်ဝင်လှူဒါန်းကြသည်။ ရသေ့ကြီး ဦးခန္တီ၏ စေတနာ၊ သဒ္ဓါတရားတို့ကို ခြွင်းချက်မရှိ ယုံကြည်လက်ခံကြ၏။

အကြီးအကဲများ မျက်လုံးပြူး

ရသေ့ကြီး ဦးခန္တီ ဆောက်လုပ်လှူဒါန်း သာသနာပြုခဲ့သော ဘုရား၊ စေတီ၊ ပုထိုး၊ တန်ဆောင်း၊ ပြာသာဒ်၊ ဇရပ်၊ ရေကန်၊ စောင်းတန်း၊ အသွယ်သွယ်တို့မှာ လက်စွြတော်ပန်းရံ ပန်းပဲပညာရှင်များနှင့် သစ်ဝါး မပါဘဲ သံ၊ သဲ၊ ကျောက်၊ ဘိလပ်မြေ(အင်္ဂတေ) များဖြင့်သာ ပြုလုပ်ခဲ့သည်။ မန္တလေးတောင်တော် တခုတည်းပင် (၁၁၆-)သိန်းကျော် ကုန်သည်ဆို၏။ ထိုသို့ ငွေသိန်းပေါင်းများစွာ တန်ဖိုးရှိသော သာသနိက အဆောက်အအုံများကို ရသေ့ကြီးဦးခန္တီ လုပ်ကိုင်စီမံ ဆောင်ရွက်နေသည်ကို ဗြိတိသျှအစိုးရ အကြီးအကဲတို့ပင် မျက်လုံးပြူး၍ အံ့သြခဲ့ကြရသည်။

ရသေ့ကြီး ဦးခန္တီ ရွှေဖြစ်သည်ဟူသော သတင်း

ဗြိတိသျှ အစိုးရလက်ထက်က ရသေ့ကြီး ဦးခန္တီ ရွှေဖြစ်သည်ဟူသော သတင်းကြောင့် ဘုရင်ခံ၏ အထူးယုံကြည်မှုကို ခံရသော စုံထောက်(၃)ဦးကို စေလွှတ်ပြီး ရသေ့ကြီး ဦးခန္တီ ငွေစက္ကူ လုပ်-မလုပ် ဆိုသည်ကို လျှို့ဝှက်စွာ ထောက်လှမ်းခဲ့သည်ဆို၏။ မြန်မာနိုင်ငံကို အုပ်ချုပ်သော ဘုရင်ခံ၏ အထူးစုံထောက်များသည် ရသေ့ကြီး ဦးခန္တီ ငွေစက္ကူ လုပ်-မလုပ် သိ၇အောင် စုံစမ်းထောက်လှမ်းရန် မန္တလေးတောင်ခြေတွင် လူသွားလူလာ အရိပ်အခြည်ကို စောင့်ကြည့်နေကြသည်။

ရက်အားဖြင့်သာ နှဏ်ရက်သုံးရက်ခန့် ကြာမြင့်သွားပြီဖြစ်၏။ ရသေ့ကြီး ဦးခန္တီနှင့် ပတ်သက်သောသတင်း သဲလွန်စကို ရှာမရအောင် ဖြစ်နေချိန်တွင် မန္တလေးတောင်ပေါ်မှ ရသေ့ကြီး ဦးခန္တီက ထိုစုံထောက် အကျော်အမော်များကို လူလွှတ်ပြီး တောင်ပေါ်သို့ အခေါ်ခိုင်းလိုက်၏။

မန္တလေးတောင်ပေါ်သို့ ရောက်သောအခါ ရသေ့ကြီး ဦးခန္တီက တည်ကြည်သည့် မျက်နှာထားဖြင့် “မောင်ရင်တို့ ဘာကိစ္စ စုံစမ်းထောက်လှမ်းစရာရှိလို့ ဒီကိုလာတာလဲ” ဟူ၍ မေး၏။

စုံထောက်ကျော်များသည် ဘာမျှမပြောသေးဘဲ တဦးမျက်နှာ တဦးကြည့်ကာ မည်သို့မည်ပုံ အဖြေပေးရလျှင် သင့်နိုးနိုး စဉ်းစားနေကြသည်။ နောက်ဆုံးတွင် အမှန်အတိုင်း ဖွင့်ဟဝန်ခံရလျှင် ကောင်းမည်ဟူ၍ ဆုံးဖြတ်ပြီး “တပည့်တော်တို့ဟာ ရသေ့ကြီး ငွေတွေအများကြီးရအောင် ဘယ်ပုံဘယ်နည်း လုပ်သလဲဆိုတာကို ဘုရင်ခံက တာဝန်ပေးလို့ စုံစမ်းထောက်လှမ်းရအောင် လာရခြင်း ဖြစ်ပါတယ်ဘုရား”ဟု လျှောက်ထား၏။

ထိုအခါ ရသေ့ကြီး ဦးခန္တီက – “သြော်-ငွေကိစ္စကို ငါ့အနေနဲ့ ဘယ်လိုလုပ်ပြီး ငွေတွေအများကြီးရအောင် လုပ်တယ်ဆိုတာ သိချင်တာပေါ့”

“မှန်ပါ့”

“ကဲ ဒီလိုဆိုလည်း သိရအောင် လုပ်ပြရတာပေါ့။ သေသေချာချာ ကြည့်ထားကြနော်”

ထိုသို့ ပြောဆိုပြီး ရသေ့ကြီး ဦးခန္တီသည် သူ့ရှေ့တွင်ရှိသော ကြေးစည် အဖိုနှင့်အမကို သူကိုယ်တိုင်ပင် သွား၍ သုံးချက်တီးလိုက်၏။

ဤသို့ ကြေးစည်ကို တီးခတ်လိုက်သည်နှင့် တခဏအတွင်းမှာပင် တောင်ခြေမှ ဘုရားဖူး ပရိသတ်သည် အစုလိုက် အပြုလိုက် မန္တလေးတော်ပေါ်သို့ တက်ရောက်လာကြပြီး မိမိတို့ စိတ်၊ စေတနာ၊ သဒ္ဓါရှိသလောက် ရွှေ၊ ငွေ၊ ကျောက် လက်ဝတ်ရတနာပစ္စည်းအပြင် ငွေများကိုလည်း ရသေ့ကြီးအား လှူဒါန်းတော့၏။

ယင်းကဲ့သို့လှူဒါန်းခြင်းသည် အလှူခံသေတ္တာပုံးအတွင်းသို့ ငွေများ ထည့်သွားခြင်းမဟုတ်၊ နေရပ်လိပ်စာ အပြည့်အစုံ မေးကာ ငွေများ ထည့်ဝင်လှူဒါန်းသွားခြင်း ဖြစ်သည်။ အလှူရှင်များ၏ နေရပ်လိပ်စာ အပြည့်အစုံကို ရသေ့ကြီးဦးခန္တီက စုံထောက်ကျော်များအား ရေမှတ်စေ၏။ အလှူရှင်များသည် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ လာကြသူများဖြစ်သည်။ တရက်တည်း တချိန်တည်းအတွင်း၌ တစုတဝေးတည်း ရောက်ရှိလာကြပုံမှာ ဆန်းကြယ်၍နေတော့သည်။

စုံထောက်ကျော်ကြီးများက အလှူရှင်များ၏ ရုပ်လက္ခဏာကိုလည်း အသေအချာလေ့လာမှတ်သားလေ့ ရှိသည်။ နေရပ်လိပ်စာ အပြည့်အစုံကိုလည်း ရေးကူးမှတ်သားထား၏။ ယခင်က လှူဒါန်းပြီးသည် ဆိုသောသူများ၏ နေရပ်လိပ်စာများကိုလည်း ရေးကူးထားပြန်၏။ စုံထောက်ကြီးများကိုယ်တိုင် တနာရီခန့် အလှူရှင်များ၏ နေရပ်လိပ်စာ အပြည့်အစုံကို ရေးမှတ်သားပြီး အလှူငွေများကို ကောက်ခံသိမ်းယူကြည့်ရာ တနာရီအတွင်း ရရှိသော အလှူငွေများမှာ ကျပ်တစ်သောင်းကျော် ရှိလေသည်။

ဤတွင် စုံထောက်ကျော်ကြီးများသည် ရသေ့ကြီးဦးခန္တီအား ဦးချကာ မန္တလေးတောင်ပေါ်မှ ပြန်လည်၍ ဆင်းသွားကြတော့၏။ ထို့နောက်တွင် စုံထောက်ကျော်ကြီးများသည် သူတို့ ရေးမှတ်ယူသွားခဲ့သော နေရပ်လိပ်စာများသို့ သွားရောက်၍ စုံစမ်းကြည့်ရာ အမှန်တကယ်ရှိသောသူများ ဖြစ်ကြပြီး စေတနာသဒ္ဓါ တရား ထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြသော ပုဂ္ဂိုလ်များ ဖြစ်နေသည်ကို တွေ့ရသည်ဆို၏။ ထိုအကြောင်း အရာတို့ကို ဘုရင်ခံထံသို့ သူတို့၏အတွေ့အကြုံများ အစီရင်ခံစာ ရေးသားတင်သွင်းလိုက်သောအခါ ရသေ့ကြီး ဦးခန္တီ ငွေစက္ကူ လုပ်,မလုပ်၊ ရွှေ ဖြစ်,မဖြစ် ဆိုသော ပြဿနာ-မှာ ရှင်းသွားတော့သည်။

သာသနာပြု ပုဂ္ဂိုလ်

ထိုအချိန်မှစ၍ ဗြိတိသျှအစိုးရကိုယ်တိုင်ပင် ရသေ့ကြီးဦးခန္တီအား တကယ်စစ်မှန်သော သူတော်ကောင်း သာသနာပြုပုဂ္ဂိုလ်ကြီးအဖြစ် အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။ ရသေ့ကြီးဦးခန္တီ သွားလိုရာသို့ ရေကြောင်း၊ ကုန်းကြောင်း၊ ခရီးလမ်းများကို အလွယ်တကူ သွားလာနိုင်စေရန် ခွင့်ပြုလက်မှတ်များ ဆက်ကပ်လှူဒါန်းထားသည်။ ရသေ့ကြီး ဦးခန္တီ ပြုလုပ်သော ဘုရားပွဲတော် ပျော်ပွဲရွှင်ပွမြျားကို ဗြိတိသျှ အင်္ဂလိပ် အစိုးရမင်းထံ အမိန့်မခံယူဘဲ ပြုလုပ်နိုင်သည်အထိ အထူးအခွင့်အရေးများကို ပေးထား၏။

ဘုရင်ခံက လေးစားခြင်းခံရ

မကြာမီမှာပင် မြန်မာဘုရင် ဆာဟာကုတ်ဘတ္တလာ၏ ဇနီးမောင်နှံတို့ကိုယ်တိုင် ရသေ့ကြီး ဦးခန္တီရှိရာ မန္တလေးတောင်တော်သို့ ရိုသေလေးစားစွာ လာရောက်၍ နှုတ်ဆက်ဂါရဝပြုသည်။ မြန်မာဘုရင်ခံ ဆာဟာကုတ်ဘတ္တလာသည် ရသေ့ကြီး ဦးခန္တီအား တွေ့သည်နှင့် လက်မှကိုင်ထားသော ဦးထုပ်ကိုပြကာ “ကျွန်ုပ် ခင်ဗျားကို ဘယ်လောက်လေးစားကြည်ညိုပါသလဲ ဆိုရင် ခင်ဗျားဆီကို လာတဲ့အတွက် မင်းတဲ(ဗိုလ်တဲရိပ်သာ)မှ ထွက်စဉ်ကပင် ဦးထုပ်ကို ချွတ်ကိုင်လာခဲ့ပါတယ်” ဟူ၍ ပြောပြ၏။

ရသေ့ကြီး ဦးခန္တီမှာ မြန်မာလူမျိုးများသာမက နိုင်ငံခြားသားများပင်လျှင် လေးစားကြည်ညိုခြင်းကို ခံရသော လူတော်လူကောင်း ပုဂ္ဂိုလ်ကျော်တဦး ဖြစ်၏။ (၁၉၆၆)ခုနှစ်တွင် နိုင်ငံခြားသား လာမာဂေါဝိန္ဒ သည် တိမ်ဖြူဖြူခရီး (The way of the white cloud) အမည်ရှိ ခရီးသွားမှတ်တမ်း စာအုပ်ကို ရေးသာပြုစုခဲ့သည်။ ထိုစာအုပ်သည် ပဉ္စမအကြိမ်အထိ ထုတ်ဝေခဲ့ရ၍ လူကြိုက်များလှသော စာအုပ်ဖြစ်ကြောင်း ထင်ရှားသည်။ ယင်းစာအုပ်တွင် မန္တလေးတောင် ရသေ့ကြီး ဦးခန္တီ-ခေါင်းစဉ်ငယ်ဖြင့် ရသေ့ကြီး ဦးခန္တီအား မိမိမြင်ရစဉ်က အတွေ့အကြုံများကို စိတ်ဝင်စားဖွယ် မှတ်တမ်းတင်ကာ ရသေ့ကြီး ဦးခန္တီ၏ ဂုဏ်ကျေးဇူးများကို အကျယ်တဝင့် ရေးသားဖော်ပြထားသည်ကို လေ့လာဖတ်ရှုခဲ့ရ၏။

ဓနသိဒ္ဓိ

ရသေ့ကြီးဦးခန္တီသည် မန္တလေးတောင်ကို မွမ်းမံသူဖြစ်သောကြောင့်မန္တလေးတောင် ရသေ့ကြီး ဦးခန္တီ-ဟူ၍ ပိုမိုလူသိများ၏။ ရသေ့ကြီး ဦးခန္တီ ကြီးမှူးနှိုးဆောင်၍ ပြုလုပ်သော ကောင်းမှုကုသိုလ်များမှာ လွန်စွာမှ များပြားလှသည်။ အတိအကျ တန်ဖိုးဖြတ်ရန် မလွယ်ကူပေ။ ထို့အတွက်ကြောင့် တချို့သောသူများက ဓနသိဒ္ဓိပေါက်နေသော ပုဂ္ဂိုလ်ထူးကြီးဟု ဆိုသူက ဆို၏။ တချို့ကလည်း ရသေ့ကြီး ဦးခန္တီထံတွင် သိဒ္ဓိပြီးမြောက်သော ဓာတ်လုံးရှိရမည်ဟု ထင်မြင်ယူဆနေကြ၏။

ပြန်လည်တည်ဆောက်

အနှစ်(၄၀)ကျော်အတွင်း မြို့ပေါင်း ၂၀၊ ဌာနပေါင်း ၄၇-ဌာနတို့တွင် အမျိုးမျိုးသော သာသနာရေးဆိုင်ရာ အဆောက်အအုံတို့ကို တည်ဆောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ် အတွင်းက ပျက်စီးဆုံးရှုံးသွားခဲ့သော အဆောက်အအုံတချို့ပင်လျှင် သိန်းပေါင်း(၂၀)ကျော်ခန့် တန်ဖိုးရှိ၏။ စစ်ပြီးရာတွင် ရသေ့ကြီး ဦးခန္တီသည် စစ်ဒဏ်ကြောင့် မိမိ၏ ကောင်းမှုများပျက်စီးရသည်ကို အသစ်တဖန် ပြန်လည်ပြင်ဆင်မွမ်းမံသေးသည်။ ထိုသို့ ပြင်ဆင်မွမ်းမံရင်း အဆောက်အအုံသစ်များကိုလည်း တည်ဆောက်ရန် စီစဉ်စိုင်းပြင်းသွားသေးသည်။

ကွယ်လွန်ရှာပြီ

ဤကဲ့သို့ နှစ်ပေါင်းများစွာ မနားမနေ ဘုရားစေတီ ပုထိုးတန်ဆောင်းဇရပ်များကို စီမ့ဆောက်လုပ်သော သာသနာပြုခဲ့သော ရသေ့ကြီး ဦးခန္တီသည် မြန်မာသက္ကရာဇ်(၁၃၁၀)ခုနှဏ် ပြာသိုလ်လပြည့်ကျော် (၁၄)ရက် ဗုဒ္ဓဟူးနေ့ ညနေ သက်တော်(၈၂)နှစ်အရွယ်တွင် ကွယ်လွန်သွားတော့သည်။ ရသေ့ကြီး ဦးခန္တီ၏ ရုပ်ကလာပ်ကို (၂)နှစ်တိုင် ပူဇော်ကန်တော့ကြပြီး နိုင်ငံတော်အစိုးရက ထောက်ပံ့လှူဒါန်းငွေ(၅၀၀၀) ကျပ်နှင့် အရပ်ရပ် ဈာပနအလှူတော် ရန်ပုံငွေများ စုပေါင်းလျက် (၁၃၁၂)ခုနှစ် တပို့တွဲလဆန်း (၈)ရက်နေ့မှ တပို့တွဲလပြည့်နေ့အထိ မန္တလေးမြို့ ရဟန်းပျိုအဖွဲ့မှ ကြီးမှူး၍ မန္တလေးတောင်ခြေ ကွင်းပြင်တွင် ကြီးကျယ်ခမ်းနား စည်ကားသိုက်မြိုက်စွာ အန္တိမဈာပန ကျင်းပသင်္ဂြိုဟ်ခဲ့သည်။

ရသေ့ဝိဇ္ဇာ ဦးခန္တီ

နိုင်ငံကျော် မိုးညှင်းတောရ ဆရာတော်ဘုရားကြီးသည် မိုးညှင်းသမ္ဗုဒ္ဓေဘုရားအတွင်း ရသေ့ကြီး၏ ပုံတူ ထုလုပ်၍ ရသေ့ဝိဇ္ဇာ ဦးခန္တီ ဟု ကမ္ပည်းထိုးထားပေး၏။

ရသေ့ကြီး ဦးခန္တီ၏ ပုတီးစိပ်

ရန်ကုန်မြို့ စဉ့်အိုးတန်းအောက်လမ်း တိုက်အမှတ်(၁၀)တွင် နေထိုင်ခဲ့သော ရန်ကုန် ဗားကရာကျောင်း အမကြီး ရွှေတိဂုံစေတီတော် စနေထောင့်ရှိ ဝိဇ္ဇာဇော်ဂျီဘုရားနှင့် တန်ဆောင်းဒါယကာ ဒေါ်ဦး၏ သမီး ဒေါ်ညိမ်းအေး(စာရေးသူ၏ အဘွားဖြစ်သူ)သည် ဂန္ဓာရီ လောကီပညာရပ်များကို ဝါသနာထုံ၍ လေ့လာလိုက်စားပြီး ပုတီးစိပ်လေ့ရှိ၏။

တနေ့သ၌ ကျွန်ုပ်က အဘွားဖြစ်သူ ဒေါ်ညိမ်းအေးအား “အဘွား ဘာကို ပုတီးစိပ်လဲ”

“ရသေ့ကြီး ဦးခန္တီ ပေးထားတဲ့ သရဏဂုံ(၃၀) မန္တာန်တော်ကြီးကို ပုတီးစိပ်တာပေါ့ ငါ့မြေးရဲ့”

“အဲဒီ သရဏဂုံ (၃၀)ကို ပုတီးစိပ်ရင် ဘာဖြစ်သလဲ ဘွားဘွား”

“သရဏဂုံ (၃၀)ကို ပုတီးစိပ်ရင် ငွေတွေရပြီး ချမ်းသာတာပေါ့”

ကျွန်ုပ် ကလေးဘဝက ဘွားဘွားဒေါ်ညိမ်းအေးက ပြောဆိုခဲ့သော စကားကို ယခုထက်တိုင် မှတ်ရနေမိ သေးသည်။ ဘွားဘွားသည် စနေနေ့တိုင်း ဘုရားရှိခိုးအပြီးတွင် ဘုရားစင်ရှေ့၌ ပုတီးစိပ်နေသည်ကို တွေ့မြင်ခဲ့ရသည်။ ကျွန်ုပ်သည် ငယ်ရွယ်စဉ် အခါသမယက အဘွားဒေါ်ညိမ်းအေး ပြောခဲ့သော မန္တလေးတောင် ရသေ့ကြီး ဦးခန္တီ ပေးခဲ့သည့် သရဏဂုံ(၃၀)အကြောင်းကို သိလည်း မသိ။ သိအောင်လည်း မလေ့လာခဲ့ပေ။ မိမိနှင့် မဆိုင်သကဲ့သို့ပင် နေထိုင်ခဲ့၏။

ကျွန်ုပ်၏အဘွားဖြစ်သူ ဒေါ်ညိမ်းအေးသည် လွန်စွာမှ ချမ်းသာခဲ့သည်။ စစ်ကြိုခေတ်ကာလက ရွှေတဆယ်သားလျှင် (၂၃)ကျပ်မျှသာ ပေါက်ဈေးရှိစဉ်ကာလက ကျွန်ုပ်တို့သည် ငွေကျပ် သိန်းပေါင်း (၆၀)ကျော်မျှ ချမ်းသာကြွယ်ဝခဲ့သည်။ ကျွန်ုပ်ငယ်ရွယ်စဉ်ကာလက ရွှေမရှား၊ ငွေမရှား အဖြစ်နှင့် ဘဝတွင် ကြုံတွေ့ခဲ့ရဖူးသည်။ ကျွန်ုပ်သည် ကောင်းပေ့ညွှန့်ပေဆိုသော ဝတ်ကောင်းစားလှများကို ဝတ်ဆင်ခဲ့ရဖူးပြီး အကောင်းဆုံးသော အစားအစာများကိုလည်း စားသောက်ခဲ့ရသည်။ ကျောင်းသို့ သွားလျှင် ဂျာမနီလုပ် အိုပယ်ကားဖြင့် သွားခဲ့ရပြီး ပွဲထိုင် အလှူမင်္ဂလာ ပွဲလမ်းသဘင်များဆိုလျှင် ကိုယ်ပိုင် မာစီးဒီးကားသစ်ကြီးနှင့် သွားရောက်ခဲ့သည်။

ခေတ်ကာလတွေ အမျိုးမျိုးပြောင်းလဲလာပြီး အဘွားဖြစ်သူ ဒေါ်ညိမ်းအေးလဲ အသက်အရွယ် ကြီးရင့်၍ ဘဝတပါးသို့ ပြောင်းသွားခဲ့သည်။ အဘွားကွယ်လွန်ပြီးချိန်ကစပြီး ကျွန်ုပ်တို့ သားအမိတတွေလည်း အမျိုးမျိုးသော စိတ်ဒုက္ခ ကိုယ်ဒုက္ခတို့နှင့် ရင်ဆိုင်တွေ့ကြုံရတော့သည်။

ခလုတ်ထိမှ အမိတ-ဆိုသော စကားစဉ်အတိုင်း အမျိုးမျိုးအထွေထွေသော ဘေးဒုက္ခအပေါင်းနှင့် တွေ့ကြုံရသည့်အခါတွင် ကျွန်ုပ်သည် အဘွားပြောခဲ့သော ရသေ့ကြီး ဦးခန္တီ၏ ပုတီးစိပ် သရဏဂုံ(၃၀) မန္တာန်တော်ကြီးကို သွား၍ အမှတ်ရနေမိသည်။ ထိုအခါ ရသေ့ကြီး ဦးခန္တီ ချီးမြှင့်ခဲ့သည်ဆိုသော သရဏဂုံ (၃၀) မန္တာန်တော်ကြီးကို အမှန်တကယ် သိရှိနားလည်လိုသောစိတ်ဖြင့် ကျွန်ုပ်သည် ရှာဖွေလေ့လာ ကြည့်ခဲ့ရာ တွေ့လေတော့ပြီ။

ကျွန်ုပ် လေ့လာတွေ့ရှိသော သရဏဂုံ(၃၀) မန္တာန်တော်ကြီးကို ယခုဘ၀ ရနိုင်သောအကျိုး အကျယ်များပါ အလွယ်တကူ သိရှိနိုင်ရန် အကုန်ဖော်၍ ရေးသားပါအံ့။

သရဏဂုံ (၃၀) မန္တာန်တော်ကြီး

ပထမဦးစွာ ဇာ-ဘော-ဇီ-ယာ-မ-မ-အ-အ-နိ-နိ-ဟူသော ခေါင်းစဉ် ၁၀-ချက် အရကျက်ရမည်။

(၁) ဇာတိပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဇာတိပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
ဇာတိပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။

(၂) ဘောဂပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဘောဂပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
ဘောဂပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။

(၃) ဇီဝိတပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဇီဝိတပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
ဇီဝိတပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။

(၄) ယာဝဇီဝံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ယာဝဇီဝံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
ယာဝဇီဝံ သံဃံ သရဏံ ဂစ္ဆာမိ။

(၅) မရဏပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
မရဏပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
မရဏပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။

(၆) မရဏကာလပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
မရဏကာလပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
မရဏကာလပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။

(၇) အရဟတ္တမဂ္ဂပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
အရဟတ္တမဂ္ဂပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
အရဟတ္တမဂ္ဂပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။

(၈) အရဟတ္တမဂ္ဂကာလပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
အရဟတ္တမဂ္ဂကာလပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
အရဟတ္တမဂ္ဂကာလပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။

(၉) နိဗ္ဗာနပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
နိဗ္ဗာနပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
နိဗ္ဗာနပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။

(၁၀) နိဗ္ဗာနကာလပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
နိဗ္ဗာနကာလပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
နိဗ္ဗာနကာလပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။

အနက်ကား

(၁) ဇာတိပရိယန္တံ-ဇာတိပဋိသန္ဓေ ကုန်ဆုံးသည့်တိုင်အောင်၊
ဗုဒ္ဓံ-မြတ်စွာဘုရားကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။
ဓမ္မံ-တရားတော်မြတ်ကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။
သံဃံ-သံဃာတော်မြတ်ကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။

(၂) ဘောဂပရိယန္တံ – စည်းစိမ်ဥစ္စာ ကုန်ဆုံးသည့်တိုင်အောင်၊

(၃) ဇီဝိတပရိယန္တံ – အသက် ကုန်ဆုံးသည့်တိုင်အောင်။

(၄) ယာဝဇီဝံ – အသက်ထက်ဆုံး။

(၅) မရဏပရိယန္တံ – သေခါနီးတိုင်အောင်။

(၆) မရဏကာလပရိယန္တံ – သေသည့်တိုင်အောင်။

(၇) အရဟတ္တမဂ္ဂပရိယန္တံ – အရဟတ္တမဂ် ရသည့်တိုင်အောင်။

(၈) အရဟတ္တမဂ္ဂကာလပရိယန္တံ – အရဟတ္တဖိုလ် ရသည့်တိုင်အောင်။

(၉) နိဗ္ဗာနပရိယန္တံ – ပရိနိဗ္ဗာန် ဝင်စံခါနီးတိုင်အောင်။

(၁၀) နိဗ္ဗာနကာလပရိယန္တံ – ပရိနိဗ္ဗာန် ဝင်စံသည့်တိုင်အောင်။

ဗုဒ္ဓံ – မြတ်စွာဘုရားကို၊ သရဏံ – ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ – ဆည်းကပ်ပါ၏။

ဓမ္မံ – တရားတော်မြတ်ကို၊ သရဏံ – ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ – ဆည်းကပ်ပါ၏။

သံဃံ – သံဃာတော်မြတ်ကို၊ သရဏံ – ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ – ဆည်းကပ်ပါ၏။

ပုတီးစိပ်ရန်

တပုဒ်လျှင် ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ ပွား၍ သရဏဂုံ(၃၀) ဖြစ်၏။

ပုတီးစိပ်သောအခါ ဗုဒ္ဓံ တစ်လုံး၊ ဓမ္မံ တစ်လုံး၊ သံဃံ တစ်လုံး၊ စိပ်ရ၍ (၁၀)ပုဒ်မှာ (၃၀) ဖြစ်လာ၏။

(၁) ဇာတိပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ( ပုတီးတလုံးချ )
ဇာတိပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။ ( ပုတီးတလုံးချ )
ဇာတိပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။ ( ပုတီးတလုံးချ ) စသည် ပုတီးစိပ်လေ။

ပုတီးစိပ်သောအခါ စိတ်တည်ကြည်စွာထား၍ ဂုဏ်တော်သုံးပါး အနက်သဘောကို ဉာဏ်နှင့်သိ၍ ကြည့်၍ စိပ်နိုင်ပါလျှင် အကျိုးထူးကြီးများကို အောက်ပါအတိုင်း ရနိုင်ကြကုန်၏ဟု ယုံကြည်ရိုသေစွာ ပုတီးစိပ်လေ။

သရဏဂုံ၊ ကိုယ်လုံးခြုံ၊ အကုန်သိဒ္ဓိပေါက်။
သရဏဂုံ၊ ကိုယ်လုံးထုံ၊ အာရုံထင်နိမိတ်။
သရဏဂုံ၊ သုံးဆယ်စုံ၊ အကုန်ပုတီးစိပ်။
အန္တရာယ်ကင်း၊ ကပ်ကျော်နင်း၊ ပေါခြင်းလာဘ်မဆိပ်။

သရဏဂုံ သုံးဆယ်ဂါထာ မန္တာန်တော်ကြီး အကျိုးကြီးပုံအကျယ်

ဘုရားဂုဏ်တော်မြတ်ကို ထင်မြင်အောင် ဆင်ခြင်အောက်မေ့၍ သရဏဂုံမန္တာန်တော်ကြီးကို ရွတ်ဆိုကြလျှင် ကြံတိုင်းအောင်၏။ ပြောသမျှ ပြီးစီး၏။ လူ နတ်တို့ ချစ်ခင်၏။

ထမင်း ခဲဖွယ်ဘောဇဉ် အစားအစာများကို မန်း၍ စားက (၉၆)ပါးရောဂါ မဖြစ်နိုင်။ မိမိနေသော အိမ်ဖြစ်စေ၊ ကျောင်းဖြစ်စေ၊ သစ်ပင်ဖြစ်စေ၊ နေရင်းထိုင်ရင်း၊ သွားရင်းလာရင်း၊ စားရင်းသောက်ရင်း၊ ဗုဒ္ဓဂုဏ်တော် ကြီးကို ရွတ်ပွားကာ နေကြလျှင် (သြော်) ငါသည် အဖိုအနဂ္ဃ ထိုက်တန်လှသော ဂုစ်တော်မြတ်ကြီးကို အာရုံစွဲစွဲနှင့် စိတ်ထဲဉာဏ်ထဲတွင် မြဲမြဲကြီး တွေ့ဆုံမိ ကြည်ညိုမိရပေပြီဟု ပါရာယနသုတ္တန်လာ ပိင်္ဂိယမထေရ်ကဲ့သို့ မှတ်ထင်ဝမ်းမြောက်ရမည်။

တကယ်တမ်းယုံကြည်၍ ဂုဏ်တော်မြတ်ကြီးကို ရွတ်ဆိုပွားလတ် ဆည်ကပ်သူတို့မှာ ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်မတွေ့ရဟု မှတ်၊ မကောင်းသော အနိဋ္ဌဘေးရန်အပေါင်းတို့သည် မလာမရောက်နိုင်သည့်ပြင် လောက၌ ကျက်သရေမင်္ဂလာ စီးပွား အစားအစာ တိုးတက်သည်။

ဤသရဏဂုံ(၃၀)ကို နှစ်နှစ်ကာကာ ယုံကြည်စွာနှင့် ရွတ်ဆိုပွားလတ် ကိုးကွယ်ဆည်းကပ်သူတို့သည် ဝိပတ္တိကပ်ဆိုးလည်း မထိုက်၊ ပျက်စီးခြင်း ဗျသနလည်း မဆိုက်၊ ရန်သူလည်း မကပ်၊ ဗုဒ္ဓဓာတ် သရဏဂုံ ကိုယ်လုံခြုံကြလျှက် လောကီဘုံဖြစ်ရာ ရတနာတွေလည်းပေါ၊ အသက်ရှည်လို့ ရောဂါကင်း၊ သာသနာတော် မြတ်ကြီးကလည်း နေရောင်မက ထွန်းတောက်လို့ လင်းနိုင်ပါသတည်း။

စာရေးသူ ဝန်ခံချက်။ (ဤသရဏဂုံ သုံးဆယ် မန္တာန်တော်ကြီးကို တနေ့လျှင် ပုတီး(၉)ပတ်စိပ်၍ (၉)ရက် အဓိဋ္ဌာန်ဝင်ခဲ့ရာ အဓိဋ္ဌာန်(၉)ကြိမ် ပြည့်သောနေ့ရက်တွင် ထူးထူးခြားခြား လာဘ်သပ္ပကာ ဝင်ခဲ့ဖူးကြောင်း သူတော်ကောင်းတို့ သိရှိပွားများ အကျိုးတရား ရနိုင်စေရန် တင်ပြလိုက်ခြင်း ဖြစ်သည်။)

Credit By သုတေသီမြင့်ထွန်း

(အစွမ်းထက်သော ပုတီးစိပ်နှင့် ကိုယ်တွေ့ဖြစ်ရပ်ဆန်းများ) စာမူခွင့်ပြုချက်အမှတ်-၉၇ (၁၂) (ရောင်ပြန် မဂ္ဂဇင်း ၂၀၁၀-နိုဝင်ဘာ )