တစ်နေ့တွင် သွားလာရင်း သည်မြို့၌ နှစ်ပေါင်းများစွာ စက်ဘီးတစ်စီးဖြင့်၊ နောက်တော့ မော်တော်ဆိုင်ကယ်ဖြင့် သတင်းစာ၊ ဂျာနယ်များကို အိမ်တိုင်ရာရောက် လိုက်ပို့ရောင်းချသော မိတ်ဆွေနှင့် အမှတ်မထင်ဆုံတွေ့မိကြသည်။ “ဂျာနယ် မရောင်းတော့ဘူးလား”
“မရောင်းတော့ဘူးဆရာ။ အကြွေးကျတော့ ရှုံးတယ်။ သတင်းစာ၊ ဂျာနယ်သွားပို့ရင် အကြွေး မှတ်ခိုင်းတာဗျ။ အကြွေးသွားတောင်းရင် ပေးပြီးပြီဆိုပြီး ငြင်းကြတယ်။ ကြာတော့ စိတ်ပျက်လာပြီး မရောင်းတော့တာ”
“အခု ဘာအလုပ်လုပ်နေသလဲ”
“လက်တွန်းလှည်းလေးနဲ့ ထီရောင်းနေတယ်။ ဂျာနယ်ရောင်းတာထက်တော့ စိတ်ချမ်းသာ တယ်။ ကျွန်တော်က ဆရာ့ကို တွေ့ချင်နေတာ အခုတွေ့တာ အတော်ပဲ”
“ဘာ အကူအညီ လိုလည်း ပြောလေ”
“ဆရာ့ယတြာတွေက အတော်စွမ်းတယ်လို့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က ပြောလို့၊ အဲဒါ ဆရာ့ဆီက ယတြာတောင်းမလို့”
“စနေနံ ထီရောင်းကောင်းစေတဲ့ ယတြာပေါ့”
“ဟုတ်ပါတယ် ဆရာ။ ကျွန်တော်မိန်းမက ဆရာနဲ့တွေ့ရင် တောင်းဖို့မှာထားလို့”
“စနေနံ အရောင်းအဝယ်လုပ်ငန်းကို လုပ်ရင် ဆ၊ ခိုဏ ကြာသပတေးဂြိုဟ်ပိုင် ပန်း၊ ဖူး၊ ပွင့်ကို ကပ်လှူဒါန်းရမယ်လို့ ကျွန်တော့်အဘိုးက သင်ပေးသမျှ။ ကျွန်တော်က အဘိုး ဘယ်ပန်းကို လှူရမလဲလို့ မေးတာပေါ့။ ဒီတော့ အဘိုးက ခေမာရန်ဓာတ်ကျတဲ့ ကံ့ကော်၊ ကြာပန်း၊ ကြက်မောက်၊ ငုပန်း၊ ကွမ်းပန်းစတာတွေကို လှူနိုင်တယ်လို့ ပြောတယ်။ အဲဒီပန်းတွေထဲမှာ ရက်ကြာရှည်ခံတဲ့ ပန်းကတော့ ကွမ်းပန်းပဲဗျ။
အဲဒီကွမ်းပန်းကို ကပ်လှူတဲ့အခါ အထူး သတိထားရမယ့် အချက်ကိုလည်း မှတ်သားထားဦး၊ ကွမ်းပန်းကို ကပ်လှူတဲ့အခါမှာ ကက်ကင်းပြန်တဲ့ မှန်ကူ၊ မင်းကွတ်၊ ကြက်မော၊ မျောက်ငို လှူဖွယ် ပစ္စည်းတွေနဲ့ တွဲဖက် မလှူရဘူး။ ပြီးတော့ ပန်းကန်ထဲမှာ ထည့်ပြီးလည်း မလှူမိပါစေနဲ့။ အဲသလို လှူမိရင် မိတ်ပျက်ရန် ဖြစ်ကာ စနေနံပစ္စည်းက ရောင်းမထွက်တော့ဘူး။
စနေနံဖြစ်တဲ့ ထီး၊ ဖိနပ်၊ ဓား၊ ဓာတ်ပုံ၊ သေတ္တာ ရောင်းခဲ့ရင် ကွမ်းပန်းကတော့ အကောင်းဆုံးပဲ။ ကွမ်းပန်းရဖို့ဆိုတာက ကွမ်းသီးပင်က အဖူးရင့်ပြီး တင်တဲ့ကွမ်းဖူးကိုဝယ်၊ အကာအခွံကို ခွဲထုတ်တယ်။ ဖူးကင်းကလေးတွေနဲ့ နဂါးခေါင်းသဏ္ဌာန် ညှာတံလေးတွေနဲ့ ကွမ်းဖူးကိုရတယ်။ အဲဒီယတြာကို နေ့အလိုက် ကပ်လှူရမယ့်အချိန်တွေက – “ပြောပါဆရာ ကျွန်တော် လိုက်ရေးထားမယ်”
မိတ်ဆွေက အင်္ကျီ အိတ်ထဲမှ စာရွက်နှင့် ဘောလ်ပင်ကိုဆွဲထုတ်သည်။ ကျွန်တော်က မိတ်ဆွေနှင့် နေ့အလိုက် အချိန်ကို ပြောပြလိုက်တယ်။
- တနင်္ဂနွေ-နံနက် ၁၀ နာရီခွဲမှ ၁၂ နာရီအထိ
- တနင်္လာ-နံနက် ၆ နာရီမှ ၇ နာရီခွဲအထိ
- အင်္ဂါ-နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီခွဲ အထိ
- ဗုဒ္ဓဟူး-နံနက် ၇ နာရီခွဲမှ ၉ နာရီအထိ
- ကြာသပတေး-မွန်းလွဲ ၁ နာရီခွဲမှ ၃ နာရီအထိ
- သောကြာ-နံနက် ၉ နာရီမှ ၁၀ နာရီခွဲအထိ
- စနေ-ညနေ ၃ နာရီမှ ၄ နာရီခွဲအထိ
“ခင်ဗျားရဲ့ ထီရောင်းတဲ့လှည်းမှာ ပန်းအိုးနဲ့ကွမ်းပန်းကို ဗုဒ္ဓကိုလှူဒါန်းပါ၏ဘုရားလို့ ဆိုပြီး ကပ်လှူထား။ ကပ်လှူတဲ့နေ့အချိန်ကိုတော့ သတိထားပေါ့”
“ကျေးဇူးပါပဲဆရာ”