“ဆရာ ကျွန်တော့်ကို မှတ်မိလားဆရာ…” ဆိုသော နှုတ်ဆက်စကားသံကြားရာသို့ လှည့်ကြည့်လိုက်မိပါသည်။
“သြော်…. လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော့်ဆီမှာ ဗေဒင်လာမေးခဲ့တဲ့ တစ်ယောက်မို့လားဗျ …”
“ဟုတ်ပါတယ် …၊ ဆရာ မှတ်မိသားပဲဗျ။ ကျွန်တော်နာမည်က ထွန်းလင်းပါဆရာ …”
“ဟုတ်ကဲ့ ကိုထွန်းလင်း …၊ ခုက ဘာကိစ္စ ရှိလို့တုံးဗျ …”
“ကိစ္စရှိလို့ မဟုတ်ရပါဘူးဆရာ …၊ ဆရာ ကူညီလိုက်လို့ ကျွန်တော့်ကျောက်တွင်း အဆင်ပြေသွားတယ် …၊ အလုပ်မှာ မတော်တဆ အထိအခိုက် အသေအပျောက်လည်း မရှိတော့ဘူးဗျ …။ ဒါကြောင့် ဆရာ့ကို လာကန်တော့ရကြောင်းပါ ဆရာ၊ ကျေးဇူးလည်း အထူးတင်ကြောင်းပါဆရာ …”
နှုတ်မှတဖွဖွပြောနေသော ကိုထွန်းလင်း ဆိုသူ၏စကားကို နားထောင်ရင်း တလောက သူရောက်လာခဲ့သည်ကို သွား၍ သတိရနေမိပါသည်။
“ဆရာ … ကျွန်တော်က သူများလို ကျောက်တွင်းသူဌေးတော့ မဟုတ်ပါဘူး …။ သူများဆီကနေ ကျောက်တွင်းမြေလေး နည်းနည်းငှားရမ်းပြီး လုပ်ကိုင်နေတာပါဆရာ …။ အလုပ်မှာ အထိအခိုက် အသေအပျောက်လေးတွေများနေလို့ အန္တရာယ်တွေလည်းမရှိရအောင် …၊ တွင်းလည်း အဆင်ပြေအောင်မြင်အောင် ကူညီပါဆရာ …။ ကျွန်တော့်ကို ယတြာလေး လမ်းညွှန်ပေးပါဆရာ …”ဟု ပြောလာသဖြင့် ကျွန်တော်က –
“ကိုထွန်းလင်းရေ …၊ ရေတွင်းတူးတာ၊ ရေကန်တူးတာ၊ တာတမံဆည်မြောင်းကိစ္စတွေနဲ့ ရတနာတူးဖော်ရှာဖွေတဲ့အလုပ်မျိုးတွေမှာ မြေနဲ့ပတ်သက်ပြီး တွင်းပြိုတောင်ပြို အန္တရာယ်တွေက ကင်းဝေးစေဖို့အတွက်ဆိုရင် –
- ထမင်းဖြူ (၁)ပွဲ (နှမ်းဆီဆမ်းပါ)
- မုန့်နီ (၇) ခု
- မုန့်ဖြူ (၇) ခု
- အောင်အိုးထဲမှာ သပြေ၊ ကံ့ကော်၊ မြေစာ ညွန့်တွေ လှအောင်ထိုးပါ။
- ဖယောင်းတိုင် ၉ တိုင်၊
- အမွှေးတိုင် ၉ တိုင် (အဆင်သင့်ပြင်ထား)
- ဖယောင်းတိုင် ၃တိုင်၊
- အမွှေးတိုင် ၃ တိုင်ကို
ဘုရား တရား သံဃာအား ရည်စူးပြီး လှူပါ။ ပန်းတွေထိုးထားတဲ့ အောင်အိုးကိုလည်း ဘုရားရှင်အား ကပ်လှူပူဇော်။
ဖယောင်းတိုင် ၂ တိုင်နဲ့ အမွှေးတိုင် ၂ တိုင်ကိုတော့ တောပိုင်တောင်ပိုင်တွေကို ရည်မှန်းပြီး ပူဇော်ပါ။
ထမင်းဖြူနဲ့ မုန့်ဖြူ မုန့်နီတွေရယ်၊ ကျန် ဖယောင်းတိုင်နဲ့ အမွှေးတိုင်တွေရယ်ကို နဂါးမင်းကြီးအား ရည်စူးပြီး ကပ်လှူလိုက်ပါ …” ဟု ပြောပြခဲ့ခြင်း ဖြစ်ပါတော့သတည်း။ ။
(မှတ်ချက်။ ။ အဘမင်းသိင်္ခ၏ တပည့်တစ်ဦးဖြစ်သော နေပြည်တော်မှ ဆရာမဇင်ယုယနွေး မျှဝေပေးခဲ့သော ပညာတစ်ခန်းဖြစ်ပါကြောင်း ကျေးဇူးတင်စွာ မှတ်တမ်းတင်လိုက်ပါသည်။)
ဝဠာမိုးအောင် (အယူတော်မင်္ဂလာ)
