အမြင်မှန်ရသွားသော တန်ခိုးရှင်ကြီး

၁၂-၁၁-၂၀၁၈ ရက် မနက် ၃း၃၀ နာရီ အချိန်တွင် ဗုဒ္ဓဘာသာဝင် မဟုတ်သော အနက် ရောင်သင်္ကန်းနှင့် တန်ခိုးရှင်ကြီးတစ်ပါး ကြွရောက်လာပါတယ်။

ကျွန်ုပ်။ ။ တပည့်တော် ယခုကြွလာတဲ့ တန်ခိုးရှင်ကြီးကို ရိုသေစွာ ဦးခိုက်ကြိုဆိုပါတယ် ခင်ဗျား။ ကြွလာတဲ့အကျိုးအကြောင်း အမိန့်ရှိတော်မူ ပါခင်ဗျား။

အနက်ရောင်တန်ခိုးရှင်ကြီး။ ။ မင်းကို အရေးကြီးတဲ့ စကားမိန့်ကြားစရာရှိလို့ ကြွလာတာပါ။ အဲဒါက မင်းတို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သက် ပါတယ်။ မင်းတို့ဗုဒ္ဓဘာသာမှာ မှားယွင်းနေတဲ့ အချက် သုံးချက်ရှိတယ်။

၁။ လူတိုင်းကို မေတ္တာထားရမည်ဆိုတဲ့ အချက်၊

၂။ ဘဝသံသရာရှိတယ်ဆိုတဲ့အချက်၊

၃။ ကိုယ်လုပ်သမျှကုသိုလ်၊ အကုသိုလ်ဖြစ် တယ်ဆိုတဲ့အချက်၊

(၁) လူတိုင်းကို မေတ္တာထားရမည်ဆိုတဲ့ အချက် ရှင်းချင်တယ်။ ကိုယ့်အပေါ်မကောင်းတာ ပြုလုပ်လာတဲ့သူအပေါ် မေတ္တာထားရမည်ဆိုတာ မဖြစ်နိုင်ပါဘူး။

မေတ္တာထားခွင့်လွှတ်တယ်ဆိုလျှင်လည်း လူ တစ်သိန်းမှာ တစ်ယောက်လောက်ပဲ ရှားရှားပါးပါး ရှိနိုင်ပါမည်။ ဒါကြောင့် လူအများ မလိုက်နာတဲ့ ကိစ္စကို မေတ္တာထားဖို့ တိုက်တွန်းခြင်းဟာ လက်တွေ့ မကျပါဘူး။

(၂) ဘဝသံသရာရှိတယ်ဆိုတဲ့ အချက်။ ဒါလည်း လုံးဝမဖြစ်နိုင်ပါဘူး။ မိမိ အတိတ်ဘဝက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူပြောနိုင်သလဲ။ အတိတ်ဘဝက လူဖြစ်ခဲ့တယ်။ တိရစ္ဆာန်ဖြစ်ခဲ့တယ် ဆိုတာ ဘယ်သူမှ တိတိကျကျ အထောက်အထား နဲ့ မပြောနိုင်ပါဘူး။

(၃) ကိုယ်လုပ်သမျှ ကုသိုလ် အကုသိုလ် ဖြစ်တယ်ဆိုတဲ့အချက်။ ဥပမာ နွားတစ်ကောင်ကို သတ်တယ်ဆိုပါစို့။ နွားသတ်တော့ ဘာအကုသိုလ် ဖြစ်လဲ။ ဘယ်မှာဖြစ်လဲ။ သေသွားသည်အထိ ဘာ မကောင်းကျိုးမျှ မဖြစ်ပါဘူး။ ငါးဖမ်းအသက်မွေးဝမ်း ကြောင်းပြုတဲ့သူဆိုရင်လည်း အသက်ပေါင်းများစွာ  သတ်ရတဲ့အတွက် အကုသိုလ်တွေများစွာ ဖြစ်ရမှာ ပေါ့။ ဘာဖြစ်လဲ။ ဘာမှမဖြစ်ပါဘူး။

သူတစ်ပါး ပေးကမ်းကျွေးမွေးလှူဒါန်းသူ တွေလည်း ဘာကုသိုလ်ဖြစ်လဲ ကိုယ့်မှာ ကုန်သွား တာပဲ ရှိတယ်။ အကြိမ်ကြိမ်လှူ အကြိမ်ကြိမ် ကုန် သွားတာပဲ ရှိတယ်။ ကုသိုလ်ဆိုတာ ဘယ်မှာဖြစ်လဲ။ အဲဒါကြောင့် မင်းတို့ဗုဒ္ဓဘာသာမှာ လူတွေကို မှားတဲ့ အချက်တွေကို သွတ်သွင်းနေတယ်လို့ ပြောချင် တယ်။

နောက်တစ်ချက်လည်း ပြောချင်တယ်။ လူ တွေ ခေါင်းတုံးတွေတုံးပြီး အဝါရောင်သင်္ကန်းတွေ ဝတ်၊ သံဃာဆိုပြီး လူတွေကျွေးတာ စားတယ်။ လူတွေ ဆောက်ပေးတဲ့ ကျောင်းတွေမှာနေတယ်။ လူတွေထက် ဘာများထူးအောင် နေနိုင်လို့လဲ။ ပုတီး စိပ်၊ ထိုင်ပြီး မျက်လွှာလေးချ အသက်ရှူတာကို လိုက်မှတ်နေရုံနဲ့ ဘာဖြစ်မှာလဲ။ ငြိမ်ငြိမ်နေတာပဲရှိ တယ်။ လူတွေ ကျွေးမွေး လှူဒါန်းသူတွေအတွက် ဘာအကျိုးမှ မရပါဘူး။

နောက်တစ်ခု ပြောဦးမယ်။ မင်းက ဘုရားကို နေ့စဉ် ပန်း၊ ရေချမ်း၊ သစ်သီးတွေ ကပ်လှူနေတယ်။ မင်းက မရှိတဲ့ ဘုရားတွေကို စိတ်ကမှန်းပြီး ကပ်လှူ နေတာပဲ။ ဘုရားကပ်လှူတော့ ထမင်းတွေ ဟင်းတွေ အေးကုန်တာပဲရှိတယ်။ ပန်းတွေလည်း စွန့်ပစ်ရုံပဲရှိ တယ်။ မင်း ဘုရားဆောင်ထဲက ဘုရားရုပ်တုတွေ၊ အိမ်မှာ သူတို့က နေရာတစ်နေရာယူတာပဲရှိတယ်။ ဘာမှ မင်းကို အကျိုးမပြုပါဘူး။

ထိုသို့ အနက်ရောင်သင်္ကန်းနှင့် တန်ခိုးရှင်ကြီးက မိန့်ကြားနေစဉ် ရေညှိရောင်သင်္ကန်းနှင့် ဗုဒ္ဓ တန်ခိုးရှင်ကြီးတစ်ပါး ရုတ်တရက် ကြွရောက်တော်မူ လာပါတယ်။ အနက်ရောင် သင်္ကန်းနှင့် တန်ခိုးရှင် ကြီးက မိန့်ကြားနေတာတွေ ချက်ချင်း ရပ်သွားပါတယ်။ ဘုရားဆောင်အတွင်းက ဆင်းပေးပြီး ဘုရား ဆောင်အတွင်းရှိ ရေညှိရောင်သင်္ကန်းနှင့်ဗုဒ္ဓ တန်ခိုးရှင်ကြီး သီတင်းသုံးနေတာ တွေ့ရပါတယ်။

ကျွန်ုပ်။ ။ တပည့်တော် ကြွရောက်တော်မူလာတဲ့ ဗုဒ္ဓတန်ခိုးရှင်ကြီးကို ရိုသေဦးခိုက်ကန်တော့ပါတယ်ခင်ဗျား။ ကြွလာတဲ့ အကျိုးအကြောင်းကို အမိန့်ရှိတော်မူပါ ခင်ဗျား။

ဗုဒ္ဓတန်ခိုးရှင်ကြီး။ ။ ငါကိုယ်တော်မြတ် ဒကာကြီးဆီ ကြွလာတဲ့ အနက်ရောင် သင်္ကန်းနဲ့ တန်ခိုးရှင်ကြီးဆိုသော ပုဂ္ဂိုလ်နဲ့ ဆွေးနွေးချင်လို့ပါ။

ဒုဿီလ ကိုယ်တော်ကြီး … ကိုယ်တော်ကြီး ပြောဆိုနေတာတွေဟာ လူတွေကို အမှန်တရား မမြင်နိုင်အောင် ဟောပြောနေတာတွေ ဖြစ်တယ်။ ကိုယ်တော်ကြီး ဘယ်သူ့ဆီက နာခံလာတာလဲ။

နံပါတ်(၁) အချက်ဖြစ်တဲ့ လူတိုင်းကို မေတ္တာတရားထားရမည်ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး ရှင်းပြချင်တယ်။

လူတွေမှာ မိဘတွေက သားသမီးတွေအပေါ် ချစ်ခင်ကြတယ်။ မေတ္တာထားတယ်။ ညီအစ်ကို မောင်နှမချင်းလည်း မေတ္တာထားကြတယ်။ မေတ္တာထားတော့ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ရှိတယ်။ အေးချမ်းတဲ့ ချစ်ခင်တဲ့ ဆက်ဆံရေးတွေရှိကြတယ်။ မိသားစုဘဝဟာ သာယာတယ်။ ဒီလိုမိသားစုတွေ တစ်စုနဲ့တစ်စု၊ တစ်ဦးနဲ့တစ်ဦး စေတနာမေတ္တာထား ချစ်ခင်တော့ မသာယာမအေး ချမ်းဘူးလား။ ဒီလိုမိသားစုတွေ မြောက်မြားစွာ ဖြစ်လာတော့ အေးချမ်းတဲ့လူ့ဘဝအသိုက်အဝန်းကြီး ဖြစ်မလာဘူးလား။ လူတိုင်းလူတိုင်း တစ်ဦးနဲ့တစ်ဦး မေတ္တာတွေနဲ့ ဆက်ဆံပေါင်းသင်းကြရင် အေးချမ်း တဲ့ သာယာတဲ့ လူ့ဘဝကြီးဖြစ်လာမယ်။ မေတ္တာနဲ့ နေတဲ့ လူ့အဖွဲ့အစည်းနဲ့ မေတ္တာနဲ့ မနေတဲ့ လူ့အ ဖွဲ့အစည်း ဘယ်ဟာက သာယာမလဲ။ နောက် နံပါတ် (၂)အချက်ဖြစ်တဲ့ ဘဝသံသရာမရှိဘူးဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ရှင်းပြချင်တယ်။ သစ်ပင် တစ်ပင်နဲ့ ဥပမာပေးချင်တယ်။ သရက်ပင်ဟာ သရက်သီးသီး တယ်။ ဒီသရက်သီးစိုက်မှ နောက်ထပ် သရက်ပင် ပေါက်တယ်။ သရက်သီးမစိုက်ဘဲ သရက်ပင် မပေါက် ပါဘူး။

သတ္တဝါတွေမှာလည်း အထီးနဲ့အမ ပေါင်း ဖက်မှ သတ္တဝါအသစ်ကို မွေးဖွားဖြစ်ပေါ်ရတယ်။ ဖြစ်ပေါ်ရာမှာလည်း သတ္တဝါ အမျိုးအစားအလိုက် သတ္တဝါအသစ်ကို မွေးဖွားဖြစ်ပေါ်ရတယ်။ သတ္တဝါ ကျတော့ အသိဉာဏ်နဲ့ သွားလာ ကျက်စားရတော့ အသိဉာဏ်ဆိုတဲ့ နာမ်ဓာတ်ပါရှိရတယ်။ လူမှာရှိတဲ့ အသိဉာဏ်ဆိုတဲ့ နာမ်ဓာတ်ဟာ စိတ်နဲ့ပဲရှိတယ် ဆိုတာ သိနိုင်တယ်။ လက်တွေ့ကိုင်တွယ်ပြလို့ မရ ဘူး။ ဘဝတွေ ဘဝတွေ အသစ်အသစ်ဖြစ်ပေါ်ရာ မှာ ဒီနာမ်ဓာတ်ကပဲ ကူးပြောင်းသွားတယ်။ ရုပ်ခန္ဓာ    ကတော့ ဖြစ်ပျက်ပြီး ကျန်ရစ်တာပဲ။ ဒီနာမ်ဓာတ် ကပဲ ဘဝတွေ ဘဝတွေ ကျော်ဖြတ်ခဲ့တယ်။ ဒါ ကြောင့် ဘဝသံသရာရှိတယ်လို့ ဆိုခြင်းဖြစ်တယ်။

ခွေးတစ်ကောင်ရဲ့ ဘဝနဲ့ ရှင်းပြဦးမယ်။ တစ်ခါက ခွေးတစ်ကောင်ဟာ အခြားခွေးတွေကို နိုင်လိုမင်းထက် ပြုမူတယ်။ အစာစားရင် အခြား ခွေးတွေရဲ့ အစာကို ခြိမ်းခြောက်ရန်ပြုပြီး လုစား တယ်။ သူ့ကို ကျန်တဲ့ခွေးတွေက ကြောက်ကြရ တယ်။ သူ့ကို ကျန်တဲ့ခွေးတွေက ရှောင်ကြဉ်လာကြ တယ်။ တစ်ရက်ကြတော့ အဲဒီခွေး မမျှော်လင့်ဘဲ ချောက်တစ်ခုထဲ ကျသွားတယ်။ ချောက်ထဲကလည်း အပေါ်မတက်နိုင်ဘူး။ နောက်ဆုံး အစာငတ်ပြီး သေသွားတယ်။ အဲဒီခွေး နောက်ဘဝမှာလည်း ခွေး ပဲ ပြန်ဖြစ်တယ်။ ခွေးဖြစ်တော့ ခွေးပေါက်စဘဝ မှာ ယခင်ဘဝက အကျင့်အတိုင်းပဲ ကျန်တဲ့ခွေး တွေကို ဟောင်ချင်တယ်။ ရန်လုပ်ချင်တယ်။ ဒီ တစ်ခါကျတော့ ကျန်တဲ့ ခွေးတွေက သူ့ကိုပြန်ကိုက် ကြတယ်။ အဲဒီတော့ အဲဒီခွေးလေးဟာ ဒဏ်ရာ အနာတရတွေ ဖြစ်ရတယ်။ ဒီနေရာ ဒီခွေးလေး ကြည့်ပြီး အတိတ်ဘဝရှိတယ်ဆိုတာ ပြတယ်။ အနာဂတ်ဘဝ ရှိတယ်ဆိုတာလည်း ပြတယ်။

နောက်ထပ်ပြီး ကြက်တူရွေးနဲ့လည်း ထပ်ပြီး ဥပမာပေးချင်တယ်။ အိမ်ထောင်စုတစ်စုက ကြက် တူရွေးလေးတွေက ရွှေခဲရေလို့ခေါ်လျှင် “တော့ … တော့”လို့ထူးတာ သဘောကျပြီး ကြက်တူရွေးလေး နှစ်ကောင်ကို လှောင်အိမ်လေးနဲ့ မွေးထားတယ်။ အိမ်မိသားစုဝင်တွေရဲ့ အချစ်ကိုခံရပြီး ငှက်ပျောသီး သရက်သီး၊ ဩဇာသီးစတာတွေလည်း ကျွေးကြ တယ်။ ဒီအိမ်က လူတွေအပြင်က ပြန်လာရင်လည်း ကြက်တူရွေးလေး နှစ်ကောင်က တော့ …တော့နဲ့ ကြိုဆိုကြတယ်။ တစ်ရက်တော့ ကြက်တူရွေးလေး နှစ်ကောင် ညှော်မိပြီး သေသွားကြတယ်။ ဒီကြက်တူ ရွေး နှစ်ကောင်လုံးဟာ ကြက်တူရွေးပဲ ပြန်ဖြစ်ကြ တယ်။ သူတို့အရွယ်ရောက်တော့ သူတို့နေခဲ့တဲ့ အိမ် ကိုပဲ ပြန်လာကြတယ်။ အိမ်က လူတွေကလည်း သူတို့အိမ်က သေသွားတဲ့ ကြက်တူရွေးလေးတွေပဲ ဆိုပြီး လှောင်အိမ်လေးနဲ့ ပြန်မွေးကြတယ်။ အရင် ဘဝက ကြက်တူရွေးလေးတွေရဲ့ အကျင့်အတိုင်းပဲ စားတာ သောက်တာ၊ မိသားစုဝင်တွေ အပြင်က ပြန်လာလျှင် မှတ်မိပြီး နှုတ်ဆက်တာ၊ ကြက်တူရွေး လေးတွေ လက်ပေါ်တင်ပြီး ရပ်ရွာထဲ အလည်သွား ရာ လိုက်သွားတာတွေ ရှိပါတယ်။  ဒီလိုမှတ်မိနေတာ ဟာ ကြက်တူရွေးလေး နှစ်ကောင်ရဲ့ ဘဝမှာ ဘဝ ဟောင်းရှိခဲ့လို့သာ ယခုလိုမှတ်မိနေတာပါ။ ဒါကြောင့် သတ္တဝါတွေမှာ အတိတ်ဘဝ၊ အနာဂတ်ဘဝ ဘဝ သံသရာဆိုတာ ရှိပါတယ်။

တတိယအချက်ဖြစ်တဲ့ ကိုယ်လုပ်သမျှ ကုသိုလ် အကုသိုလ် ဖြစ်တယ်ဆိုတဲ့အချက် ရှင်းပြချင်တယ်။ လူတွေဟာ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်တယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ် တယ်။ တစ်ခါတုန်းက လူတစ်ယောက်ဟာ သူတစ်ပါး ပစ္စည်းကို ဓားပြတိုက်ယူတယ်။ လူတွေကို ပြန်ပေး ဆွဲပြီး ငွေတောင်းတယ်။   ပြန်ပေးဆွဲလို့ ခေါ်သွားတဲ့ အခါ ဘယ်ကိုခေါ်သွားမှန်းမသိအောင် မျက်စိကို အဝတ်နဲ့ စည်းပိတ်ပြီး ခေါ်သွားလေ့ရှိတယ်။ ဓားပြ တိုက် ပြန်ပေးဆွဲခံရသူတွေမှာ ဘဝတွေပျက်ကြရတယ်။ အဲဒီဓားပြ သေတော့ ငရဲကျတယ်။ ငရဲက လွတ်လို့ လူ့ဘဝပြန်ရောက်တဲ့အခါ သူတစ်ပါးပစ္စည်းတွေ ဆုံးရှုံးအောင်ပြုခဲ့တဲ့ မကောင်းမှုကြောင့် ပစ္စည်းဥစ္စာ ဆင်းရဲပြီး တောင်းစားရတဲ့ဘဝရောက်တယ်။ သူတစ်ပါးမျက်စိကို မမြင်ရအောင် အဝတ်နဲ့ ပိတ်ပြီးခေါ်ခဲ့တဲ့ ဝဋ်ကြောင့် သူတောင်းစားဘဝမှာလည်း မျက်မမြင်ဘဝနဲ့ တောင်းစားရတယ်။ အဲဒါ ဘယ်သူလဲဆိုလျှင် အသင်ကိုယ်တော်ကြီးပဲ လွန်ခဲ့တဲ့ လေးဘဝက အသင် ကိုယ်တော်ကြီးဟာ အဲဒီ မျက်မမြင်သူတောင်းစားဘဝ ရောက်ခဲ့တယ်။ ကိုယ် တော်မြတ်ကြီးတစ်ခါ တစ်ခါ ဝမ်းနည်းပြီး ငိုချင် စိတ်တွေဖြစ်တယ် မဟုတ်လား။ အဲဒီသူတောင်းစား ဘဝတုန်းက ဆင်းရဲလွန်း၊ ဒုက္ခရောက်လွန်းလို့ ရေဆာတာကိုတောင် ရေကို ဘယ်သွားသောက် ရမှန်း မသိလို့ ဝမ်းနည်းပြီး ငိုခဲ့တဲ့အကြိမ်တွေ မနည်း ကြုံခဲ့ရတယ်။

အနက်ရောင်တန်ခိုးရှင်ကြီး။ ။ တပည့်တော် အရှင်တန်ခိုးရှင်ကြီး ရှင်းပြလို့ အမြင်မှန်ရပါပြီ ဘုရား။  တပည့်တော်ကို အရှင်ဘုရားရဲ့ တပည့်အဖြစ် ဆုံးမ သွန်သင်တော်မူပါဘုရား။ တပည့်တော် သမထကျင့် ပြီး အတော်အသင့် အစွမ်းသိဒ္ဓိရှိတာကို အထင်မှားခဲ့ ပါတယ် ဘုရား။ တပည့်တော်အရှင်မြတ်ကို အရို အသေ မပြုခဲ့တာကို ခွင့်လွှတ်တော်မူပါ ဘုရား။  တပည့်တော်အား တန်ခိုးရှင်ကြီးနဲ့အတူ တပည့် အဖြစ် လိုက်ခွင့်ပြုတော်မူပါဘုရား။

မနက် ၅ နာရီတွင် ဗုဒ္ဓတန်ခိုးရှင်ကြီးနဲ့ တန်ခိုး ရှင်လို့ ခံယူထားတဲ့ ကိုယ်တော်ကြီးလည်း ပြန်ကြွသွားကြပါပြီ။

ကျွန်တော် လွန်ခဲ့တဲ့ နှစ်တွေက ကိုယ့် ကိုယ်ကို အထင်ကြီးပြီး တန်ခိုးရှင်လို့ ယုံကြည်နေကြတဲ့ပုဂ္ဂိုလ်တွေ မကြာခဏ တွေ့ဖူးပါတယ်။ ဒီတန်ခိုးရှင်ဆိုတာတွေက သမထအကျင့်နဲ့ကျင့်ပြီး ရခဲ့တဲ့ တန်ခိုးရှင်တွေပါ။ တန်ခိုးပါဝါ အဆင့်အမျိုး မျိုးရှိပါတယ်။ သံသရာက လွတ်မြောက်ပြီး နိဗ္ဗာန် ရောက်နိုင်တဲ့ တန်ခိုးရှင်တွေ မဟုတ်ပါဘူး။ ဗုဒ္ဓ ဘာသာမှာသာလျှင် နိဗ္ဗာန်ရောက်နိုင်တဲ့ ဝိပဿနာ ကျင့်စဉ်တွေ ရှိတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။

သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ …

ဆရာဝင်း(သာကီနွယ်)