ဝင်းဇော်(သုံးဆယ်)

သဗ္ဗသိဒ္ဓိ မင်္ဂလာ လာဘံ အဆောင် လူတိုင်းဆောင်

တစ်ပတ်တိတိ မပျက်မကွက်ပူဇော်ပြီး ဆုတောင်းရင် မကြာခင်မှာပဲ အဆင်ပြေလာစေတယ်။ ယုံကြည်ရင် ယုံကြည်သလောက် အကျိုးပေးတယ်။

တစ်နေ့သ၌ အဘိုးဆရာသိန်းသည် ငွေပြားပေါ်တွင် အောက်ပါ ခြောက်ထောင့်ကြယ်ကို သံစူးချွန်ဖြင့် စိတ်ရှည်လက်ရှည် ရေးဆွဲနေလေသည်။ ထို့နောက် ကြယ်၏ ထောင့်များတွင် ငွေဝင်စေ၊ လာဘ်ရွှင်စေဆိုသည့် ဆုတောင်းစာများကို ပေါ်လွင်အောင် ရေးသွင်းလေသည်။ ခြောက်ထောင့်ကြယ်၏ အလယ်တွင် အရဟံဂုဏ်တော်ကို အထွတ်တင်ထားလေသည်။ အရဟံဂုဏ်တော်ကို စက်ဝိုင်းဖြင့် ရံထားလေသည်။

သဗ္ဗသိဒ္ဓိ မင်္ဂလာ လာဘံ

အဘိုးဆရာသိန်းသည် ခြောက်ထောင့်ကြယ် ကို ရေးဆွဲရင်း နှုတ်မှ ငွေဝင်စေ၊ လာဘ်ရွှင်စေဟု ရွတ်ဆိုနေလေသည်။ ကျွန်တော်က အဘိုးဆရာသိန်း၏ ဘေးနားတွင်ထိုင်ကာ ကြည့်နေမိလေသည်။
“အဘိုး ဒါက ဘယ်လိုအဆောင်မျိုးလဲ”
“ဗေဒင်ဆရာ အဆက်ဆက်လက်ဆင့်ကမ်းပြီး ပညာအမွေပေးလာခဲ့ကြတဲ့ ဝိဇ္ဇာဓရသဗ္ဗသိဒ္ဓိ မင်္ဂလာ လာဘံ အဆောင်လို့ ခေါ်တယ်ကွယ့်။ တကယ်တော့ ဒါဟာ ဂမ္ဘီရအဆောင်တစ်မျိုးပဲ လူလေးရဲ့။ ရွှေပြား၊ ငွေပြား၊ ကြေးပြားတစ်ခုခုမှ ရေးဆွဲလို့ရတယ်။ ခြောက်ထောင့်ကြယ်ပေါ့။ အဲဒီ ခြောက်ထောင့်ကြယ်ကို ရေးဆွဲ၊ အလယ်မှာ အရဟံ ဂုဏ်တော်ကို တွတ်တင်ပြီးရင် ထောင့်ခြောက်ထောင့်မှာ ရေးသွင်းဖို့ မိမိဖြစ်ချင်တဲ့ စကားလုံးခြောက်လုံးကို စဉ်းစားရွေးချယ်ထားရမယ်။ ဥပမာကွာ စီးပွားရေး ကောင်းပါစေ၊ အလုပ်ကောင်းရပါစေ။ အင်တာဗျူး အောင်ပါစေ။ ဘေးရန်တွေ ကင်းပါစေ၊ အိမ်ထောင်ရေး သာယာစေ၊ စာမေးပွဲအောင်ပါစေ၊ ကျန်းမာရေး အားကောင်းပါစေ၊ သိဒ္ဓိဆောင်အောင်ပါစေ၊ ငွေရေးကြေးရေး အဆင်မပြေဖြစ်နေရင် ငွေဝင်စေ လာဘ်ရွှင်စေဆိုတဲ့ စကားခြောက်လုံးပေါ့”
“အဲဒီအဆောင်ကို ဘယ်လို သုံးရတာလဲ အဘိုး…”
“ကျန်းမာရေးမကောင်းတဲ့သူတွက ကျန်းမာရေးကောင်းလာဖို့ဆိုရင် အာယုအရပ်၊ အာယုဂြိုဟ်တိုင်မှာ ဒီအဆောင်ကို ပူဇော်ရမယ်…”
“ဘယ်လိုပူဇော်ရတာလဲ အဘိုး…”
“ပူဇော်ပုံက ဒီလိုကွ၊ အဆောင်ပုံကို ပန်းကန်ပြားတစ်ချပ်ထဲမှာ ထည့်ပြီး အပေါ်က ဖယောင်းတိုင်ထွန်းပြီး ပူဇော်ရတာ…”
“ငွေရေးကြေးရေး အဆင်မပြေရင်ကော အဘိုး…”
“ငွေရေးကြေးရေး အဆင်မပြေရင်၊ အိမ်ထောင်ရေးအဆင်မပြေရင် သီရိအရပ်က ဂြိုဟ်တိုင်မှာဖြစ်စေ ဘုရားမှာဖြစ်စေ ပူဇော်ရမယ်”
“ပညာရေး ကိစ္စဆိုရင်ကော အဘိုး…”
“တေဇအရပ်က ဂြိုဟ်တိုင်မှာဖြစ်စေ ဘုရားမှာဖြစ်စေ ပူဇော်ရမယ်…”
“ခုနစ်ရက်သားသမီးတွေရဲ့ ဂြိုဟ်တိုင်ရွေးနည်း အာယုအရပ်၊ တေဇအရပ်၊ သီရိအရပ်ကို လူလေးက ရေးပြစမ်းကွာ…”
ကျွန်တော်က ခုနစ်ရက်သားသမီးတို့၏ အာယုအရပ်၊ တေဇအရပ်၊ သီရိအရပ်တို့ကို ဇယားကွက်ချကာ အထက်တွင် ရေးပြလိုက်သည်။

ဂြိုဟ်တိုင်ရွေးနည်း

“မိမိရဲ့ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဂြိုဟ်တိုင်မှာ အဆောင်ပေါ်မှာ ဖယောင်းတိုင်တင်ထွန်းပြီး မီးပူဇော်နေတဲ့အချိန်မှာ အရဟံ သိဒ္ဓိကို ပုတီး ၉ ပတ် စိပ်ရမယ်။ အဲသလို တစ်ပတ်တိတိ မပျက်မကွက်ပူဇော်ပြီး ဆုတောင်းရင် မကြာခင်မှာပဲ အဆင်ပြေလာစေတယ်။ ယုံကြည်ရင် ယုံကြည်သလောက် အကျိုးပေးတယ်။ အဲဒီ အဆောင်ကို နေအိမ်တံခါးပေါက်ရဲ့ အပေါ်အလယ်တည့်တည့်မှာ ချိတ်ထားရင် မကောင်းတဲ့ဆိုးကျိုးတွေကို တားဆီးပေးတယ်။ ကဲ အဆောင်လည်း လုပ်ပြီးသွားပြီမို့ အဘိုးအနားယူလိုက်ဦးမယ်။”

အဘိုးဆရာသိန်းသည် ပက်လက်ကုလားထိုင်ပေါ်တွင် မျက်စိမှိတ်ပြီး အနားယူနေရာ ခဏအကြာတွင် အဘိုးဆရာသိန်း၏ အိပ်မောကျနေသံကို ကြားရလေတော့၏။

ဝင်းဇော်(သုံးဆယ်)