အလှူပေး သူဌေးဖြစ်

ကျွနု်ပ်တို့ ဗုဒ္ဓဘာသာအနွယ်ဝင် လူမျိုးအသီးသီးအဖို့ အလှူအတန်းပေးခြင်းအပေါ် လွန်စွာမှ မွေ့လျာ်တတ်ကြပါသည်။ တစ်မူးရလျှင် တစ်ပဲလှူတတ်ကြသည့် အလှူရဲသူများဟု ဆိုရလျှင်လည်း မမှားပေ။ အလှူပေး သူဋ္ဌေးဖြစ်ဟူ၍လည်း ခံယူတတ်ကြချေ၏။

ထိုသို့ အလှူအတန်းပြုကြရာဝယ် လောကီ၊ လောကုတ်နှစ်ဖြာသော အကျိုးတရားများ တိုးပွားဖြစ်တည်ကြရန်အတွက် မြန်မာ့ရိုးရာ လောကီပညာရပ်အတွက် တွက်ချက်၍ နေ့ကောင်းရက်သာများကို ရွေးချယ်တတ်ကြသည်မှာ အရိုးစွဲနေခဲ့ပါပြီ။ ဤ၌ အသက်အပိုင်းအခြားပေါ် မူတည်လျက် အလှူပေး သူဋ္ဌေးဖြစ်ကြစေရန် တွက်ချက်လှူဒါန်းသော နည်းပညာရပ်ကလေးတစ်ခုကို တင်ပြလိုပါသည်။ ယတြာပုရန်ကိုလည်း ဖော်ပြပါမည်။ စိတ်ကြည်လင် ချမ်းမြေ့ခြင်း၊ ငွေကြေးလာဘ်လာဘရွှင်လန်းခြင်း၊ ဘုန်းတန်ခိုးကြီးမား၍ အသက်ရှည်ခြင်းအကျိုးကို ခံစားရပါလိမ့်မည်။

လုပ်ဆောင်ရမည်မှာ

မိမိ၏ ရောက်ရှိဆဲ အသက်ကို တည်၍ ၈ ဖြင့်စားရပါမည်။ ထိုသို့ လုပ်ဆောင်ရာဝယ် အကြွင်းတွေ ရရှိလာပါမည်။

အကယ်တန္တု

  • တနင်္ဂနွေသားသမီးများ ၂ ကြွင်းရလျှင်လည်းကောင်း၊
  • တနင်္လာသားသမီးများ ၁ ကြွင်းရလျှင်သော်လည်းကောင်း၊
  • အင်္ဂါသားသမီးများ ၄ ကြွင်း ရလျှင်သော်လည်းကောင်း၊
  • ဗုဒ္ဓဟူးသားသမီးများ ၇ ကြွင်းရလျှင်လည်းကောင်း၊
  • ကြာသပတေး သားသမီးများ ၆ ကြွင်း ရလျှင်လည်းကောင်း

အဆိုပါ နှစ်သည့် အလှူပေး သူဋ္ဌေးဖြစ်မည့်ကိန်းသို့ ကျရောက်ပါသည်။

(အဆိုပါ အကြွင်းများ ရရှိလျှင် ဂြိုဟ်တိုင်အပြည့်ရှိသည့် ဘုရားစေတီပုထိုးထံ သွားရောက်ကာ တံခွန်လုံးကိုးလုံးစီအား ဂြိုဟ်တိုင်အပြည့်၌ ကပ်လှူရပါမည်။ အိမ်ရှိဘုရားအား နန်းကြီးသုပ်တစ်ပွဲ၊ ကံ့ကော်ညွန့်နှစ်ညွန့်၊ နှင်းဆီခုနစ်ပွင့်တို့ကို ကပ်လှူ ပူဇော်၍ လိုရာဆုကို တောင်းရပါမည်)

၎င်းယတြာကို လုပ်ဆောင်ပြီးသော် မိမိတို့ သမာအာဇီဝကျစွာ လုပ်ကိုင်ရှာဖွေ၍ရရှိလာသော ငွေကြေးတို့ဖြင့် သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းစေရာ နိဗ္ဗာန်ကို မျက်မှောက်ပြုကာ အလှူဒါနတို့ကို ပုဗ္ဗ၊ မုဉ္စ၊ ပရတည်းဟူသော စေတနာသုံးတန် ပြဋ္ဌာန်း လျက် ပြတ်သားစွာ လှူဒါန်းပါ။

အဆိုပါ အလှူဒါန၏ အကျိုးသည် သံသရာအတွက်လည်း အကျိုးရှိစေသလို မျက်မှောက်ပစ္စုပ္ပန်လည်း အလုပ်အကိုင်များ အဆင်ပြေချောမွေ့ခြင်း၊ ကြံစည်တိုင်း ပြီးမြောက်၍ အလိုရှိရာ တောင့်တရာတို့ ပြည့်စုံခြင်း၊ ပူပင်သောက မှန်သမျှတို့ ချုပ်ငြိမ်းကွယ်ပျောက်ခြင်း၊ အစရှိသဖြင့် ပြည့်စုံကြွယ်ဝမှုတို့ ရရှိစေနိုင်မည့်အကြောင်း တင်ပြလိုက်ရပါသည်။

မင်္ဂလာဦးရွှေအိုး