အရိယာနှလုံးသား စိတ်စွမ်းအားဖြင့် ကူညီကယ်တင် အနန္တကျေးဇူးရှင်

လောကသုံးပါး၌ အတုမရှိသော မြတ်ဗုဒ္ဓဘုရားရှင်သည် အစိန္တေယျ မကြံစည်အပ်၊ အပ္ပမေယျ၊ မနှိုင်းယှဉ်အပ်သော ဘုန်းတော်၊ ကံတော်၊ ဉာဏ်တော်ပါရမီတော်နှင့်တကွ စကြာဝဠာ ကမ္ဘာမိုးမြေ ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော် အနန္တနှင့် ပြည့်စုံတော်မူခြင်းကြောင့် လူနတ်ဗြဟ္မာသတ္တဝါအားလုံးတို့၏ ကိုးကွယ်ဆည်းကပ် လေးမြတ် ကြည်ညိုအပူဇော်ခံထိုက်သော ဆရာတစ်ဆူ ဖြစ်တော်မူပါပေ၏။

‘ဗုဒ္ဓေါလောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ’၊ ဗုဒ္ဓေါ သစ္စာ ကာမလေးပါး ပိုင်းခြားသိမြင် ဘုရားရှင်သည် လောကေ- ကမ္မရူပ အရူပ ဟူသော လောက သုံးအင် ဘုံတစ်ခွင်၌ သဗ္ဗပါဏိနံ အလုံးစုံသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ဟိတာယ – လောကီ လောကုတ္တရာ နှစ်ဖြာတိုးပွား အကျိုးများစေခြင်း အလို့ငှာ သမုပန္နော – ဥဒည်တောင်စွန်း နေစက် ဝန်းကဲ့သို့ ပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့ရလေပြီ။

ထိုပါဠိဂါထာအရဆိုလျှင် ဘုရားရှင်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးတို့ကို ဖြည့်ကျင့်တော် မူခြင်းသည် ဗုဒ္ဓတ္ထ စရိယ ဦးစွာ မိမိ ဘုရားဖြစ်စေရေးကို အားထုတ်တော်မူခဲ့ပါတယ်။ ဘုရား ဖြစ်တော်မူပြီးသောအခါတွင် ဉာတတ္ထစရိယ ဆွေ တော်မျိုးတော်တို့အကျိုးငှာ သံသရာတည်း ဟူသော ဝဲဩဃရေအလျဉ်မှ ကယ်တင်တော်မူ သကဲ့သို့ လောကတ္ထစရိယ လောကသားတို့အား လည်း ရာဟုလာ ရင်ဝယ်သားကဲ့သို့ သနား ကြင်နာလှသော မဟာကရုဏာဖြင့် သန္တိသုခံ မြတ်နိဗ္ဗာန်သို့ ရောက်ရန် ရည်ရွယ်ကယ်တင် တော် မူခဲ့သည်ဖြစ်၍ တစ်လောကလုံး၏ အနှိုင်းမဲ့ ဂုဏ်အင် အနန္တကျေးဇူးရှင် ဖြစ်တော်မူပါပေသည်။

စာရေးသူအနေဖြင့် မဟာဗုဒ္ဓဝင်တော်ကြီးကို လေ့လာမှတ်သားဖတ်ရှုရသည့်အခါ ဗုဒ္ဓအလိုရ ဘုရားလောင်း သူတော်ကောင်းတို့သည် မိမိ အကျိုး သူတစ်ပါးအကျိုး ထိုနှစ်မျိုးကို သယ်ပိုး ဆောင်ရွက်လေ့ရှိရာ အတ္တပရ ထိုနှစ်ဝဖြင့် လောကကောင်းကျိုးကို ဆောင်ရွက်နိုင်ခြင်းသည် လူသာမန်တို့စွမ်းနိုင်သော အလုပ်မဟုတ်ဘဲ ဘုရားစသော အရိယာနွယ်ဝင်သူတော်စင်တို့၏ အလုပ်သာဖြစ်ကြောင်း နှလုံးသွင်းကြည်ညိုခဲ့ရ ပေသည်။ ဤသို့ဆိုလျှင် ကျမ်းဂန်ပူဇော်ပြီး မိမိ အနီးကပ်ကြည်ညိုခဲ့ရသော မေဃဝတီဆရာ တော်ကြီး၏ ဂုဏ်ထူးဝိသေသနနှင့် ကျေးဇူး အနန္တတို့ကို ရည်မှန်းအားခဲ ရာပြည့်ပွဲတွင် ဦးတင် ညွတ်ပွား ဤဆောင်းပါးဖြင့် ရေးသားပူဇော်ရန် စိတ်ဆန္ဒဖြစ်ပေါ်ခဲ့ရပေသည်။

ဆရာတော်ကြီးခန္ဓာဝန်ချခဲ့သည်မှာ ၁၄ နှစ် ခန့် ရှိပြီဖြစ်သော်လည်း နှစ်စဉ် တစ်နှစ်တစ်ကြိမ် နှစ်ပတ်လည် ဂုဏ်ရည်မှန်းဆပူဇော်ပွဲကို စဉ် ဆက်မပြတ် ကျင်းပပူဇော်ခဲ့သည်။ ဆရာတော် ကြီး၏ စံကျောင်းတော်၌ ပြတိုက်အပါအဝင် ဓာတ်တော်နှင့် ဆရာတော်ကြီး၏ရုပ်ခန္ဓာ ဥတုဇ ကို တေဇောဓာတ်မီး ပူဇော်ရာမှ ကြွင်းကျန်ရစ် သော သရီရဓာတ်တော်များ သီတင်းသုံး စံပါယ် ရာ ဓာတ်တော်တိုက်၊ နာရီစင်၊ ဘေးမဲ့ကျောင်း၊ ကမ္ပည်းကျောက်စာတိုက်စသော သာသနိက အဆောက်အဦများကိုလည်း ဆရာတော်ကြီး၏ ဝိဇာတမွေးနေ့ ရာပြည့်ပွဲကြီးတွင် တစ်ပြိုင်နက် ဖွင့်လှစ်ပူဇော်ကြမည်ဖြစ်လေသည်။

အံ့ဖွယ်ဖြာဖြာ ထေရ်မဟာ

စာရေးသူသည် တစ်ချိန်က နိုင်ငံတော်က ပေးအပ်သည့် ကြီးမားသော တာဝန်များကို အလေးအနက်တာဝန်ယူထမ်းရွက်နေစဉ်ကပင် မေဃဝတီဆရာတော်ကြီးကို အနီးကပ်ဆည်းကပ် ကြည်ညိုခဲ့ပြီး ဆရာတော်ကြီး၏ လမ်းညွှန်ပြသ ဆိုဆုံးမ ဩဝါဒတို့ကိုလည်း တစ်သဝေမတိမ်း လိုက်နာကျင့်သုံးခဲ့ပါသည်။

စာရေးသူ စတင်ရောက်ရှိခဲ့စဉ်က ဤမေဃဝတီကျောင်းတိုက်၏တည်နေရာသည် လူနေရပ်ကွက်နှင့် မနီးမဝေးသောနေရာ၌ရှိပြီး လမ်း များလည်း မကောင်းသေးပါ။ ရွှံ့နွံဗွက် အလွန် ထူထပ်ပြီး သစ်ပင်ချုံနွယ်ပိတ်ပေါင်းများ ဝန်းရံနေ ၍ လူသူအသွားအလာနည်းကာ ဆရာတော် တစ်ပါးတည်း ဧကစာရီကျင့်ပြီး ဓုတင်တောရ ဆောက်တည်နေထိုင်သောအချိန်ကာလပင် ဖြစ် သည်။ စာရေးသူအနေဖြင့်လည်း အခက်အခဲနှင့် ကြုံတိုင်း ဆရာတော်ကြီးထံသို့ လာရောက် လျှောက်ထားပြီး အကူအညီများ အကြိမ်ကြိမ် တောင်းခံလျှောက်ထားခဲ့ဖူးပါသည်။ အမြဲဆိုသလို မကြာခဏ ဩဝါဒခံကာ အနီးကပ်ကြည်ညိုခဲ့ သည့်အခါတွင် ဆရာတော်ကြီး၏သီလ၊ သမာဓိ၊ ပညာစသော သိက္ခာသုံးရပ်၊ ဂုဏ်သုံးထပ်၏ ထူးခြားသောစွမ်းရည်များကို မျက်မြင်ကိုယ်တွေ့ ဖူးမြင်ခဲ့ရလေသည်ဖြစ်ရာ တစ်ခါတစ်ရံ၌ လူသာမန်တို့ကို ပြောပြလျှင် မယုံကြည်နိုင် လောက်အောင် ဆန်းကြယ်အံ့ဩဖွယ်ကောင်း သော ဖြစ်ရပ်များကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရပေ သည်။

စာရေးသူအနေဖြင့် တပ်မတော်၌ နိုင်ငံ့ တာဝန် ထမ်းဆောင်စဉ်ကာလဖြစ်သော ၁၉၉၂ ခုနှစ်၌ တပ်မ (၁၁) ရဲမွန်တပ်မြို့ရှိ ခမရ (၂၁၄) တပ်ရင်းတွင် ဗိုလ်မှူးဘဝဖြင့် ယာယီတပ်ရင်းမှူး တာဝန် ထမ်းဆောင်နေစဉ် သွားလာရန် ခက်ခဲ သော မေဃဝတီကျောင်းတိုက်ကြီး တည်ရှိရာ၌ (ဘေးမဲ့ကျောင်း)ဟု ဆရာတော်ကြီး အမည်ပေး ထားသောသစ်သားကျောင်းငယ်လေးတစ်ကျောင်း သာ ရှိပြီး ပရိက္ခရာ သပိတ် သင်္ကန်းနှင့်တကွ ဆရာတော်ကြီး တစ်ပါးတည်း သီတင်းသုံးနေ သည်ကို ကိုယ်တိုင်သွားရောက် ကြည်ညိုခဲ့ပါသည်။

စာရေးသူသည် ခမရ (၂၁၄) ရဲမွန်တပ်မြို့က တစ်ဆင့် ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံ အခြေချ စစ်ဗျူဟာသို့ ပြောင်းရွှေ့ပြီး စစ်ဗျူဟာမှူး တာ ဝန်ဖြင့် ၁၉၉၅ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် စစ်ဒေသမှူးတာ ဝန်ဖြင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ခဲ့ရပြီး အထူး လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ်ကာလနှင့် ၁၉၉၇ ခုနှစ်တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၌ ဗိုလ်မှူးချုပ်ရာထူးဖြင့် ဒုတိယတိုင်းမှူးတာဝန်ကို ပြောင်းရွှေ့ထမ်းဆောင်ရသည့်အခါများတွင် ဆရာ တော်ကြီးထံသို့ မကြာခဏ သွားရောက် လှူဒါန်း ပူဇော် ဖူးမြော်ကြည်ညိုခဲ့သည့်အပြင် မိမိ လက် အောက်ငယ်သား တပ်မတော်သား တပည့် ရဲဘော်များကိုလည်း ဆရာတော်ကြီး၏အနီး၌ ဝတ်ကြီးဝတ်ငယ် ဝေယျာဝစ္စတို့ကို အလုပ်ကျွေး ပြုစေကာ ကုသိုလ်ထူးများကို ရယူစေခဲ့ပါသည်။ နောက်ပိုင်းတွင် စစ်ရာထူးချုပ်ခန့် ဒုတိယဗိုလ်မှူး ကြီးတာဝန်ထမ်းဆောင်စဉ်တွင်လည်း ဆရာတော် ကြီးထံ မကြာခဏလာရောက်ဖူးမြော်ခဲ့ပါသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးတာဝန် ယူနေစဉ်ကာလတွင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အဓိကထားဆောင်ရွက်ရသည်ဖြစ် ရာ ထိုစဉ်က ယခု နေပြည်တော်မပေါ်ပေါက်သေး ပါ။ မြန်မာနိုင်ငံ၏မြို့တော်သည် ရန်ကုန်မြို့ ဖြစ် ၍ ရန်ကုန်နေပြည်တော်ဟု ခေါ်ဝေါ်သုံးစွဲနေသော အချိန်ကာလပင် ဖြစ်သည်။ နိုင်ငံတော် အကြီး အကဲများ အခြေချနေထိုင်ရာ ဖြစ်ပြီး အစိုးရ ဝန်ကြီးဌာနရုံးများ တည်ရှိရာလည်းဖြစ်၍စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ဘက်စုံအရေးပါနေသော နေရာဌာနဖြစ်ပြီး နိုင်ငံတော်လုံခြုံရေး၏ ပင်မ သော့ချက်အဓိကနေရာလည်း ဖြစ်သည်။

ရန်ကုန် မြို့တော်တွင် နိုင်ငံတော်က တာဝန်ယူ ဦးဆောင် ကျင်းပသော အမျိုးသားအားကစားပွဲတော်၊ မြင်း ခင်းသဘင်နှင့် လှေသဘင်ပွဲတော်များ၊ မြန်မာ့ ရိုးရာ အဆိုအကအရေးအတီးပြိုင်ပွဲများ၊ မဟာ သင်္ကြန်ပွဲတော် ယခင်တော်လှန်ရေး ပန်းခြံ၊ ယခု တပ်မတော်ပန်းခြံတွင် ကျင်းပသော တပ်မတော် နေ့ စစ်ရေးပြအခမ်းအနားကြီးနှင့် ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းပါဝင်သော လူထုအစည်း အဝေးကြီးများ၊ လူထုလှုပ်ရှားမှု ပွဲလမ်းသဘင် များ အပါအဝင် စာတော်ပြန်ပွဲ၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော် ပွဲ စသော ဘာသာ သာသနာနှင့် သက်ဆိုင် သည့် ကြီးကျယ်ခမ်းနားလှသောပွဲလမ်းသဘင် များ အမြဲမပြတ် ကျင်းပရာနေရာလည်း ဖြစ်သည်။

ထိုအချိန်တွင် ရန်ကုန်မြို့၌ ရံဖန်ရံခါ မကြာ ခဏဆိုသလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ရာ တရုတ်ပြည် စွယ်တော်ြွကချီနေစဉ် ကမ္ဘာအေး ကုန်းမြေရှိ မဟာပါသဏလိုဏ်ဂူတော်ကြီးအပါ အဝင် ရေကစားမဏ္ဍပ်များတွင်လည်း ဗုံးပေါက် ကွဲမှုများ ဆက်တိုက် ကြုံတွေ့နေကြရသဖြင့် အများပြည်သူတို့ လုံခြုံရေးအရ ကျီးလန့်စာ စား အထိတ်တလန့်ဖြစ်နေချိန်မို့ ပြည်သူ့အသက် စည်းစိမ်လုံခြုံရေးအတွက် အထူးအလေးထား ဆောင်ရွက်နေရချိန်ဖြစ်သည်။

ထိုသို့ အခက်အခဲ အကျပ်အတည်း အရေးကိစ္စများနှင့် ကြုံတွေ့နေ ရချိန်တွင် ဆရာတော်ကြီးထံသို့ သွားရောက်၍ မေတ္တာဓာတ်ခံယူကာ အန္တရာယ်ကင်း ပရိတ် တော် ရေစင်များ ယူဆောင်ပြီး မီးသတ်ကားများ အတွင်းသို့ ရေစင်ရေသန့်များနှင့်ပွားယူပြီး ရန်ကုန်တိုင်းအတွင်း အရေးကြီးသည့် မြို့နယ် များကို အန္တရာယ်ကင်းစေရန် မြို့တွင်းမြို့ပြင် အရေးကြီးသည့်နေရာများ၌ ပရိတ်တော်ရေစင် များ ပက်ဖြန်းကာ ဘေးကင်းလုံခြုံအောင် ဆောင် ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ပြီးနောက်ပိုင်း ဆရာတော် ကြီး၏ မေတ္တာဓာတ်ကြောင့် ရန်ကုန်မြို့ကြီး လည်း ဘေးအန္တရာယ်များကင်းသော အေးချမ်း သာယာလာခဲ့သည်မှာ လက်တွေ့ အံ့ဩဖွယ်ရာ ပင် ဖြစ်သည်။ ၁၉၉၇ ခုနှစ်က ရန်ကုန်တိုင်း သံလျင်တံတားတွင် ဒလတပ်ရင်းမှ တပ်စိတ် ၁ စိတ်နှင့် ရဲတို့ လုံခြုံရေးယူနေစဉ်တွင် တံတား အနီး သွားလာခုတ်မောင်းနေသော စက်လှေများ အား စစ်ဆေးရာ မင်္သကာဖွယ်ရာ စက်လှေ ၁ စီးမှာ မောင်းနှင်၍ ထွက်ပြေးသွားခဲ့သည်။

ထိုသို့ မောင်းနှင်ထွက်ပြေးသွားသော စက်လှေအား ရေကျနေချိန်ဖြစ်၍ သဲသောင်ထွင်း၍ ဖြတ်လမ်း များမှ လိုက်လံရာ ထိုအချိန်တွင် မြစ်ရေတက် လာသောကြောင့် လိုက်လံ၍ ဖမ်းဆီးသော လူ များထဲမှ သုံးဦးမှာ သေဆုံးခဲ့ရပါသည်။ ကျန်လူ များအား အချိန်မီ ကယ်တင်လိုက်နိုင်သော်လည်း လုံခြုံရေးအတွက်ပေးထားသော ကာဘိုင်သေနတ် မှာ ရေထဲတွင် ပျောက်ဆုံးခဲ့ရသည်။ ထိုသို့ ပျောက်ဆုံးသွားသော သေနတ်အား တပ်မတော် ရေမှ ကျွမ်းကျင်ရေငုပ်သမားများ ရေအောက် ကြည့်မှန်ပြောင်းများဖြင့် ပိုက်စိပ်တိုက်၍ လိုက် လံရှာဖွေသော်လည်း မတွေ့ရှိခဲ့ရပါ။

ထိုအခါ တပ်ရင်းမှူးမှ ဒုတိုင်းမှူးထံသို့ သတင်းပို့တင်ပြ ခဲ့ရာ ထိုအချိန်တွင် သုဝဏ္ဏအားကစားပွဲရုံ(၁) တွင် အကယ်ဒမီပေးပွဲကျင်းပမည့်ရက်နှင့် နီးနေ သောကြောင့် စာရေးသူက မေဃဝတီဆရာတော် ကြီးထံ ဖုန်းဆက်၍ လျှောက်ထားခဲ့ပါသည်။ ထိုသို့လျှောက်ထားခဲ့ရာ ဆရာတော်ကြီးက ရေ စုန်မှာ မရှာဘဲ ရေဆန်မှာ ရှာဖွေရန် လမ်းညွှန် မိန့်ကြားခဲ့ပါသောကြောင့် ထိုအခါ စာရေးသူမှာ ထပ်မံ၍ ရှာဖွေခဲ့ရာ ၇ ရက်မြောက်နေ့တွင် မြစ် အောက်ရှိ သဲများ ဖုံးပြီး ထိပ်ဖျားပိုင်းသာ ပေါ်နေ သော ကာဘိုင်သေနတ်ကို ပြန်လည်တွေ့ရှိခဲ့ပါ သည်။ ထို့ကြောင့် ဆရာတော်ကြီး၏ သမာဓိ စွမ်းအားကို လေးစားဂုဏ်ယူကြည်ညိုမဆုံး ဖြစ်ခဲ့ ပါသည်။

ထို့ပြင် မှော်ဘီတိုက်နယ် အိုင်ကလောင် ဘောလယ်ကျွန်းရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း တွံတေး တပ်ရင်းမှူးမှ ဒုအရာခံဗိုလ် ဦးစီးသည့် တပ်စိတ် တစ်စိတ် လုံခြုံရေး တာဝန်ကျနေခဲ့ပါ သည်။ ထိုအချိန်တွင် တပ်သားနှစ်ဦး တစ်ဦးနှင့် တစ်ဦး ခိုက်ရန်ဒေါသဖြစ်ပွားခဲ့ရာတွင် မကျေနပ် သူမှ ကင်းစောင့်နေသော တပ်သား၏ G3 သေနတ်ကို ခိုးယူပြီး တစ်စချင်း ဖျက်ဆီးဖျောက် ဖျက်ခဲ့ပါသည်။ ထိုသို့ဖျောက်ဖျက်ခဲ့သော သေနတ်အား နည်းလမ်းမျိုးစုံသုံးပြီး ရှာဖွေသော် လည်း မတွေ့ရှိခဲ့ပါ။

ထို့ကြောင့် တာဝန်ကျ တပ် သားမှာ တာဝန်ပေါ့လျော့မှုဖြင့် အပြစ်ပေး အရေးယူခံရမည်ကို စိုးရိမ်ပူပန်နေပြီဖြစ်ရပါသော ကြောင့် မေဃဝတီဆရာတော်ကြီးထံသို့ တယ်လီ ဖုန်းဖြင့် ဆက်၍ လျှောက်ထားခဲ့ပါသည်။ ထိုအခါ ဆရာတော်ကြီးမှ ရေသိမ် (ရေထဲရှိ သိမ်) အနီး အနားတစ်ဝိုက်သို့  ရှာဖွေရန် မိန့်ကြားခဲ့ရာ သွားရောက်၍ ရှာဖွေရာတွင် တစ်နေရာချင်းစီမှာ တစ်စချင်း အပိုင်းပိုင်းပျက်နေသော G 3 သေနတ် အား တွေ့ရှိခဲ့၍ ထိုရဲဘော်မှာ အလွန်ပင် စိတ် ဒုက္ခရောက်ရာမှ စိတ်ချမ်းသာမှုကို ပြန်လည် ရရှိခဲ့ပါသည်။ ထို့ကြောင့် ဆရာတော်ကြီး ဂုဏ် ကျေးဇူးအနန္တကို လေးစားဂုဏ်ယူမဆုံး ဖြစ်ခဲ့ရ ပေသည်။

အံ့ဖွယ်လုံးစုံ မြတ်ဘုရားရွှေတိဂုံ

စာရေးသူအနေဖြင့် နိုင်ငံတော်အကြီးအကဲ များ၏ ဦးဆောင်လမ်းညွှန်မှုနှင့် ရန်ကုန်မြို့ သိင်္ဂုတ္တရကုန်းတော်ရှိ လေးဆူဓာတ်ပုံရွှေတိဂုံ စေတီတော်မြတ်ကြီးအား ဘက်စုံမွမ်းမံခြင်းနှင့် ရွှေစင်ရွှေသား ရွှေထီးတော်များအပါအဝင် စိန်ဖူး တော်၊ ငှက်မြတ်နားတော်တို့ကို ဆက်ကပ် တင် လှူဒါန်းပူဇော်ရာ၌ အခက်အခဲမရှိဘဲ ချောမွေ့ အောင်မြင်နိုင်ရေးအတွက် ဦးစီးဆောင်ရွက်ရန် တာဝန်ပေးအပ်သဖြင့် လုပ်ငန်းများ စီစဉ် ဆောင် ရွက်ရာ၌ ကြုံတွေ့ရသည့်အခက်အခဲများကို ဖြေ ရှင်းဆောင်ရွက်နိုင်ရန် မေဃဝတီ ဆရာတော် ကြီးထံ သွားရောက်လျှောက်ထားပြီး ဩဝါဒခံယူ ရန် စီစဉ်ဆောင်ရွက်ခဲ့ရာ အမှားအယွင်း အခက် အခဲများ မရှိဘဲ သုံးရက်ထီးတော် တင်လှူမှုနှင့် ပြီးပြည့်စုံအောင်မြင်ခြင်းသို့ ရောက်ခဲ့ရလေသည်။ ထိုအောင်မြင်မှုကြီးကို နောင်အခါ၌ ဥဒါန်းတွင် စေရန် ဆရာတော်ကြီး၏ မှာကြားချက်ဩဝါဒ ကို ရွှေတိဂုံစေတီမြတ်ဘုရားကြီး၏ ငှက်ပျောဖူး တွင် ရွှေစင်ရွှေလွှာ၌ ရေးထိုးထားသော ကမ္ပည်း မော်ကွန်းစာကို ဖော်ပြရလျှင်

ခရစ်သက္ကရာဇ် ၁၉၉၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်၊ မြန်မာသက္ကရာဇ် ၁၃၆၁ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊

ရွှေတိဂုံစေတီတော်မြတ်ကြီး

ရွှေင်္ထီးတော်တင်လှူပူဇော်ခြင်းနှင့် ပတ်သက် ၍ မေဃဝတီဆရာတော်ကြီး၏ မိန့်ကြားချက် – အေးရိပ်မြုံလေးဆူဓာတ်ပုံ မြတ်ဘုရား ရွှေတိဂုံ အောင်ပွဲတွေ အစုံစုံ

၁။       သံဃာတော်ဆရာတော်များသည် သာသနာ တော်ကို မိမိ၏အသက်နှင့် ထပ်တူထပ်မျှ ကြည်ညိုလေးစားအာရုံထားကြတော်မူကြ၍ သဒ္ဓါစေတနာမေတ္တာ ထားကြခြင်းသည် အကြောင်းတစ်ပါး

၂။       ဗုဒ္ဓဘာသာဖြစ်ကြသော မြန်မာပြည်နှင့်တကွ တစ်ကမ္ဘာလုံး၌ရှိကြသော လူသားတို့သည် ကြည်ညိုသဒ္ဓါစေတနာမေတ္တာထားကြခြင်း သည် အကြောင်းတစ်ပါး

၃။       ပြည်ပိုင်အစိုးရမင်းများသည် ကြည်ညို လေး စား အာရုံထားကာ ထက်သန်သော သဒ္ဓါ၊ ဖြောင့်မတ်သော စေတနာ၊ ပြင်းထန်သော ဇွဲ၊ လုံ့လ၊ ဝီရိယရှိခြင်းသည် အကြောင်း တစ်ပါး။

ယင်းအကြောင်းများကြောင့် လေးဆူဓာတ်ပုံ ရွှေတိဂုံမြတ်ဘုရားသည် ဗုဒ္ဓါဘိသေက ပူဇော်ပွဲ တော် အောင်မြင်ခြင်းသို့ ရောက်ပါသည်ဟု မှတ်တမ်း မော်ကွန်းရေးထိုးခဲ့လေသည်။

မင်းတုန်းမင်းတရားကြီးလက်ထက် လွန်ခဲ့ သော ၁၂၈ ခုနှစ်ကျော်တွင် ရွှေတိဂုံစေတီတော် မြတ်ကြီးအား ထီးတော်တင်လှူ ပူဇော်ပွဲကို ဆိုင်းကြိုးပြတ်၍ သုံးရက်နှင့် မပြီးပါ။ ၁၁ ရက် ပြုလုပ်ခဲ့ပါသည်။ စေတီတော်မြတ်ကြီး၏ ဉာဏ်တော်အမြင့်မှာ အထက်ပစ္စယံမှ ငှက်မြတ်နား တော်အထိ ၃၂၆ ပေ ရှိပါပေသည်။ ထိုအချိန် တွင် ထီးတော်တင်လှူရာတွင် လုပ်ကိုင်ဆောင် ရွက်ကြသော ရှမ်းလူမျိုး သုံးဦးမှာ ဘုရားကြီး၏ အပေါ်ဆိုင်းကြိုးပျက်ကျ၍ သေဆုံးခဲ့ရပါသည်ဟု မှတ်တမ်းများရှိပါသည်။ ယခုအခါတွင် ဆရာ တော်ကြီး၏ဂုဏ်ကျေးဇူးကြောင့် ထီးတော်တင် လှူပူဇော်ရာတွင် အခက်အခဲမရှိဘဲ အောင်မြင် ခြင်းသို့ ရောက်ရှိခဲ့ရပေသည်။

ထို့အတူ အဘယလာဘမုနိကျောက်တော် ကြီး ဘုရားပင့်ဆောင်ရေးတွင်လည်း ဆရာတော် ကြီး၏ဩဝါဒနှင့် မေတ္တာဓာတ်ကို ခံယူပြီး အောင် မြင်စွာ ပင့်ဆောင်ပူဇော်ခဲ့လေသည်။ ရန်ကုန်မြို့ တော် တော်လှန်ရေးပန်းခြံ၌ တပ်မတော်နေ့ အခမ်းအနားကြီးများ ပြုလုပ်နေစဉ်တွင်လည်း ဆရာတော်ကြီး၏ အန္တရာယ်ကင်းပရိတ် မေတ္တာ ရေစင်များ ပက်ဖြန်းပေးခြင်း၊ ပရိတ်ရေများ သောက်သုံးခြင်း၊ ပရိတ်တရား တိပ်ခွေများ ဖွင့်ပေးထားခြင်းစသော အန္တရာယ်ကင်း ပရိတ်တော် များဖြင့် အကာအကွယ် အရန်အတား ပြုကာ အစီအမံများကို ဆောင်ရွက်စေပြီး ဘေးကင်း လုံခြုံမှုအတွက် မေတ္တာရှေ့ထား ပရိတ်တော် စွမ်း အားဖြင့် စောင့်ရှောက်ကူညီတော်မူခဲ့သည်ကို လည်း ကျေးဇူးတင် ကြည်ညိုမဆုံး ဖြစ်ခဲ့ရ သည်။ မိုးတွင်းကာလ၌လည်း မိုးသည်းထန်စွာ ရွာနေချိန်မှာပင် အခမ်းအနားပွဲများ ကျင်းပနေ သည့် နေရာများ၌ မိုးလေကင်းလွတ်၍ အခက်အခဲ မရှိ ပြီးစီးအောင်မြင်အောင် မေတ္တာရှေ့ထား သမာဓိစွမ်းအားဖြင့် ကူညီဆောင်ရွက်ပေးခြင်းသည် အံ့ဖွယ်ဂုဏ်ရည်များပင် ဖြစ်သည်။

ဝိပဿနာ စွမ်းအင် အံ့မခန်းပင်

ဆရာတော်ကြီးသည် စာပေ ပရိယတ်၊ ပိဋ ကတ်တို့ကို နှံ့စပ်တော်မူသည်ဖြစ်၍ ဝိပòဿနာ ဆိုင်ရာ စာပေကျမ်းဂန်များကိုလည်း ရေးသားပြု စုခဲ့သည်။ ဆရာတော်ကြီးကိုယ်တိုင် သီလစင် ကြယ်သော ‘လဇ္ဇိ ပေသလ သိက္ခာ ကာမ’ဖြစ်၍ ဓုတင်ဆောက်တည် တောရပ်မှီကာ သမထ စွမ်း အား အခြေခံထားပြီး ဝိပဿနာမဂ်Óာဏ်ကို ထက်သန်သော သဒ္ဓါတရားဖြင့် ပွားများအား ထုတ်သည်ဖြစ်ရာ နိုင်ငံတော် အစိုးရက ဘွဲ့ တံဆိပ်တော်ဆက်ကပ်ရန် လျှောက်ထားလာ သည်ကို အပြီးတိုင် ငြင်းပယ်တော်မူခဲ့လေသည်။ သဒ္ဓါတရား လွန်ကဲသော ဒကာ၊ ဒကာမများ က ကျောင်းတိုက်ကြီးများ ဆောက်လုပ်လှူဒါန်း ရန် လျှောက်ထားလာသည်ကိုပင် ငြင်းပယ်ကာ သံဃာများသော စာသင်တိုက်ကြီးများသို့ သွား ရောက်လှူဒါန်းရန် မိန့်ကြားလေ့ရှိသည်။ အကူ အညီများ ပေးစရာရှိရင်လည်း အဖွဲ့အစည်းကို သာမက တစ်ဦးတစ်ယောက်က လာရောက် လျှောက်ထားသော ကိစ္စရပ်များကိုပင် ကူညီ ဆောင်ရွက်ပေးတတ်သည်။ ဆရာတော်ကြီးသည် လောဘသက္ကာရဖြင့် တဏှာရမက် လာဘ် လာဘအတွက်ကို စံတင်သတ်မှတ်ခြင်းကင်းကာ အရိယာသူတော်စင်တို့၏ နှလုံးသားတွင်သာ ကိန်းအောင်းနေတတ်သည်။ တပ်မက်မှုကင်း အလိုနည်းခြင်းဟု ဆိုအပ်သော အပ္ပိစ္ဆတာ ဂုဏ် နှင့် ပြည့်စုံထင်ရှားသော သာသနာ့ အာဇာနည် မထေရ်မြတ်ကြီးတစ်ပါးပင် ဖြစ်သည်။

တချို့သော အကြောင်းကိစ္စများပင် ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ နတ်မျက်စိ၊ နတ်နားကဲ့သို့ သိမြင်၍ ကြိုတင်မိန့်ကြားချက်များနှင့် အချို့သော ထူးခြား ဖြစ်စဉ်များသည် လူသာမန်တို့ပင် ယုံကြည်နိုင်ခဲ သော အကြောင်းအရာများကိုလည်း မကြာခဏ တွေ့ကြုံဖူးခဲ့သည်။ အထူးအားဖြင့် ဆရာတော် ကြီး ခန္ဓာဝန်ငြိမ်း နိဗ္ဗာန်ကိန်းပြီး နောက် တေဇော ဓာတ်ဖြင့် မီးပူဇော်ရာတွင် သရီယဓာတ်တော် များ ကြွင်းကျန်ခဲ့သည်မှာ ဝိပဿနာ စွမ်းအင် ကြောင့် အံ့မခန်းပင် ဖြစ်ရသည်ဟု ဆိုရပေလိမ့် မည်။ ဆရာတော် သီတင်းသုံးရာ ကျောင်းဝန်း အတွင်းရှိ သစ်ပင်များမှာလည်း အတိတ်နိမိတ်ထူးများ ပေါ်ထွက်လာသည်ကို မြင်တွေ့ရခြင်း မှာလည်း ဝိသေသထူးခြားလှသောဆရာတော် ကြီး၏ တန်ခိုးသိဒ္ဓိများပင်ဖြစ်သည်။

အရိယာသူတော်စင် မြတ်ထေရ်ရှင်

ကျေးဇူးတော်ရှင် မေဃဝတီဆရာတော်ကြီး သည် မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်းတွင် ဝိနည်းကို အလွန်လေးစားကြ၏။ စာပေ ပရိ ယတ်၊ ပိဋကတ်ကိုလည်း တတ်ကျွမ်းကြ၏။ လောကီအကြိုက်ဖြစ်သော ကခုန်၊ သီဆို၊ တီး မှုတ်ခြင်းများလည်း ကျောင်းတိုက်အတွင်း မပြု လုပ်ရန် တားမြစ်ကြ၏။ အချို့သော ဆရာတော် ကြီးများသည် တောရ ဆောက်တည်နေကြ၏။ ဤသို့ ကျင့်သုံးနေထိုင်ခြင်းသည် ဗုဒ္ဓဘုရားရှင် အလိုကျ အဆုံးအမနှင့်အညီ နေထိုင်ကြခြင်းဖြစ် ၏။ မြတ်စွာဘုရားရှင်လက်ထက်တော်တွင် အရှင် မဟာကဿပမထေရ်မြတ်ကြီးသည် ဓုတင် (၁၃) ပါးကို ဆောက်တည် ကျင့်ကြံနေထိုင်သဖြင့် အမြတ်ဆုံးဖြစ်သော ဧတဒဂ်ဘွဲ့ထူးကို ဘုရားရှင် က ချီးမြှင့်ပေးသနားတော်မူခဲ့၏။ အချို့သော ရဟန္တာပုဂ္ဂိုလ်တို့သည် အဘိဉာဏ် (၆) ပါး၊ သမာပတ် (၈) ပါးကို ရရှိကြ၍ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗ သောတစသော နတ်မျက်စိ၊ နတ်နားကဲ့သို့ မြင် နိုင်စွမ်း ရှိကြ၏။ ထေရာအပါဒါန်ပါဠိတော်တွင် အရှင်အနုရုဒ္ဓါမထေရ်သည် ဒိဗ္ဗစက္ခု၊ အဘိဉာဏ်ကို ရရှိသူ ဖြစ်၏။ မြတ်စွာဘုရားရှင်ပြီးလျှင် အရှင်သာရိပုတ္တရာသည် ပညာအကြီးဆုံးဖြစ်၍ အရှင်မောဂ္ဂလန်သည် တန်ခိုးအကြီးဆုံးဖြစ်၏။ ထိုသို့သော တန်ခိုးအဘိဉာဏ်တို့သည် ဆဋ္ဌာဘိည၊ တေဝိဇ္ဇ၊ ပဋိသမ္ဘိဒါပတ္တရဟန္တာ မထေရ် ကြီးများသာလျှင် သိမြင်ရရှိနိုင်ကြ၏။

မေဃဝတီ ဆရာတော်ဘုရားကြီးသည် လည်း အနီးကပ်ကြည်ညိုကြည့်လျှင် ထို ရဟန္တာ မထေရ်ကြီးများ ကျင့်သုံးနေထိုင်နည်းအတိုင်း ကျင့်ကြံပွားများနေသည်ကို တွေ့ရ၏။ လာဘ်လာ ဘ အပေါ်၌လည်း အလိုနည်းသော အပ္ပိစ္ဆတာ ဂုဏ်ကိုလည်း ကြည်ညိုဖူးတွေ့ရ၏။ မဟာပရိ နိဗ္ဗာနသုတ်တော်၌ မြတ်စွာဘုရားရှင်က အာမိသ နှင့် ဓမ္မပူဇော်မှု (၂)မျိုးတွင် ဓမ္မနှင့်ပူဇော်ခြင်း သည် အမြတ်ဆုံးဖြစ်သည်ဟု ဟောတော်မူ၏။ ဆရာတော်ကြီးသည် ဓမ္မာနု ဓမ္မပဋိပါတ် အကျင့် မြတ်ဖြင့် ဝိပဿနာ စာပေကျမ်းဂန်များလည်း ရေးသားတော်မူ၏။ ‘ဝိနယောနာမ ဗုဒ္ဓသာသ နဿအာယု’ဆိုသည့်အတိုင်း ဝတ်နည်းကို အသက်နှင့် ထပ်တူ အလွန်လေးစား၏။ ထို့ ကြောင့် ‘ဝိနယဂရုက’ဖြစ်တော်မူ၏။ လဇ္ဇီပေ သလ သိက္ခာကာမ၊ ပရိယတ္တိဝိသာရဒ၊ ပဋိပတ္တိ မာမကဂုဏ်နှင့် ပြည့်စုံ၏။ သာသနာတော်၏ အကျိုး၊ တပည့်ဒါယကာ၊ ဒါယိကာမတို့ အကျိုး ကိုလည်း သယ်ပိုးဆောင်ရွက်တော်မူသဖြင့် သာ သနဟိတဓရ ဝိသိဋ္ဌဂုဏ်နှင့်လည်း ပြည့်စုံတော် မူ၏။ အရညဝါသီ တောရပ်မှီကာ တောရ ဆောက်တည် သီတင်းသုံးနေထိုင်သဖြင့် သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာသုံးရပ်၊ ဂုဏ် သုံးထပ်နှင့် ပြည့်စုံတော်မူ၏။ အဘိဉာဉ်ရ မထေရ် ကြီးများကဲ့သို့ တွေ့ကြုံလတ္တံ့၊ ဖြစ်လတ္တံ့တို့ကို ကြိုတင်မိန့်ကြားလေ့ရှိ၏။

ထို့ကြောင့် အရိယာ သူတော်စင်နှလုံးသား ပိုင်ရှင်ဖြစ်၏။ ထူးခြား သော မေတ္တာတရား၏ အစွမ်းသတ္တိလည်း ရှိ တော်မူ၏။ လောကဓံတရားရှစ်ပါး၌လည်း တုန် လှုပ်ခြင်း မရှိ။ ပကတိတည်ငြိမ်အေးချမ်းတော်မူ ၏။ လူသာမန်တို့ အံ့ဩဖွယ်ရာစိတ်စွမ်းအားဖြင့် ပြည့်စုံသည့် အမြင်ဓာတ်၊ အကြားဓာတ်များရှိ၏။ တစ်ခါတစ်ရံ မိန့်ကြားထားချက်များသည် ကြို တင်သိမြင်နေသော သဘောသဘာဝကို ဆောင် ၏။ ဘေးအန္တရာယ်အခက်အခဲများကိုလည်း သစ္စာ၊ သမာဓိစွမ်းအားဖြင့် ဖယ်ရှားပေးနိုင်၏။ ထိုသို့သောအကြောင်းများကြောင့် ဝေနေယျတို့ကို ကယ်တင်ပေးသော အနန္တကျေးဇူးရှင်ဖြစ်၏။

သို့ဖြစ်ပေရာ စာရေးသူအနေဖြင့်လည်း ကောင်း အချို့သော ဒကာ၊ ဒကာမအရင်းအချာ များ ကိုယ်တိုင်သော်လည်းကောင်း မေဃဝတီ ဆရာတော်ဘုရားကြီး၏ ထူးခြားသော ဝိသေသ ဂုဏ်များကို ကိုယ်တွေ့ဖြစ်ရပ်ဆန်းများအနေဖြင့် ဖူးမြော်ကြည်ညိုခဲ့ကြရ၍သာ သာသနာတော်၌ တစ်သက်တစ်ခါတွင် ဖူးမြော်ကြုံတွေ့ရခဲသော အလွန်ထူးခြားသည့် ဂုဏ်ထူးပါကဋ ဝိသေသနှင့် ပြည့်စုံသည့် သာသနအာဇာနည်မဟာထေရ်မြတ် ကြီး ဖြစ်ပါကြောင်းနှင့် နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းအမှန်ကို ညွှန်ပြပေးနိုင်သော အရိ ယာနှလုံးသား စိတ်စွမ်းအားဖြင့် ကူညီကယ်တင် အနန္တကျေးဇူးရှင်ဟု  ကျေးဇူးဆပ် ဂုဏ်ပြုကာ သာသနာမော်ကွန်း၌ ဖော်ညွှန်းရေးထိုးခြင်း ပြု အပ်ပါသည်။

ဦးဓမ္မ